Chapter 49 : အမှန်တရားထွက်ပေါ်လာခြင်း(၁)
ထိုသို့ပြောလိုက်သူမှာ လုကျား၏ ဝမ်းကွဲအစ်ကို အငယ်ဆုံးဖြစ်သည်။ သူသည် ဆယ့်ခုနစ်နှစ်သာ ရှိသေးရာ စိတ်ဓါတ်ကြံ့ခိုင်မှုမှာလည်း ပို၍ အားနည်းနေသေး၏။
တစ်ညလုံး စိတ်ဆင်းရဲဒုက္ခကြီးစွာဖြင့် ဖြတ်သန်းပြီးနောက် သူ၏ မျက်လုံးအကြည့်များမှာ အသက်မဲ့နေပြီဖြစ်သည်။ သူသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး ညိုမည်းနေသော ပန်ဒါမျက်လုံးများနှင့် ဖြစ်ကာ ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူ၏ ရှပ်အင်္ကျီလက်များသည်ပင် စိတ်လှုပ်ရှားမှုကြောင့် ဆွဲဆန့်၊ ဆွဲလိမ်ခံထားရပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသောကြောင့် တွ့န်လိမ်ကြေမွနေသည်။
ကျင်းယွင်ကျောင်းသည် သူ့အား အနည်းငယ် သနားနေမိ၏။ သူသည် တစ်ညလုံး ခေါင်းငိုက်စိုက်ချထားသောကြောင့် လည်ပင်းများပင် တောင့်တင်းနေသည်။
“ကျွန်တော်တို့ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး”
အငယ်ဆုံးဝမ်းကွဲအစ်ကိုသည် သူ၏ဘေးရှိ အမျိုးသမီးကြီးအား ကြည့်ရင်း ငို၍ပြောလိုက်၏။
“ကျားကျားက စိတ်ညစ်နေလို့ ကျွန်တော်တို့က သူ့ကို အားပေးချင်တာ။ ဒါကြောင့် သူ့ကို အနီးနားမှာရှိတဲ့ KTV တစ်ခုကို သီချင်းဆိုဖို့ခေါ်သွားမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ လမ်းမှာ ကျင်းယွင်ကျောင်းနဲ့ တွေ့လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမိခဲ့ဘူး။ သူက တစ်ယောက်တည်းဆိုတော့ ကျွန်တော်တို့လည်း သူ့ကို သင်ခန်းစာတစ်ခုလောက်ပေးဖို့ တွေးလိုက်တယ်။ သူ့ကို လမ်းကြားတစ်ခုထဲ ဆွဲခေါ်သွားပြီး တစ်ခုခုလုပ်ဖို့ ကြံရွယ်ခဲ့ပေမယ့် ကျွန်တော်တို့ သူ့ကို ရိုက်တောင် ရိုက်နိုင်မှာမဟုတ်ဘူးလို့ ထင်မထားမိခဲ့ဘူး။ အဲဒါနဲ့ သာ့ပြောင်ကောက ဒေါသထွက်သွားပြီး ကျောက်ခဲကို ကောက်လိုက်တာ။၊ ဒါပေမယ့် သူက ရှောင်လိုက်နိုင်တယ်။ အဆုံးမှာတော့ ကျောက်ခဲနဲ့အထုခံရတဲ့သူက စန်းပြောင်ကောဖြစ်သွားတယ်”
သူ၏ ငိုသံများမှာ ပြတ်တောင်းပြတ်တောင်းနှင့် မတည်မငြိမ်ဖြစ်နေသည်။ တစ်ညလုံးထိန်းချုပ်လာရပြီးသည့်နောက် သူ၏ အကြောက်တရားများမှာ ဆတိုးနှင့် ပေါက်ကွဲထွက်လာတော့၏။
“အဲဒါ အမှန်ပါပဲ။ အဲလိုဖြစ်သွားခဲ့တာပါ”
အခြားတစ်ဖက်ရှိ အမေ့ခံထားရသော အာ့ပြောင်ကော (ဒုတိယဝမ်းကွဲအစ်ကို) ကလည်း နီရဲသော မျက်လုံးများနှင့် ခေါင်းကို တဆိတ်ဆတ်ညိတ်၍ ထောက်ခံလာသည်။
“မင်းတို့ကောင်တွေ အဓိပ္ပါယ်မရှိ လျှောက််ပြောမနေနဲ့။ ဒါက ကျင်းယွင်ကျောင်း လုပ်ခဲ့တာကွ”
သာ့ပြောင်ကောက လျှပ်တပြက် မတ်တပ်ထရပ်လိုက်ပြီးနောက် အငယ်ဆုံး ဝမ်းကွဲအစ်ကို၏ နှာနုရိုးပေါ်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
သူ၏ နှာခေါင်းပေါက်မှ သွေးစီးကြောင်းနှစ်ခု စီးကျလာပြီး ခန္ဓာကိုယ်မှာလည်း တစ်ဖက်သို့ ယိုင်ကျသွားသည်။ အငယ်ဆုံးဝမ်းကွဲအစ်ကိုသည် ကြောက်လွန်းသဖြင့် ရှော့ခ်ရကာ သတိလစ်သွား၏။
ထိုသို့ဖြစ်ဖြစ်ချင်းတွင် ပတ်ဝန်းကျင်ရှိ ရဲအရာရှိများသည် ငုတ်တုပ်ထိုင်နေရင်း တန်းလန်း ကြောင်အ,နေကြသဖြင့် ဘာမှမလုပ်လိုက်နိုင်ပေ။ ထို့နောက် သူတို့သည် ချက်ချင်းပင် တရားခံအား ဖမ်းချုပ်ထားရန် ပြေးသွားကြ၏။
“အဲဒါ ကျွန်တော်မဟုတ်ဘူး။ အမေ ကျွန်တော်ကို ယုံကြည်ပေးပါ။ အဲဒါ ကျင်းယွင်ကျောင်းလုပ်တာ။ အကုန် သူလုပ်တာ။ ကျားကျား၊ ငါ့ကို သက်သေခံပေးစမ်း၊ ဒီကိစ္စမှာ ငါမပါဘူးလို့ သူတို့ကို ပြောပြလိုက်”
သာ့ပြောင်ကောသည် ယခုအချိန်တွင် လုံးဝရူးသွပ်နေပြီဖြစ်ကာ ထိတ်လန့်တုန်ယင်နေသော သားရိုင်းကောင်ကြီးတစ်ကောင်ကဲ့သို့ နာနာကျင်ကျင် အော်ဟစ်နေသည်။
လုကျားသည် ဆယ့်ငါးနှစ်ခန့်သာရှိသေးသည့် ကလေးတစ်ယောက်ဖြစ်ရာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို အဘယ်သို့ မြင်ဖူးလိမ့်မည်နည်း။
သူမသည် အငယ်ဆုံးအစ်ကို၏ စကားဆုံးသည်နှင့် သူတို့အားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။ သူမသည်လည်း ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
သူမသည် ဒူးထောက်ချလိုက်ပြီး မျက်နှာပေါ်တွင်လည်း မျက်ရည်များက အဆက်မပြတ် စီးကျလာကာ ရှိုက်ကြီးတငင် ငိုကြွေးမြည်တမ်းလိုက်သည်။
“သာ့ပြောင်ကောက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မတို့က ကျင်းယွင်ကျောင်းကို သင်ခန်းစာပေးချင်ရုံပါ။ ကျင်းယွင်ကျောင်းက ရှောင်လိုက်လို့သာ အရာအားလုံးက ဒီလိုဖြစ်လာခဲ့တာ”
“လုကျား၊ အရူးမ၊ နင်လည်း ပေါက်ကရတွေ လျှောက်ပြောနေတာပဲ၊ လျှောက်ပြောနေတာ”
သာ့ပြောင်ကော၏ ခြေတံများမှာ အမှန်တကယ်ပင် ရှည်လျားလှသည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖမ်းချုပ်၍ ဆွဲခေါ်သွားခံရသော်လည်း သူသည် ဒေါသတကြီးဖြင့် လုကျားအား တစ်ချက် ဆောင့်ကန်လိုက်နိုင်သေး၏။
သာ့ပြောင်ကောသာ ဒေါသထွက်နေခြင်း မဟုတ်ပဲ ထိုနေရာ၌ ရှိနေသော အဒေါ်သုံးယောက်ကလည်း သူတို့ကိုယ်တိုင် ရူးသွပ်သွားသကဲ့သို့ လုကျားအား မုန်းတီးစွာဖြင့် စိုက်ကြည့်နေကြသည်။
သူတို့ လုမိသားစုတွင် နောက်ဆုံးမျိုးဆက်၌ သားတစ်ယောက်သာ ထွန်းကားခဲ့၍ ၎င်းမှာ လုကျား၏ ဖခင်ဖြစ်သည်။ မမျှော်လင့်ဘဲ လုမိသားစု၏ သမီးလေးယောက်သည် လက်ထပ်ပြီးနောက် သားတစ်ယောက်စီ မွေးဖွားခဲ့ကြသော်လည်း လုကျား၏ ဖခင်မှာမူ သမီးတစ်ယောက်သာ ထွန်းကားခဲ့၏။
၎င်းမှာ ကရုဏာသက်ဖွယ်ရာဖြစ်သော်လည်း လုကျားသည် သူတို့မျိုးဆက်၏ တစ်ဦးတည်းသော မိန်းကလေးဖြစ်သောကြောင့် အတော်လေး ဦးစားပေးခံရသည်။ သူမသည် အခြားသူများထက် ပို၍အချစ်ခံရကာ ပို၍လည်း အလိုလိုက်ခံရ၏။ သို့သော် သူတို့အားလုံးက အချစ်ခံလေးဟု သတ်မှတ်ထားသော ကလေးသည် သူတို့ဆီသို့ ကြီးမားသော ဒုက္ခဆိုးကြီးကို ဆောင်ယူလာမည်ဟု မည်သူက သိခဲ့ပါမည်နည်း။
ယခုအချိန်တွင် ဒဏ်ရာရထားသော စန်းပြောင်ကော၏ မိဘများလည်း အလျင်စလို ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့ ရောက်ရောက်ချင်းမှာပင် ဤမြင်ကွင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံလိုက်ရ၏။
“ကျားကျား၊ ငါတို့ မင်းအပေါ် အမှားမလုပ်ဖူးပါဘူး။ မင်းက ငါတို့ကို ဘာကြောင့် ဒီလိုလုပ်နိုင်ရတာလဲ”
ငိုသံများထွက်ပေါ်လာသည်။
ကျင်းယွင်ကျောင်းလည်း သက်ပြင်းတစ်ချက်ချလိုက်၏။ သနားစရာကောင်းတာလား၊ သူမတော့ ဘာမှမခံစားရပေ။
အားလုံးနှင့် နှိုင်းယှဥ်လိုက်လျှင် သူမသည် အတည်ငြိမ်ဆုံးနှင့် အိန္ဒြေအရဆုံးသူဖြစ်၏။ အချို့သူများသည် ဝမ်းနည်းနေသောအခါ တစ်စုံတစ်ယောက်က သူတို့အား ကြည့်လိုက်သည်နှင့် သနားလာအောင် လုပ်ဆောင်တတ်ကြသည်။ သို့သော် သူတို့မုန်းတီးလာလျှင်မူ သူတို့သည် သူတို့သည် တစ်စုံတစ်ယောက်အား ပြန်ကိုက်မည့် ရန်လိုသော သားရဲကောင်အဖြစ်သို့ ပြောင်းသွားပေလိမ့်မည်။
စုံထောက်သည်လည်း စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းတစ်ချက် ချလိုက်သည်။
အမှန်တကယ်ပင် သူတို့အား မျက်နှာချင်းဆိုင် တိုက်ခန်းမှ စောင့်ကြည့်နေသူများ ရှိခဲ့သော်လည်း သူတို့သည် လုကျားနှင့် တခြားသူများက စတင်၍ ရန်စနေသည်ကိုသာ မြင်ခဲ့ကြခြင်းဖြစ်၏။ ကံမကောင်းစွာဖြင့် သူတို့ လမ်းကြားထဲသို့ ဝင်သွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များအား မည်သူမှ မမြင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် မှောင်လွန်းသောကြောင့်ပင်။ ထို့အပြင် သူတို့အားလုံးသည် လူငယ်ကလေးများဖြစ်ကြသဖြင့် ဤကဲ့သို့သော ကိစ္စမျိုးဖြစ်လာလိမ့်မည်ဟု မည်သူကမှ မထင်ခဲ့ကြ။
ထိုသို့ဖြစ်သော်လည်း မထင်မှတ်ဘဲ ကိစ္စတစ်ခုလုံး၏ အမှန်တရား ပေါ်ပေါက်သွားခဲ့သည်။