Extra 2 [END OF STORY]
ယောင်ယောင်123: [ကွမ်ကွမ်!]
ယောင်ယောင် 123: [နင်ရှိနေလား?]
ယောင်ယောင် 123: [မြန်မြန်ထွက်လာခဲ့!]
ချီရှင်းချန် ရေချိုးပြီးသည်နှင့် အိပ်ရာဝင်တော့မည်ပြုချိန်တွင် သူ၏ QQမှအသဲအသန်အော်သံကိုကြားလိုက်ရသည်။ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ခုတင်းခေါင်းရင်းကို မှီရုံသာ တတ်နိုင်သည်။
*ရဲ့ခုံးကျုံးတဲ့ရှင်းကွမ်:[ပြော]
(*ညဥ့်ကောင်းကင်ပေါ်က ကြယ်အလင်းတန်း)
ယောင်ယောင် 123: [သေစမ်း...လက်မှတ်တွေ ရောင်းကုန်သွားပြန်ပြီ...နင်လာမှာလား မလာဘူးလား]
ရဲ့ခုံးကျုံးတဲ့ရှင်းကွမ်: [ဘယ်မှာလဲ?]
ယောင်ယောင် 123:[အတွင်းပိုင်း၊ ပဉ္စမတန်း...လုံးဝလှတယ်]
"ယောင်ယောင်123" သည် ချီရှင်းချန်နှင့်ခင်သော စတေရှင်ကျဲကျဲဖြစ်သည်— လွန်ခဲ့သည့် သုံးနှစ်က သူ့ကို ဖုန်းခေါ်ပြီး မတော်တဆ ကားတိုက်မိစေခဲ့သူဖြစ်သည်။
သူမက တရားဝင်ဖန်ကလပ် နှင့် ရင်းနှီးသောကြောင့် ပိုင်ရဲ့က ဖျော်ဖြေပွဲကျင်းပသည်ဖြစ်စေ ၊ရသစုံရှိုးပွဲအတွက်ဖြစ်စေ လက်မှတ်များထုတ်တိုင်း ဖန်များအတွက် အဖွဲ့လိုက်ဝယ်ယူရန် စီစဉ်ပေးသည်။ သူမက ၎င်းထံမှ ငွေမရှာဘဲ၊ စျေးနှုန်းသည် သာမန်လက်မှတ်စျေးနှုန်းထက်ပင် နိမ့်ပါးခဲ့သည်။ သူမက ပိုင်ရဲ့ကို အားပေးရန်နှင့် သူမတို့ဆိုဒ်က ဖန်တွေကို အကျိုးပြုစေရန်အတွက် ယခုလို လုပ်ခဲ့ခြင်းဖြစ်၏။
နောက်ဆုံးမှာ သူမအကြိမ်ကြိမ် အဖန်ဖန် ရောင်းစားခံခဲ့ရသည်။ တစ်နည်းဆိုရသော် သူတို့က အဖွဲ့ဝယ်ယူမှုတွင် ပါဝင်ရန် နှုတ်ဖြင့် သဘောတူခဲ့သော်လည်း နောက်ဆုံးတွင် လက်မှတ်များကို မဝယ်ခဲ့ပေ။ယောင်ယောင် မည်မျှ စိတ်ဆိုးမည်ကို စိတ်ကူးကြည့်ရန် လွယ်ကူသည်။
သို့သော် ပိုင်ရဲ့က သူမ လက်မှတ်ရောင်းရမရောင်းရကို စိတ်ပူစရာမလိုပေ။အကြောင်းမှာ လက်မှတ်တိုင်းသည် စက္ကန့်ပိုင်းအတွင်း ကုန်သွားသောကြောင့်ဖြစ်သည်။ Weibo နှင့် သူမ၏ သူငယ်ချင်းအသိုင်းအဝိုင်းတွင် နေရာတိုင်းတွင် လက်မှတ်တောင်းရန် မက်ဆေ့ချ်များ ရှိသည်။ သူမအနေဖြင့် အချိန်မရွေး ရောင်းချနိုင်သည်။
သူမက သူမတို့ဆိုဒ်ကမဟုတ်သည့်အပြင်ကဖန်တွေကို ရောင်းရသည်အား မကြိုက်ရုံသာဖြစ်သည်။ ပထမအချက်မှာ အပြင်လူများသည် သူမတို့ဆိုဒ်၏အားပေးမှုထဲကို ပူးပေါင်းဆောင်ရွက်နိုင်မည်မဟုတ်ပေ။ဒုတိယအနေဖြင့် သူမက လက်မှတ်တွေကို ဘယ်တော့မှ ဈေးကြီးကြီးနှင့်မရောင်းပေ။
အကယ်၍ သူမက တစ်စုံတစ်ယောက်ကို မူရင်းဈေးဖြင့် ရောင်းချပြီး အခြားဖန်များထံ မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချပါက ၎င်းသည် အဖွဲ့လိုက်ဝယ်ယူမှုပြုလုပ်ရန်ဟူသော သူမ၏ မူလရည်ရွယ်ချက်ကို ဆန့်ကျင်သွားမည်ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် သူ့အသိမိတ်ဆွေများကို ဦးစွာမေးရသည်။
ပဉ္စမတန်းအကြောင်းကြားသောအခါ ချီရှင်းချန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဤနှစ်က ပိုင်ရဲ့၏ ဆယ်နှစ်ပြည့် ဖျော်ဖြေပွဲဖြစ်၏။ မူလက သူသွားရန်စီစဉ်ထားသော်လည်း ဒေသတွင်းပွဲမဟုတ်သောကြောင့် ပိုင်ရဲ့က သူအများကြီးအားစိုက်ထုတ်နေရမှာစိုး၍ မလာရန်အကြံပေးခဲ့သည်။
ပဉ္စမတန်းသည် စင်မြင့်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး ပိုင်ရဲ့အလွယ်တကူ ရှာမတွေ့နိုင်သည့် အနေအထားဖြစ်သည်။
ချီရှင်းချန် "ကောင်လေးစကား နားထောင်မယ်" နှင့် "idolကိုကြည့်မယ်" တို့ကြားမှာ နှစ်စက္ကန့်ကြာ ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်သည်။
[ဘယ်လောက်လဲ...ကျွန်တော် လွှဲပေးမယ်]
ယောင်ယောင်123: [ရပါတယ်ဟယ်... ဆုံတဲ့အခါကျမှ ပြောကြရအောင်]
သူတို့က ကြယ်ပွင့်တွေနောက်ကို ဆယ်နှစ်ကြာအောင် လိုက်နေခဲ့သည်။ ဖျော်ဖြေပွဲတွေမှာ တစ်ယောက်နှင့်တစ်ယောက် အကြိမ်အနည်းငယ်သာ တွေ့ဖူးကြပေမဲ့ ယောင်ယောင်နှင့်ချီရှင်းချန်တို့က အလွန်ရင်းနှီးပြီးသား သူငယ်ချင်းတွေဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြသည်။
ချီရှင်းချန်က ယောင်ယောင် သူ့ကို လိမ်လိမ့်မည်ဟုမတွေးခဲ့သလို ယောင်ယောင်ကလည်း ချီရှင်းချန်က သူ့စကားကို မတည်မှာကို မကြောက်ပါချေ။
ဤသည်မှာ ကြယ်ပွင့်များနောက်သို့လိုက်ခြင်း၏ ကျက်သရေဖြစ်နိုင်သည်။
၎င်းသည် ကမ္ဘာတစ်ဝှမ်းမှ သူစိမ်းများကို ဘုံအလင်းရောင်တစ်ခုနောက်သို့ လိုက်စေခြင်းဖြင့် မည်သည့်အကြောင်းမဆို ပြောဆိုနိုင်သည့် သူငယ်ချင်းကောင်းများ ဖြစ်လာစေနိုင်သည်။
.
ဖျော်ဖြေပွဲနေ့တွင် ချီရှင်းချန် မြန်နှုန်းမြင့်ရထားကိုမီရန် စောစောထခဲ့သည်။ ပွဲရုံသို့ မွန်းတည့်အချိန်၌ ရောက်ရှိခဲ့သည်။ သူက ယောင်ယောင်ကို ဖုန်းဆက်ပြီး နေ့လည်စာ အတူတူစားရန်ခေါ်လိုက်သည်။
ချိန်းထားသည့် စားသောက်ဆိုင်မှာ တွေ့ကြသည့်အခါ ယောင်ယောင်၏ ပထမဆုံးစကားက "သေစမ်း...နင်က အရမ်းကြီး ပေါ့ပေါ့ပါးပါး ဝတ်ထားတာပဲ"ဟူ၍ဖြစ်သည်။
ချီရှင်းချန် ခေါင်းငုံ့ကာ တီရှပ်နှင့် ဂျင်းဘောင်းဘီကို ကြည့်လိုက်သည်။
"ရပါတယ်...ပေါ့ပေါ့ပါးပါး ဝတ်ရတာ ပိုအဆင်ပြေတယ်"
"ဒါပေမဲ့ ဒီနေ့ ငါ့တို့လောင်ကုန်း နဲ့တွေ့ရမှာလေ"
ယောင်ယောင်က နှုတ်ခမ်းစူလိုက်သည်။
"အဆင်ပြေပါတယ်"
ချီရှင်းချန်က မျက်နှာတစ်ချက်မပျက်ဘဲ လိမ်လိုက်သည်။
"အဲဒါ ကျဲလောင်ကုန်းလေ...ကျွန်တော် သူ့ကို ဘယ်တုန်းကမှ အဲဒီလိုမခေါ်ဖူးဘူး"
ဤဆယ်နှစ်အတွင်းမှာ Weiboမှာပဲဖြစ်စေ၊ QQမှာပဲဖြစ်စေ ချီရှင်းချန် ပိုင်ရဲ့ကို "ရဲ့ကော"ဟု အမြဲခေါ်ခဲသည်။ ယောက်ျားလေးပရိသတ်တစ်ယောက်အတွက် တစ်ယောက်ယောက်ကို 'လောင်ကုန်း'ဟု ခေါ်သည်က ထူးဆန်းလွန်းသည်။
"… ကောင်းပြီ"
ယောင်ယောင်က အလွန်ဝန်လေးနေသောလေသံဖြင့်ဆိုသည်။
"နင်က ရုပ်ချောတော့ နင်ပြောသမျှ မှန်တယ်"
ယောင်ယောင်၏စတေရှင်က နေ့လယ် ၂ နာရီတွင် ထောက်ပံ့ရေးပစ္စည်းများ စတင်ပေးပို့မှာဖြစ်သည်။ နှစ်ယောက်သား အချိန်အကြာကြီး မနှောင့်နှေးဘဲ ရိုးရှင်းသော ကန်တုံအစားအစာကို စားခဲ့ကြသည်။တစ်နာရီခွဲလောက်မှာ မိန်းကလေးတချို့ ရောက်လာပြီး အကူအညီတောင်းသည်။ သူငယ်ချင်းနှင့်စတေရှင် အဖွဲ့ဝင်တစ်ဦးအနေဖြင့် ချီရှင်းချန် နဖူးစည်းစာတန်းများနှင့် ဆိုင်းဘုတ်များပါရှိသော သေတ္တာကို သဘာဝအတိုင်း ကောက်မခဲ့သည်။
"ချလိုက်..."
ယောင်ယောင်က ရုတ်တရက် ထအော်လိုက်သည်။
ချီရှင်းချန်: "?"
"နင်က နတ်သားလေးလေ... ဒီလိုလေးလံတဲ့အရာတွေကို ဘယ်လိုသယ်လို့ဖြစ်မှာလဲ... ဒီလိုညစ်ပတ်တဲ့အလုပ်ကို ငါတို့ပဲလုပ်ကြရအောင်"
ချီရှင်းချန်: "…"
ဒီနေ့ယောင်ယောင်က အရမ်းထူးဆန်းနေတယ်...
သို့ပေမဲ့ ချီရှင်းချန်က ၎င်းကို ကောက်မလိုက်ဆဲပါပင်။ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သူ့အနေဖြင့် မိန်းကလေးတစ်ယောက်ပင်ပင်ပန်းပန်းလုပ်ကိုင်နေသည်ကို မမြင်ရက်ပေ။
နေ့လည် ၂ နာရီတွင်စတေရှင်များနှင့် ထောက်ကူအဖွဲ့များအားလုံးသည် ၎င်းတို့နေရာယူထားသော နေရာများအလိုက် ထောက်ပံ့ရေးပစ္စည်းများ ဝေငှကြသည်။ယောင်ယောင်က ဗုဒ္ဓနှင့် ပိုတူသည်။ သူမယူထားသော နေရာက အစွန်းနှင့် အလွန်ဝေးသည်။
ဖန်အများအပြားရောက်လာသောအခါ ယောင်ယောင်၏စတေရှင်က လူအများဆုံးဖြစ်သည်။ သူမ အဆုတ်ကွဲအောင် အော်ဟစ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
"ထောက်ပံ့ရေးအထုပ်ကိုပြီးတဲ့သူတွေ မြန်မြန်ထွက်သွားကြ...ကောင်ချောလေးတွေကိုကြည့်နေတဲ့ ရုံရှေ့မှာ လာရပ်မနေနဲ့"
"ဝန်ထမ်းရဲ့အလုပ်က ဝန်ထမ်းလုပ်လိမ့်မယ်... ကောင်ချောလေးကို ဝေခိုင်းစရာလို့ သတ်မှတ်စရာမလိုဘူး"
"ကျွန်မတို့က အဖွဲ့လိုက် ဓာတ်ပုံဝန်ဆောင်မှုကို မပေးပါဘူးနော်... အဖွဲ့လိုက် ဓာတ်ပုံဝန်ဆောင်မှုကို မပေးပါဘူး... ကျွန်မကတို့က အဖွဲ့လိုက် ဓာတ်ပုံဝန်ဆောင်မှုကို မပေးပါဘူး.. အရေးကြီးတဲ့အရာတွေကို သုံးကြိမ် ပြောရမယ်"
"ဟေ့... နင်တို့ ရပြီးပြီမဟုတ်ဘူးလား... ဘာလို့ တန်းစီနေပြန်တာလဲ"
ချီရှင်းချန်က အသက်ရှင်နေသောဆိုင်းဘုတ်ကြီးအဖြစ်ရှိနေသဖြင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေခြင်းကို အပြီးသတ်ရန် ၎င်းတို့အတွက် အချိန်အတော်ကြာခဲ့ခြင်းမရှိပေ။ပွဲကအဖွင့်မရောက်မီ အချိန်အတချို့ကျန်သေးသည်။ အပြင်မှာ နေပူလွန်းသောကြောင့် ချီရှင်းချန် နှင့် ယောင်ယောင်တို့သည် အနီးနားရှိ ကော်ဖီဆိုင်သို့ သွားခဲ့သည်။
တစ်ခုခုမှာယူပြီးနောက်၊ယောင်ယောင်က ပြတင်းပေါက်အပြင်ဘက်ရှိ ငယ်ငယ်ရွယ်ရွယ် ကောင်လေးတွေနှင့်ကောင်မလေးတွေကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဆယ်နှစ်ရှိပြီပဲ"
"ဟုတ်တယ်... ဆယ်နှစ်ရှိပြီ"
ချီရှင်းချန် ယခင်အချိန်များကို ခဏလောက် ပြန်သတိရသွားသည်။
"ရဲ့ကော စစပွဲဦးထွက်ချင်းတုန်းကတော့ ကျွန်တော် အလယ်တန်းကျောင်းသားပဲ ရှိသေးတာ...အဲဒီတုန်းက ဘယ်တက္ကသိုလ်ကိုတက်ရမလဲ နေ့တိုင်း စဉ်းစားနေတာ...နောက်ဆုံးကျတော့ အခု တက္ကသိုလ်မှာ တစ်နှစ်လောက် စာပြန်သင်ပြီးနေပြီ"
လက်တွေ့ကမ္ဘာကို သူပြန်ရောက်သည်က သုံးနှစ်တိတိရှိပြီဖြစ်၏။
"ဒါဆို နင်က ငါ့ထက် အများကြီးငယ်တာပဲ...ငါက တက္ကသိုလ်မှာတုန်းက ရဲ့ကောရဲ့ဖန်ဖြစ်တာပဲ...သူက ငါ ဘွဲ့ရ၊အလုပ်၊လုပ် အိမ်ထောင်ပြု၊ ကလေးယူတဲ့အထိ လိုက်ပါအဖော်ပြခဲ့ပေမဲ့ သူကတော့ လုံးဝ ပြောင်းလဲသွားပုံမပေါ်ဘူး...သူက အဲဒီ့တုန်းကတိုင်း ဆယ်ကျောက်သက်လေးဖြစ်နေတုန်းပဲ"
ဟုတ်တယ်...ချီရှင်းချန်တွေးမိသည်။ စိတ်အားထက်သန်မှုနှင့် အိပ်မက်များသည် လူတစ်ယောက်ကို ထာဝရနုပျိုစေနိုင်သည်။
စန္ဒယားရှေ့မှာထိုင်ပြီး ငြိမ်သက်စွာသီချင်းဆိုနေသော ပိုင်ရဲ့၏ ပုံရိပ်က လွန်ခဲ့သော ဆယ်နှစ်လောက်ကတည်းက သူ့မှတ်ဉာဏ်၏ နက်ရှိုင်းသော နေရာမှာ ရေးထွင်းထားပြီးသားပင်။ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူ့နှလုံးသားထဲမှာ ပိုင်ရဲ့က အမြဲတမ်း သူ့ဆယ်ကျော်သက်လေး ဖြစ်နေမှာပင်။
လွန်ခဲ့သည့် ဆယ်နှစ်တာ အတွေ့အကြုံများကို ပြန်တွေးကြည့်မိခြင်းကြောင့် ဖြစ်နိုင်သည်၊သူတို့ နှစ်ယောက် တစ်ချိန်တည်း တိတ်ဆိတ်သွားကြသည်။ စားပွဲထိုးက ကော်ဖီလာပို့သည့်အခါ ယောင်ယောင်က တစ်ငုံသောက်လိုက်သည်။
"ကွမ်ကွမ်... ကြယ်ပွင့်တွေနောက် လိုက်တဲ့သူတွေကို ဦးနှောက်မဲ့တယ်လို့ လူတချို့က အမြဲပြောလေ့ရှိတယ်...နင်အဲလို ထင်လား"
ချီရှင်းချန်က လုံးဝတွန့်ဆုတ်မနေခဲ့ပေ။ "ရဲ့ကောကသာ ကျွန်တော့်ကို လမ်းပြမပေးခဲ့ရင် ကျွန်တော် အခုချိန် ဘယ်လိုဖြစ်နေမလဲ မသိဘူး"
"ငါရောပဲ"
ယောင်ယောင်က ပြုံးလိုက်သည်။
"ငါ နင့်ကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး... ငါက မျိုးရိုးလိုက် အဝလွန်မှုကြောင့် ငါ ငယ်ငယ်ကတည်းက အမြဲတမ်း ဖက်တီးမလို့ အခေါ်ခံရတယ်...အစတုန်းကတော့ ငယ်ငယ်က နားမလည်ခဲ့ဘူး... နောက်ပိုင်းမှာ ငါ ကြီးပြင်းလာပြီး ပထမဆုံး အချစ် နိုးထလာခဲ့တယ်...
စိတ်ထဲမှာ သဘောကျတဲ့ ကောင်လေးတစ်ယောက်ရှိတော့ ကိုယ့်ကိုကိုယ် ပိုပိုပြီး နိမ့်ကျလာသလို ခံစားရတယ်"
"ဒီလိုမျိုး သိမ်ငယ်မှုက တက္ကသိုလ်တက်တဲ့အချိန်မှာ အထွတ်အထိပ်ကိုရောက်လာတယ်...သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ချစ်သူရကြတာကိုမြင်နေရတယ်...ငါကတော့ စင်ဂယ် ဖြစ်နေတုန်းပဲ... ငါက ရုပ်ဆိုးလို့ တက္ကသိုလ်တစ်ခုလုံးက ယောက်ျားလေးတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်.. သေတောင်သေသွားချင်ခဲ့တယ်... ကံကောင်းထောက်မစွာနဲ့… ကံကောင်းစွာနဲ့ပဲ ပိုင်ရဲ့ရှိနေခဲ့တယ်...အခုချိန်ထိ လူတစ်ယောက်ရဲ့တန်ဖိုးကို သူတို့ရဲ့အသွင်အပြင်နဲ့ မတိုင်းတာရဘူးလို့ သူပြောတာကို မှတ်မိနေတုန်းပဲ...သူကပြောတယ် အပြင်လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဂရုစိုက်စရာမလိုဘူး၊ ကိုယ်ကိုတိုင်ထက် ဘယ်သူမှ ကိုယ့်ကို ပိုနားလည်မှာ မဟုတ်ဘူးတဲ့...သူကပြောတယ် အရင်က ကောလဟာလတွေကြောင့် သူလည်း စိတ်ထိခိုက်ခဲ့ရဖူးတယ်၊ဒါပေမဲ့ လူတစ်ယောက်က လွယ်လွယ်နဲ့ ပြုတ်ကျရင် အရမ်းရှုံးရာကျသွားလိမ့်မယ်တဲ့... အလုပ်ကြိုးစားတာက တခြားသူတွေကို သက်သေပြဖို့မဟုတ်ဘဲ ကောင်းကင်ဘုံကပေးတဲ့ လူသားတစ်ယောက်ဖြစ်ခွင့်ကို လက်လွှတ်မခံချင်တာကြောင့်လို့ သူကပြောတယ်…"
ယောင်ယောင်က အသက်ပြင်းပြင်းရှူလိုက်သည်။
"သူ့ကြောင့်သာမဟုတ်ရင် ငါက ဘယ်သူ့ကိုမှ မတွေဝံ့ဘဲ အခန်းထဲမှာ ပုန်းနေတဲ့ စုန်းမအိုကြီးတစ်ယောက်ဖြစ်နေဦးမှာ...ဒါမှမဟုတ် ငါသေသွားပြီးတာတောင်ဖြစ်ကောင်းဖြစ်နိုင်တယ်...သူက ငါ့ကို ရှေ့ဆက်လျှောက်လှမ်းဖို့ မျှော်လင့်ချက်ကိုပေးခဲ့တဲ့သူပဲ... နင် သိလား...ဖျော်ဖြေပွဲတစ်ခုမှာ သူငါကိုတွေ့တိုင်း သူ့အကြည့်တွေက တခြားလှလှပပကောင်မလေးတွေကို ကြည့်သလိုမျိုး ကြင်နာတဲ့အကြည့်တွေနဲ့ပဲကြည့်ခဲ့တာ...ဆယ်နှစ်ကြာအောင် သူ့ဖန်ဖြစ်ခဲ့ရတာ တကယ်တကယ်ကို ကံကောင်းတာပဲ"
ချီရှင်းချန် လည်း အလားတူ ခံစားခဲ့ရသည်။နားထောင်ရင်းနှင့် သူ့နှလုံးသားက နာကျင်လာပေမဲ့ ပိုင်ရဲ့၏ အမာခံဖန်ဖြစ်ရသည်ကိုလည်း ဂုဏ်ယူမိနေ၏။
သူ့ဆယ်ကျော်သက်လေး၏ ငယ်ဘဝသည် မရေမတွက်နိုင်သော လူများကို အသူရာချောက်နက်ကြီးထဲမှထွက်နိုင်အောင် လမ်းညွှန်ပေးသော အလင်းရောင်ဖြစ်သည်။
"ဒါကြောင့်"
ယောင်ယောင်ကဆိုသည်။
"သူက ငါတို့အတွက် ထမ်းမထားသင့်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးကို ထမ်းပေးခဲ့တယ်...သူရဲ့နံရိုးတစ်ချောင်းကလည်း သူ့ကို နားလည်နိုင်၊ လေးစားပြီး ကောင်းကောင်း ဂရုစိုက်နိုင်မယ်လို့ ငါတို့အားလုံး မျှော်လင့်တယ်"
ဤအရာအားလုံးကို ယောင်ယောင် အဘယ်ကြောင့်ပြောသည်ကို သူမသိသော်လည်း ချီရှင်းချန် ၎င်းကို နှလုံးသားထဲတွင် တိတ်တဆိတ် မှတ်ထားခဲ့သည်။
သူ ပိုင်ရဲ့ကို သေချာပေါက် ကောင်းကောင်း ဆက်ဆံမည်။
..........
ညနေ ၄း၄၀ မှာ အားကစားကွင်းက ဝင်၍ရပြီဖြစ်ကြောင်း ကြေညာသည်။ 4:50 တွင် ချီရှင်းချန် သူ့ထိုင်ခုံကို ရှာတွေ့ခဲ့သည်။ အတန်း 5 ၊ နံပါတ် 20 ဖြစ်သည်။ အလွန်ချိုမြိန်သော တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။
5:10 တွင် ဖျော်ဖြေပွဲ၏ ပထမဆုံး အစီအစဉ်ကို စတင်ခဲ့သည်။ပိုင်ရဲ့ဓါတ်လှေကားပေါ်ကနေ ပေါ်လာပြီး ပရိသတ်အားလုံး ဆူညံပွက်လောရိုက်သွားသည်။ချီရှင်းချန် ဤသည်ကို အကြိမ်ပေါင်း မရေမတွက်နိုင်သော အတွေ့အကြုံများ ခံစားခဲ့ရပြီးပြီဖြစ်သော်လည်း ဆယ့်တစ်ကြိမ်မြောက် ပရိတ်သတ်များ၏ အရူးအမူးဖြစ်မှု ကြောင့် အံ့အားသင့်ခဲ့ရပြန်ပါသည်။
ဆယ်တစ်နှစ်ပြည့် ဖျော်ဖြေပွဲ၏ အတိုင်းအတာသည် ယခင်ပွဲများထက် ပိုကြီးသည်။ ဆောင်ပုဒ်က သဘာဝအတိုင်း အတိတ်ကိုပြန်တွေးပြီး အနာဂတ်ကိုစိတ်ကူးယဥ်ခြင်းပါပင်။ သီချင်းများကို ဒုတိယအယ်လ်ဘမ်မှစတင်ကာ အယ်လ်ဘမ်များထွက်ရှိခြင်း၏ အစီအစဥ်အတိုင်းဖျော်ဖြေ သည်။
အကသံစဉ်ထဲတွင် လူတိုင်းသည် ပိုင်ရဲ့၏အကနှင့်အတူ လက်နှစ်ဖက်ကို လှုပ်ယမ်းကြသည်။ယင်းက အလွန့်အလွန်ကို စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။ အနှေးသီချင်းများကြားတွင် လူတိုင်းသည် တိတ်ဆိတ်စွာ သီဆိုကြသည်။ သူတို့သီဆိုခဲ့သော သီချင်းများသည် မသိနားမလည်မှုကနေ ရင့်ကျက်မှုဆီလှမ်းရာခရီးဖြစ်သော ဆယ်နှစ်တာနုပျိုမှု၏အကြောင်းလည်း ဖြစ်သည်။
ပိုင်ရဲ့၏ ဖျော်ဖြေပွဲက အမြဲတမ်း အပြန်အလှန် တုံ့ပြန်မှု အနည်းငယ်သာ ရှိခဲ့သည်။ သီချင်းများကိုသာ အပြည့်အ၀ စီစဉ်ထားပြီး သုံးနာရီကြာသည် အလွန်လျင်မြန်သည်။ ယမန်နှစ်အကုန်က ဒစ်ဂျစ်တယ်အယ်လ်ဘမ်ကို ဖျော်ဖြေပြီးနောက် စင်မြင့်က ရုတ်တရက် အမှောင်ကျသွားခဲ့သည်။ ပရိသတ်များက ပြီးဆုံးတော့မည်ဟု ထင်ကာ "ဝမ်းစမိုး ဝမ်းစမိုး ဝမ်းစမိုး" ဟု တညီတညွတ်တည်း အော်ကြသည်။
ချီရှင်းချန်လည်း သူ့အလင်းချောင်းကို မြှောက်ပြီး လူတိုင်းနှင့် ဝိုင်းအော်လေသည်။
သုံးမိနစ်လောက်ကြာသောအခါ စင်မြင့်ကပြန်လင်းလာသည်။စင်အသုံးအဆောင်ပစ္စည်းများမရှိသလို နောက်ခံအကသမားများလည်း မရှိခဲ့ပေ။အလင်းရောင်က စင်မြင့်အလယ်ဗဟိုရှိ ပိုင်ရဲ့ပေါ်မှာပဲမီးမောင်းထိုး၍ထားသည်။
သူသည် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့ရှေ့တွင် အဖြူရောင်စန္ဒယားဟောင်းတစ်ခုရှိသည်။ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဖန်တွေအားလုံးနီးပါး မျက်လုံးတွေ နီရဲသွားကြသည်။
ဤသည်မှာ ပိုင်ရဲ့၏ ပထမဆုံးအယ်လ်ဘမ်ပုံစံဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်က သူ့ကို ဗီဒီယိုစတိုးဆိုင်များ၊ သရေစာဘား၊ တီဗီမှာ ယခုလိုပုံစံနှင့်တွေ့ဖူးခဲ့ကြသည်။ထိုအချိန်က သူ ဂီတလောကတွင် မည်မျှကြာကြာ လှုပ်ရှားနေမည်ကို မည်သူမျှ မသိခဲ့ကြသလို သူ၏ အနာဂတ်လမ်းကြောင်း မည်သို့မည်ပုံ ဖြစ်လာမည်ကိုလည်း မသိခဲ့ကြပေ။
ယခု သူတို့သည် လူ ၁၀,၀၀၀ ဆံ့သော အားကစားကွင်းကြီးထဲက ဤကျယ်ဝန်းသောစင်မြင့်ပေါ်တွင် ပြန်လည်ဆုံစည်းခဲ့ကြသည်။
ပိုင်ရဲ့၏ ခပ်နိမ့်နိမ့် သံလိုက်အသံက အသံချဲ့စက်မှ ထွက်ပေါ်လာသည်။ "လာမဲ့သီချင်းက ကျွန်တော့်ရဲ့ ပွဲဦးထွက်သီချင်းပါ...လူတိုင်း သိလောက်ပါတယ်... အမြဲအားပေးနေတဲ့သူတွေအားလုံးကို ဒါကို ပေးချင်ပါတယ်...ဒီနေ့ဒီမှာရှိနေတဲ့သူ၊ ကျွန်တော့်အတွက်အရမ်းအရေးကြီးတဲ့သူကိုလည်း ပေးချင်ပါတယ်"
ကင်မရာက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို အနီးကပ်ဆွဲရိုက်သည်။ပိုင်ရဲ့က သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် စန္ဒယားခလုတ်များကို ဖြည်းညှင်းစွာတီးခတ်သည်။
"သူက ကျွန်တော့်ရဲ့ဖန်ပါ...လှပတဲ့ မတော်တဆမှုတစ်ခုကြောင့် ကျွန်တော်တို့ တွေ့ဆုံခဲ့ကြတယ်...ကျွန်တော်တို့ အများကြီး အတူတူဖြတ်သန်းခဲ့ကြတယ်... ရယ်မောခြင်းတွေမျက်ရည်တွေလည်း ရှိခဲ့တယ်..ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်တောင် မေ့လုနီးပါးပဲ...ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့ လွတ်မြောက်ခဲ့တယ်"
"အဲဒီအချိန်ကစပြီး သူက ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံးအစိတ်အပိုင်း၊ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ရွှင်လန်းမှုတွေကို ဖန်ဆင်းပေးသူဖြစ်လာတယ်... ကျွန်တော် သူ့ကို ချစ်တယ်...သူက ကျွန်တော့်အတွက် ဘုရားပေးတဲ့ လက်ဆောင်ပါပဲ"
"လွန်ခဲ့တဲ့ ဆယ်နှစ်မှာ သူက ကျွန်တာ်နဲ့ ပိုနီးစပ်လာဖို့ ကြိုးစားခဲ့တယ်...အခု ကျွန်တော့်ဘက်ကနေလှမ်းရမဲ့အလှည့်ရောက်လာပြီ...အတန်းငါး ထိုင်ခုံနံပါတ်နှစ်ဆယ်က မစ္စတာချီရှင်းချန်—"
ပိုင်ရဲ့က ဘေးတိုက်စောင်းငှဲ့ကြည့်လာသည်။
"ကိုယ့်ကိုလက်ထပ်ဖို့...ကိုယ်နဲ့မိသားစုတစ်ခုထူထောင်ဖို့...ကိုယ်နဲ့အတူ ဒုတိယမြောက်ဆယ်နှစ်ကို ဖြတ်သန်းဖို့...ဒသမမြောက်ဆယ်နှစ်အထိ ဘယ်တော့မှမခွဲဘဲ ထာဝရအတူတူရှိနေဖို့ဆန္ဒရှိရဲ့လား"
ကိုယ့်ကိုလက်ထပ်ဖို့...ကိုယ်နဲ့မိသားစုတစ်ခုထူထောင်ဖို့...ကိုယ်နဲ့အတူ ဒုတိယမြောက်ဆယ်နှစ်ကို ဖြတ်သန်းဖို့...ဒသမမြောက်ဆယ်နှစ်အထိ ဘယ်တော့မှမခွဲဘဲ ထာဝရအတူတူရှိနေဖို့ဆန္ဒရှိရဲ့လားတဲ့လား...
ကင်မရာက အတန်
းငါးကို ဖျတ်ခနဲရောက်သွားပြီး အနီးကပ်ဆွဲရိုက်၏။
ထိုင်ခုံနံပါတ်နှစ်ဆယ်ကလူ ငိုနေလေပြီ။
❤️❤️❤️The End ❤️❤️❤️
Translated by - IQ Team
အားပေးဖတ်ရှုကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ် ❤️