Chapter 116 : အံ့ချီးဖွယ်သမားတော်တစ်ဦးကို ရှာဖွေခြင်း
ကျင်းယွင်ကျောင်း၏ နေရာလွတ်နယ်မြေသည် မရေမတွက်နိုင်သော အခေါက်အချိုးများကြောင့် ဤကွင်းပြင်ထက် ပို၍ ကျယ်ဝန်းသည်။ ၎င်းက သူမ ကိုယ်ခံပညာလေ့ကျင့်ရန်အတွက်သာ ဖြစ်သည်ဟု ပြောနိုင်သော်လည်း ပို၍ အရေးကြီးသည်မှာ ၎င်းသည် သူမ၏ အသက်ရှုစွမ်းရည်နှင့် ကိုယ်ကာယလေ့ကျင့်ရန် ဖြစ်၏။
နေ့စဥ်နေ့တိုင်း သူမသည် သူမ၏ နေရာလွတ်နယ်မြေကို အချိန်အတိုင်းအတာတစ်ခု ကြာအောင် ပတ်ပြေးလေ့ရှိသည်။ ကျင့်ကြံခြင်းလမ်းညွှန်ထဲမှ အသက်ရှုနည်းလမ်းများနှင့် ပေါင်းစပ်လိုက်ပါက ယခုအချိန်တွင် သူမသည် ချွေးတစ်စက်မှ မထွက်ဘဲ ဆယ်ပတ်ခန့်ပြေးနိုင်ပြီဖြစ်၍ ဤငါးပတ်မှာ အေးအေးဆေးဆေးပင်။
"ငါ ဘီခန်းက တစ်ယောက်ပြောတာကို ကြားလာတာ၊ ကျင်းယွင်ကျောင်းမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ ကောလဟာလကလည်း ချောင်ဟုန်ယဲ့က လုပ်ဇာတ်ခင်းတာပဲတဲ့"
ပြေးနေသော်လည်း ကျင်းယွင်ကျောင်း၏ နားတစ်ဖက်က အတင်းအဖျင်းများကို နားစွင့်ထားသဖြင့် အခြားသူများပြောနေကြသည်ကို ကြားနိုင်၏။
"ဖြစ်နိုင်လို့လား"
"အမှန်ပဲ ဟဲ့။ ချောင်ဟုန်ယဲ့က ကန်ကျင်းချန်နဲ့ ကျင်းယွင်ကျောင်းက ကျောင်းကို တူတူရောက်လာတာကို မြင်လိုက်တယ်ဆိုတဲ့ အချိန်ကတည်းက ငါ့သူငယ်ချင်းက သံသယဖြစ်နေတာ။ အခြားသူတွေလည်း အခြေအနေကို မသိကြပါဘဲနဲ့ အဲဒါက ရုတ်တရက်ကြီး အမှန်တရား ဖြစ်လာတာလေ"
ထိုမိန်းကလေးက ကာကွယ်ပြောဆိုလိုက်သည်။
ဘီခန်းသည် အေခန်း၏ နောက်တွင် ကွင်းတစ်ပတ်စာနီးပါး နောက်ကျကျန်ခဲ့သောကြောင့် သူတို့သည် လက်ရှိအချိန်တွင် အေခန်း၏ နောက်ကပ်ရက်မှ လိုက်ပါနေရဆဲပင်။ ဤစကားဝိုင်းအား ချောင်ဟုန်ယဲ့သည်လည်း ကြားလိုက်ရ၏။
သူမသည် အံကြိတ်လိုက်ပြီး နှလုံးသားက အေးစက်သွားသော်လည်း သည်းခံနေရုံသာ တတ်နိုင်သည်။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား အနောက်မှ မဆုတ်မနစ် စိုက်ကြည့်နေ၏။ သူမ၏ခြေလှမ်းများက နှေးကျသွားပြီး ပို၍ လေးလံလာသော်လည်း ကျင်းယွင်ကျောင်းကတော့ နှေးမသွားသေးဘဲ သက်တောင့်သက်သာ အရှိန်နှင့်ပင် ရှေ့သို့ ဆက်ပြေးနေသည်။ သူမသည် နားနားနေနေ လမ်းလျှောက်နေသည့်အလား လုံးဝမပင်ပန်းပေ။ ဤသည်က ချောင်ဟုန်ယဲ့အား ရုတ်တရက် ဂုဏ်ငယ်သွားစေ၏။
အပတ်ရေ အနည်းငယ်မျှ ပတ်ပြီးနောက်တွင် ချောင်ဟုန်ယဲ့၏ ခြေထောက်များသည် သူမ အပိုင်မဟုတ်တော့သလိုပင် ခံစားလာရသည်။ သို့သော် အခြားကျောင်းသားများက သူမအား အလွတ်မပေးသေး။ ထို့နောက်တွင်လည်း သူတို့သည် သူမအား လှုပ်ရှားမှုများတွင် ပါဝင်ရန် ဆက်၍ ဖိအားပေးနေ၏။ ဆက်တိုက်လှုံ့ဆော်မှုများသည် သူမအား ဦးခေါင်းက မီးထတောက်တော့မည့်အလား ရှုပ်ထွေးနောက်ကျိစွာ ခံစားရစေသည်။
တစ်ချိန်တည်းမှာပင် ကားတစ်စီးက ကွင်းပြင်၏ အပြင်ဘက်၌ ဆိုက်ရောက်လာ၏။ ကားထဲရှိ ပုံရိပ်က ကွင်းပြင်ပေါ်ရှိ ပုံရိပ်လေးအား စိုက်ကြည့်နေပြီး သူတို့၏ မျက်နှာတွင် စိတ်ရှုပ်နေသောအမူအယာများက မြင်သာနေသည်။
"ဒါက ဘာလဲ၊ သခင်လေးလီရဲ့။ မင်း ဒီအုပ်စုထဲက ကျောင်းသူတစ်ယောက်ကို ကြွေနေတာတော့ မဟုတ်ဘူးမလား"
အမျိုးသား၏ ဘေး၌ ထိုင်နေသော အဖော်က စနောက်လိုက်၏။
အသံပိုင်ရှင်က ကွင်းပြင်ဘက်သို့လည်း မျက်စိကစားလိုက်ပြီး သက်ပြင်းချလိုက်သည်။ ကျောင်းသားတစ်ယောက် ဖြစ်ရခြင်းက ကောင်းလွန်းလှသည်။ အကွာအဝေးတစ်ခုမှပင် ငယ်ရွယ်နုပျိုသောလေထုကို သူ ခံစားနိုင်၏။
"ငါတို့ ဒီကိုလာတယ်ဆိုမှတော့ ငါ တစ်ယောက်ယောက်ကို ရှာချင်လို့ပေါ့"
သခင်လေးလီ၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွတ်သွားပြီး ဒရိုင်ဘာအား ကျောင်းပေါက်ဝသို့ မောင်းရန် ပြောလိုက်သည်။ သူက ကွင်းပြင်ဘက်သို့ အေးအေးဆေးဆေးပင် ကြည့်နေပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။
"လူတစ်ယောက်ကို ရှာတာလား။ မင်းတို့မိသားစုက တစ်ယောက်ယောက်က ဒီကျောင်းမှာ လာတက်နေတာတော့ မဖြစ်နိုင်လောက်ပါဘူး"
သူ၏ အဖော်ဖြစ်သူ တုလင်းက ဆွံအနေပြီး အံအားသင့်စွာ မေးလိုက်သည်။
လီမိသားစု၏ ဘိုးဘေးအိမ်တော်သည် ဟွားနင်ခရိုင်တွင် ရှိသော်လည်း လီရှောက်ယွင်သည် တစ်နှစ်လျှင် တစ်ကြိမ် ခဏသာ ပြန်လာနိုင်၏။ ထို့ကြောင့် ဤနေရာတွင် သူငယ်ချင်းအများကြီး မရှိပေ။ လီရှောက်ယွင် အမှန်တကယ် ရင်းနှီးသည့်သူမှာ သူတစ်ယောက်တည်း ရှိသည်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ တကယ်တမ်း ဤသခင်လေးလီ၏ စရိုက်သည် သူ့အား လူရှုပ်လူပွေဟု ထင်ရစေသော်လည်း လက်တွေ့၌ သူကိုယ်တိုင်သည် တဏှာရာဂတွင် မမွေ့လျော်တတ်သူ ဖြစ်၏။ သူ၏ စိတ်ရှည်သည်းခံမှုသည်လည်း နှမ်းစေ့တစ်စေ့ သို့မဟုတ် ထို့ထက် သေးသော အရာနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ သူ ဤကဲ့သို့ တစ်စုံတစ်ယောက်အား အလွန်စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်ကို မည်သူမှ မမြင်ဖူးချေ။
"ဦးလေးက အခုတလော နေထိုင်မကောင်းဖြစ်နေတယ် မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါကိုယ်တိုင် အံ့သြစရာကောင်းတဲ့ သမားတော်လေးတစ်ယောက်နဲ့ တွေ့ဆုံဖို့ စီစဥ်ထားတယ်။ သူ့ကို ခေါ်သွားပြီး ဦးလေးကို တစ်ခါလောက် ကြည့်ခိုင်းကြတာပေါ့"
လီရှောက်ယွင်က ဆင်ခြေတစ်ခုရှာလိုက်၏။
တုလင်း၏ အမူအယာက တောင့်တင်းသွားသည်။
"သခင်လေးလီ၊ မင်း အခု ငါ့ကို နောက်နေတာလား။ ငါ့အဖေက သွားကိုက်ရုံလေးပဲလေ"
"သွားကိုက်တဲ့ နာကျင်မှုက လူတစ်ယောက်ကို သူတို့ရဲ့ဘဝကို အဆုံးသတ်သွားချင်တဲ့အထိ မနာကျင်စေနိုင်ဘူးလို့ မပြောလို့မရဘူး မဟုတ်လား။ ငါ့ရဲ့တာဝန်က စိုးရိမ်ပေးဖို့ပဲ"
လီရှောက်ယွင်က အရှက်မရှိပြောလိုက်၏။
တုလင်းအဖို့ ပြောစရာစကားပင် မရှိတော့ချေ။
သူ၏ စကားလုံးများက မမှားသော်လည်း သူ၏ ဖခင်သည် လီရှောက်ယွင်နှင့် သုံးကြိမ်သာ တွေ့ဖူးသည်။ သူတို့က ရင်းနှီးသော ဆက်ဆံရေးဟုပင် ယူဆ၍ မရ။ ထို့အပြင် အံ့ချီးဖွယ်ကောင်းသော သမားတော်များအကြောင်းကို ပြောလျှင် သူတို့အား ကမ္ဘာပေါ်မှ ပုန်းကွယ်နေသော တောနက်ကြီးများ၊ တောင်တန်းများနှင့် အချို့သော ဆေးခန်းငယ်လေးများ၌ ရှာဖွေသင့်သည် မဟုတ်လား။ သို့သော် ယခု သူတို့သည် ကျောင်း၌ ရောက်နေ၏။ တက္ကသိုလ်သာဆိုပါက ဖြည့်တွေးပေးနိုင်သော်လည်း ဤသည်က အထက်တန်းကျောင်းတစ်ကျောင်းသာ ဖြစ်သည်လေ။
တုလင်း၏ သိချင်စိတ်သည် ရုတ်ချည်းပင် မြင့်တက်သွား၏။ သူက လီရှောက်ယွင်၏ အကြည့်များ နောက်ကိုလိုက်ကြည့်ရင်း ကျောင်းသားများထဲမှ အံ့ချီးဖွယ်သမားတော်အား ရွေးထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ခဏကြာသည့်တိုင်အောင် အံ့ချီးဖွယ် သမားတော်တစ်ယောက်၏ ပြိုင်စံရှား သွင်ပြင်လက္ခဏာများ ရှိသောသူကို မမြင်သေး။ သူတို့သည် အရွယ်ရောက်သူများဟုပင် မယူဆနိုင်ချေ။
နောက်ထပ် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် အတန်းပြီးဆုံးသည့် ခေါင်းလောင်းသံ မြည်လာ၏။ နောက်ဆုံးအကြိမ် ကျောင်းဆင်းခေါင်းလောင်းသံလည်း ဖြစ်သည်။
လီရှောက်ယွင်၏ ကားသည် တန်ဖိုးကြီး ဇိမ်ခံကားဖြစ်သော်လည်း မသိသာပေ။ ကျောင်းသားများသည် ၎င်းကားကို သတိမထားမိကြသော်လည်း လီရှောက်ယွင်က ကားတံခါးဖွင့်၍ အပြင်ဘက်၌ ရပ်စောင့်လိုက်သောအခါ သူ၏ ချောမောသော ရုပ်ရည်သွင်ပြင်က ကျောင်းသားများစွာ၏ အကြည့်များကို ဖမ်းစားလိုက်နိုင်လေတော့သည်။