Chapter 48 : ကျွန်တော် မလုပ်ခဲ့ပါဘူး
ကျင်းယွင်ကျောင်း၏ ရှင်းပြချက် ဆုံးသည်နှင့် လုကျားသည် အလွန်ထိတ်လန့်ကြောက်ရွံ့သွား၏၊ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။
သူမ၏ စကားများတွင် အလိမ်အညာတစ်ခွန်းမှ မပါသလို ဘာတစ်ခွန်းမှလည်း ပြောရန် မကျန်ခဲ့ပေ။ ဤကဲ့သို့ သာမန်မဟုတ်သော မှတ်မိနိုင်စွမ်းသည် လူများအား တကယ်ပင် ကြောက်ရွံ့သွားစေနိုင်သည်။
“ငါ နင့်ကို မယုံဘူး။ ဘာလို့ ငါ့သားက သူနဲ့ သိတောင်မသိတဲ့သူတစ်ယောက်ကို ချောင်ပိတ်ရမှာလဲ။ နင် မကောင်းတာ တစ်ခုခုလုပ်နေတာကို သူတို့မြင်သွားလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် သူတို့က နင့်ကို ဖြောင်းဖျတားမြစ်ဖို့ သွားခဲ့တာပဲ။ ဒါပေမယ့် နင်က နားမထောင်ဘဲ သူတို့ကိုပါ ရိုက်နှက်ခဲ့တာ”
အကယ်၍ ဤမိန်းကလေး ပြောသည်များကသာ အမှန်ဆိုပါက သူမသား၏ အနာဂတ် အဆုံးသတ်သွားလိမ့်မည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ သူမသည် ထိုအကြောင်းကို ဘယ်တော့မှ ယုံကြည်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သူမ၏ သားဖြစ်သည်။ သူ ဘယ်လိုလူမျိုးဆိုသည်အား သူမ အဘယ်ကြောင့် မသိဘဲ နေမည်နည်း။
“ရှင့်သားက အခြားသူအပေါ် ဘာလို့အပြစ်ပုံချတတ်သလဲ ဆိုတာ ကျွန်မ အခု သိသွားပြီ။ ရှင့်သားက ရှင့်ဆီကနေ သင်ထားတာပဲ။ ကောက်နေတဲ့ တုတ်တစ်ချောင်းမှာ ကောက်နေတဲ့ အရိပ်ပဲ ရှိမယ်”
ကျင်းယွင်ကျောင်းက အေးတိအေးစက်ကြည့်၍ ခပ်ရိုင်းရိုင်း ပြန်ဖြေလိုက်သည်။
“ဒီမိစ္ဆာမကတော့”
အမျိုးသမီးကြီးက တစ်ချက်အော်လိုက်ပြီး လက်မောင်းတစ်ဖက်ကို မြှောက်၍ သူမကို ခုန်အုပ်လိုက်၏။
ကျင်းယွင်ကျောင်းသည် ရိုးရိုးတန်းတန်းပင် တစ်ဖက်သို့ ညွှတ်ချလိုက်ပြီး တိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်ရာ ထိုအမျိုးသမီးကြီးသည် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
သူမ လဲကျသွားသည်ကို မြင်သောအခါ ကျင်းယွင်ကျောင်းက ခပ်အေးအေးပြောလာ၏။
“အရာရှိကြီး၊ တိုက်ခိုက်တဲ့သူက အန္တရာယ်ပြုဖို့ကြိုးစားလိုက်ပေမယ့် သူကိုယ်တိုင်ပဲ တကယ်ထိခိုက်တဲ့သူ ပြန်ဖြစ်သွားရတဲ့ မတော်တဆ ဖြစ်နိုင်ချေတွေလည်း မနည်းပါဘူး။ ရှင်လည်း မြင်လောက်မှာပါ”
“အဲဒီအပြင် ကျွန်မရဲ့အသက်က ငယ်ကောင်းငယ်နိုင်တယ်။ ဒါပေမယ့် အခြားသူတွေက ကျွန်မကို မှားယွင်စွပ်စွဲတာကိုတော့ ကျွန်မ ငြင်းပယ်ပါတယ်။ တစ်အချက်၊ ကျွန်မက သူတို့နဲ့ရန်ဖြစ်ဖို့ ဆန္ဒမရှိဘူး။ နှစ်အချက်၊ လက်ရှိဖြစ်ရပ်မှာ ကျွန်မရဲ့ လက်ဗွေရာ မရှိဘူး။ အဲဒီတော့ ကျွန်မပြောနိုင်တာက ဒီငှက်အုပ်စုရဲ့ ထွက်ဆိုချက်တွေအပေါ် မူတည်ပြီးတော့ ကျွန်မကို တရားခံ ဒါမှမဟုတ် လူသတ်သမားအဖြစ် ကောက်ချက်ချဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”
တစ်ဖက်အဖွဲ့တွင် လူဦးရေပိုများသည့် ကောင်းကွက်တစ်ခုရှိသော်လည််း သူတို့တွင် တိကျသည့် သက်သေအထောက်အထား မရှိပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ထိုစွပ်စွဲချက်ကို လက်ခံရန် ငြင်းပယ်နိုင်သည်။
သူမ၏ စကားလုံးများသည် ပီပြင်၍ ကျောက်ဆောင်ကဲ့သို့ ခိုင်မာလှသည်။ ဘေးမှ နားထောင်နေသူများသည်ပင် သူတို့နှလုံးသားအား ဓါးဖြင့် လွှာလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
“ခင်ဗျားပြောတဲ့အတိုင်းပဲနော်။ ခင်ဗျားတို့ဘက်က လူပိုများလို့ ခင်ဗျားတို့ အနိုင်ရမယ်လို့ တွေးနေတာလား။ ခင်ဗျားတို့ဘက်က လူတစ်ယောက် ဆေးရုံပေါ်မှာ လဲနေသေးတယ် မဟုတ်လား။ သူနိုးလာတဲ့အထိ စောင့်ကြတာပေါ့။ ပြီးရင် အမှန်တရားပေါ်လာမယ့် အချိန်ကို ကျုပ်ရေတွက်ပြီး စောင့်နေမယ်။”
ကန်စုန့်ပိုင်၏ ခံပြင်းဒေါသထွက်နေသော အသံ ထွက်ပေါ်လာသည်။
ယခုအချိန်တွင် နှစ်ဖက်လုံးက မည်မျှရှင်းပြရန် ကြိုးစားနေကြစေကာမူ အခြေအနေအမှန်ကို ပြောနိုင်ရန် ခက်ခဲသေး၏။
နှစ်ဖက်စလုံးက ဝန်ခံရန် ငြင်းဆိုနေကြပြီး ညလုံးပေါက် တစ်ယောက်နှင့်တစ်ယောက် မကျေမနပ်ကြည့်နေကြရင်း ဘာမှမတတ်နိုင်ဘဲ စောင့်နေကြရသည်။
နောက်တစ်နေ့ နေ့လယ်အစောပိုင်း၌ နောက်ဆုံးတွင် ဆေးရုံမှ ဖုန်းဆက်လာပြီး ခွဲစိတ်မှု အောင်မြင်ကြောင်း အကြောင်းကြားလာ၏။
“သူက သွေးတွေအများကြီး ဆုံးရှုံးထားရပြီး ကိုမာဝင်သွားတာလား”
ဖုန်းဖြေနေသော အမျိုးသမီးကြီးက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။ သူမသည် တစ်ဖက်ကိုပြန်မဖြေခင် ဒီဘက်ရှိ လူအနည်းငယ်ကို ကြည့်လိုက်ရင်း
“အခြေအနေက မရှင်းသေးဘူး။ အဲဒီမိန်းကလေးက ခုထိ ဝန်ခံဖို့ ငြင်းနေတုန်းပဲ။ လက်နက်ပေါ်မှာ သူ့ရဲ့လက်ဗွေရာမရှိဘူးလို့တောင် ပြောတယ်”
သူမ၏ အသံက ပိုတိုးသွားသဖြင့် ကျင်းယွင်ကျောင်း နားထောင်ရန် အနှောက်အယှက်ဖြစ်သွား၏။ သူတို့က မဟုတ်တဲ့စကားတွေကလွဲပြီး ဘာများပြောတတ်သေးလို့လဲ။
ထို “ကိုမာဝင်သည့်အခြေအနေ” ဆိုသည့် စကားကြောင့် လုကျားနှင့် သူမ၏ ဝမ်းကွဲများ၏ အမူအယာများမှာ အလွန်ဝမ်းသာသွားကြသည်။
သို့ရာတွင် ထိုအပျော်မှာ တိုတောင်းလှ၏။ အရာရှိသည် တည်ကြည်သော အမူအယာဖြင့် ဖုန်းခေါ်မှုတစ်ခုကို လက်ခံဖြေလိုက်သည်။ ဖုန်းပြောပြီးသောအခါ လုကျား၊ ကျင်းယွင်ကျောင်းနှင့် ကျန်သောသူများကို ကြည့်လိုက်သည့် သူ၏ အကြည့်မှာ အလွန်အမင်း လေးနက်နေ၏။
“ဒီမနက် ကျွန်တော့်ရဲ့လုပ်ကိုင်ဖော်ဖက်တွေထဲက တစ်ယောက်က သတင်းတစ်ခု လက်ခံရရှိခဲ့ပါတယ်။ မျက်နှာချင်းဆိုင်က တိုက်ခန်းမှာနေတဲ့သူတစ်ဦးက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို မြင်ခဲ့ပါတယ်တဲ့”
ရဲအရာရှိက အလယ်တွင် ခဏမျှရပ်လိုက်ပြီးနောက် ဆက်ပြော၏။
“မင်းတို့ကလေးတွေက ငယ်သေးတယ်ဆိုရင်တောင်မှ ဒီဖြစ်ရပ်ကို အတော်လေးဆိုးရွားတယ်။ မင်းတို့ အခုချိန် အခွင့်ကောင်းယူပြီး ကိုယ့်ကိုကိုယ် ဝန်ခံရမယ်။ မင်းတို့ ထပ်စောင့်နေမယ်ဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်”
ကျင်းယွင်ကျောင်း၏ အမူအယာမှာ မပြောင်းလဲပေ။
သို့ရာတွင် လုကျားနှင့် ကျန်သူများမှာ ချက်ချင်းပင် စက္ကူတစ်ရွက်လို ဖြူလျော်သွားကြသည်။
ရဲအရာရှိသည် ဤလူများ၏ အမူအယာကို အမြဲ အကဲခတ်နေ၏။ ယခု သူတို့၏ အမူအယာပြောင်းသွားသည်ကို မြင်လိုက်ရာ သူသည် ကိုယ်ပိုင်ကောက်ချက်တစ်ခုအား ချမိလိုက်တော့၏။
ဤကလေးများသည် ငယ်ရွယ်ကြသေးသည်။ အဖြစ်အပျက်အများကြီးကို ဖြတ်သန်းပြီးသည့်နောက်တွင် အချက်အလက်များကို လုံခြုံစွာ ဖုံးကွယ်ထားရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။
“အဲဒါ ကျွန်တော် မဟုတ်ဘူး”
ရုတ်တရက် တစ်ညလုံး စကားတစ်ခွန်းမှ မပြောခဲ့သော ဝမ်းကွဲအစ်ကိုများထဲမှ တစ်ယောက်က ကြောက်လန့်တကြား ထအော်လိုက်၏။
“အဲဒါ လုံးဝမတော်တဆပါ။ သာ့ပြောင်ကော လုပ်တာပါ။ သူ သတိမထားမိဘဲ ဖြစ်သွားတာ။ ကျွန်တော် အဲဒါနဲ့ ပတ်သတ်ပြီး ဘာမှ မလုပ်ခဲ့ပါဘူး”