Chapter 47
Viewers 14k

Chapter 47 : ညီအစ်ကိုရင်းချာများထက် ပိုရင်းနှီးသော


သူမသည် ကိုယ်ခံပညာရပ်များကို စတင်သင်ယူခါစဖြစ်သောကြောင့် စွမ်းရည်သိပ်မရှိသေးပေ။ သူတို့နှင့်တိုက်ခိုက်ခဲ့စဥ်က သူမသည် အချိန်အများစုတွင် ရုန်းကန်ခဲ့ရသော်လည်း ဒဏ်ရာများများစားစား မရခဲ့ချေ။


အကယ်၍ ထိုအချိန်က သူမ ရှောင်တိမ်းသည်မှာ အနည်းငယ်သာ နောက်ကျသွားပါက လဲကျနေသူသည် သူမသာ ဖြစ်လိမ့်မည်ပင်။


လုကျားနှင့် သူမ၏ဝမ်းကွဲများ၏ အကျင့်စရိုက်အရ ကျင်းယွင်ကျောင်းသာ မြေပေါ် ခွေကျသွားပြီး မထနိုင်ပါက သူတို့သည် သူမအား ဆေးရုံကားခေါ်ပေးမည့်အစား စွန့်ပစ်သွားမည်မှာ အသေအချာပင်။


အပြင်ဘက်တွင် မိုးရွာတော့မည်ဖြစ်သည်။ မိုးမသည်းလျှင်တောင်မှ ၎င်းက သက်သေများကို ဆေးချပစ်ရန် လုံလောက်၏။ ထိုအချက်ကြောင့် သူမသည် ထိုနေရာတွင် လဲကျနေပြီး သွေးထွက်လွန်၍ သေသွားလျှင်တောင် မည်သူလုပ်မှန်း သိကြမည်မဟုတ်ပေ။


ထိုကဲ့သို့ တစ်ဖက်လူမှ သနားညှာတာမှုမရှိ ပြုမူရန် ဆုံးဖြတ်လိုက်မည်ကို သူမ စဥ်းစားမိပြီးဖြစ်၏။


သာ့ပြောင်ကော၏ စကားများထက် ကျင်းယွင်ကျောင်း၏ စကားများက ပို၍ ကျိုးကြောင်းဆီလျော်မှုရှိ၏။ လုကျားနှင့် အခြားသူများ၏ မျက်နှာများနှင့် ခန္ဓာကိုယ်များပေါ်တွင် မြင်သာသော ဒဏ်ရာများရှိ၏။ သို့သော် ကျင်းယွင်ကျောင်းတွင်လည်း ဒဏ်ရာ လက္ခဏာများရှိသည်၊ အထူးသဖြင့် သူမ၏ လက်မောင်းများတွင် ဖြစ်၏။


ယောက်ျားလေး လေးယောက်က မိန်းကလေးတစ်ယောက်နှင့် တိုက်ခိုက်သည်။ ပြဿနာရှာသူမှာ ဒုတိယတစ်ယောက် ဖြစ်မည်ဟု မထင်မိပေ။


“နင်က အရှက်မရှိ ကောက်ကျစ်တဲ့ မိန်းကလေးပဲ။ ငါ့တူလေးက ဒီလိုအခြေအနေဖြစ်နေတာတောင်မှ နင်က ဒီလိုစကားမျိုးတွေပြောနေသေးတယ်။ နင့်မိဘတွေက နင့်ကို သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်မထားဘူးလား။ နင်က နင်မလုပ်ပါဘူးလို့ ပြောတယ်။ နင်ပြောသလို နင်သာမလုပ်ရင် ဒါကို ဘယ်သူက လုပ်နိုင်မှာလဲ။ ငါ့သားက ဒါကို လုပ်ခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား။ အရာရှိကြီး၊ ကျွန်မရဲ့သားနဲ့ တူလေးက အမြဲတမ်း တတွဲတွဲနေကြတာပါ။ သူတိုက ညီအစ်ကိုအရင်းတွေထက်တောင် ပိုရင်းနှီးကြပါသေးတယ်”


အမျိုးသမီးကြီးက အော်ပြောလိုက်သည်။


‘ညီအစ်ကိုအရင်းတွေထက်တောင် ပိုရင်းနှီးတယ်’ ဘယ်လိုတောင် အံသြဖို့ကောင်းတဲ့ စကားလေးပါလိမ့်။ လိုအပ်နေတဲ့အချိန်မှာ ရဲတွေကို ခေါ်ခွင့်မပေးတာ ရှင့်သားပါနော်။


အကယ်၍ သူသာ ထိုအချိန်က အချိန်ဆွဲမနေခဲ့ပါလျှင် ဒဏ်ရာက ဆိုးဆိုးရွားရွား ဖြစ်လာမည် မဟုတ်ပေ။


သို့ရာတွင် ထိုအမျိုးသမီးကြီး၏ ယုံကြည်မှုအပြည့်နှင့်စကားများက သာ့ပြောင်ကော၏ မျက်နှာကို ဖြူဖတ်ဖြူလျော်ဖြစ်သွားစေသည်။ အခြားသူများက လုံးဝထိတ်လန့်နေသည့်ပုံဖြင့် သူတို့၏ခေါင်းများကိုငုံ၍ ကျုံ့ထားကြ၏။


“အရာရှိကြီး၊ ကျုပ်ရဲ့မြေးမလေးက ဘယ်တုန်းကမှ ကိုယ့်ဒုက္ခကိုယ်မရှာဖူးဘူး”


အမျိုးသမီးကြီး၏ စကားဆုံးသည်နှင့် ကန်စုန့်ပိုင်၏ အသံက သူတို့နောက်မှ ထွက်ပေါ်လာ၏။


ကျင်းယွင်ကျောင်းသည် သူ ဤကဲ့သို့ပြောလိုက်သည်ကို ကြားသည်နှင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။


သူမသည် သူမအပိုင် မွေးစားအဖိုးတစ်ယောက် ရထားသော်လည်း သူတို့သည် အချင်းချင်း အကြိမ်အနည်းငယ်သာ တွေ့ဖူး၏။ တစ်ယောက်အကြောင်းကိုလည်း တစ်ယောက် ကောင်းကောင်းမသိကြသေးဟု သူမ ယုံကြည်သည်။


သို့ရာတွင် သူမသည် ရဲစခန်းသို့ နှစ်ကြိမ်ရောက်ပြီးဖြစ်၏။ ပထမအကြိမ်တွင် ကန်စုန့်ပိုင်သည် စောဒက မတက်ဘဲ ကူညီပေးခဲ့သည်။ ယခုအချိန်တွင်လည်း တစ်ယောက် ဒဏ်ရာရ၍ သူမသည် လူသတ်မှုနှင့် တရားစွဲခံရနိုင်ကြောင်း သူသိသော်လည်း သူမကို ယုံကြည်ပေးရန် ရွေးခြယ်နေဆဲပင်။ ဤကဲ့သို့သော ကြင်နာမှုမျိုးကို သူမ၏ အဖိုးအရင်းပင် လုပ်ပေးနိုင်လိမ့်မည်မဟုတ်။


ကျင်းယွင်ကျောင်း၏ နှလုံးသားက ဝမ်းနည်းပူဆွေးနေ၏။ ကန်စုန့်ပိုင်သည်လည်း ထပ်တူပင်။


သူသည် ဤဆေးပညာတတ်ကျွမ်းသည့် မိန်းကလေးအား အမှန်တကယ်ပင် နှစ်သက်မိ၏။ ထိုသို့မဟုတ်ပါက သူသည် သူမအတွက် အကြိမ်ကြိမ် ရပ်တည်ပေးလိမ့်မည် မဟုတ်ပေ။


သူမသည် ဆယ့်ငါးနှစ်သာ ရှိသေး၏။ ဤကဲ့သို့ အချိန်တိုလေးအတွင်း သူမသည် ရဲစခန်းသို့ နှစ်ကြိမ်ရောက်ပြီးဖြစ်သည်။ သူမသည် အသက်ငယ်ငယ်လေးနှင့် လူအများ၏ သံသယများစွာကို ခံယူခဲ့ရပြီး အနာဂတ်တွင် သူမ၏ နေ့ရက်များကို မည်ကဲ့သို့ ရှင်သန်နေထိုင်သွားမည်မှန်း ဘယ်သူသိမည်နည်း။


သူမတွင် မိဘများမရှိတော့ပေ။ သူမ၏ အဖိုးတစ်ယောက်အနေနှင့် သူကသာ သူမကို မကူညီလျှင် သူမ၏ နေ့ရက်များသည် ပို၍ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလား။


“အဖိုး”


ကျင်းယွင်ကျောင်း မတ်တပ်ထရပ်လိုက်သည်။ ဤအသက်အရွယ်ကြီးနေပြီဖြစ်သော အဖိုးဖြစ်သူအား သူမ အလွန်ကျေးဇူးတင်မိ၏။ သူမ မျက်ရည်ထိန်းမထားနိုင်ခဲ့။


“ကလေး၊ မင်း မှားပြီး အစွပ်စွဲခံရတယ်ဆိုတာ အဖိုးသိတယ်။ ဘာမှမစိုးရိမ်နဲ့။ မင်း အပြစ်ကင်းနေသရွေ့ ဘယ်သူမှ မင်းကို ဘာမှမလုပ်နိုင်ဘူး။”


ကန်စုန့်ပိုင်က နှစ်သိမ့်လိုက်သည်။


“သူက အစွပ်စွဲခံရတယ်ဟုတ်လား။ ကျွန်မတို့ကလေးတွေ အရိုက်ခံထားရတာတွေကိုလည်း ကြည့်ပါဦး။ သာမန်ရိုက်ချက်နည်းနည်းဆို ဘာမှမဖြစ်ပေမယ့် အခု တစ်ယောက်က ဆေးရုံပေါ်မှာ လဲနေတာလေ”


ထိုစကားများလှသော မိန်းမကြီးက ပွစိပွစိပြောလိုက်၏။


“ကလေး၊ အဖိုးကိုပြောပြ။ အတိအကျ ဘာတွေဖြစ်ခဲ့သလဲ”


ကန်စုန့်ပိုင်က အနည်းငယ်အံသြနေသော်လည်း စိတ်ငြိမ်ငြိမ်ထား၍ ကျင်းယွင်ကျောင်းကို မေးလိုက်သည်။


ကျင်းယွင်ကျောင်းသည် အမှန်တရားအတိုင်း လိမ်ညာမှုမရှိဘဲ သူမ ကြုံတွေ့ခဲ့ရသမျှအားလုံးကို နောက်တစ်ကြိမ် ထပ်မံ၍ ပြောပြလိုက်၏။


သူမ၏ မှတ်ဥာဏ်မှာ အတော်လေးကောင်း၍ အစမှအဆုံးထိ စကားလုံးလေးတစ်လုံးမှပင် မကျန်သည်ပေ။ လုကျားနှင့် အခြားသူများ ပြောခဲ့လုပ်ခဲ့သမျှကို သူမက တစ်ခုမကျန် ပြန်ပြောပြလိုက်သည်။