Chapter 115
Viewers 14k

Chapter 115 : ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ခြင်း


ချောင်ဟုန်ယဲ့၏ ထိုင်ခုံဖော်၏ စကားများသည် လွှမ်းမိုးမှုအချို့ ရှိ၏။ အချို့လူများက ဤသို့ပင် တွေးလာကြသည်။


'ချောင်ဟုန်ယဲ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်းကတောင် သူ့ကို မုန်းနေတာ၊ ဒါက သူက ဘယ်လောက်တောင် ကြောင်သူတော် ဆန်သလဲဆိုတာ ပြလိုက်တာပဲ'


"အမှန်ပဲ၊ အမှန်ပဲ။ ကျွန်တော်တို့အားလုံး ပြေးရမှာလေ၊ ဒါဆို ဘာကြောင့် သူ့ကိုကျ ဘာမှမလုပ်ခိုင်းဘဲ ဘေးထွက်ထိုင်နေဖို့ ခွင့်ပြုရမှာလဲ။ တကယ်လို့ ဆရာက ဘက်လိုက်နေမယ်ဆိုရင် ဒီနေ့အတန်းကို တစ်ယောက်မှ မတက်တော့ဘူး"


အခြားတစ်ယောက်ကလည်း ထပြောလာ၏။


ထိုစကားများပြောပြီးသည်နှင့် ကျောင်းသားတိုင်းက ထိုအကြံကို ထောက်ခံကြသည်။


ဆရာ၏ မျက်လုံးများသည် အံ့သြလွန်း၍ ပြူးကျယ်သွားပြီး တစ်ခုခုအတော်လေး လွဲနေသလို ခံစားလိုက်ရ၏။ ဒီမနက် နေက အနောက်က ထွက်လာတာများလား။ များသောအားဖြင့် သူက ချောင်ဟုန်ယဲ့အား ခွင့်မပေးချင်မှန်း သိသာနေသော်လည်း မည်သူကမှ သူ့ကို အဲလိုလုပ်ခွင့် မပေးခဲ့ဘူး မဟုတ်လား။


မည်သို့ပင်ဆိုစေကာမူ ဆရာသည် အမျိုးသားတစ်ယောက်ဖြစ်၍ မိန်းကလေးတစ်ယောက်၏ စိတ်ကို နားမလည်နိုင်ပေ။ လက်ရှိအချိန်တွင် လူများစွာက ချောင်ဟုန်ယဲ့အား အပြစ်တင်နေကြသည်ကို မြင်သောအခါ သူက နောက်ဆုံး၌ သူ၏ သင်ကြားရေး နည်းလမ်းများက အသီးအပွင့်များ ဖြစ်တည်လာပြီဟုပင် ခံစားလိုက်ရသည်။


"ကြည့်၊ ချောင်ဟုန်ယဲ့။ လူတိုင်းက ပြေးဖို့ပြင်ဆင်နေကြတာ၊ ဒါကြောင့် မင်းလည်း အနည်းဆုံးတော့ အားနည်းနည်း စိုက်ထုတ်သင့်တယ် မဟုတ်လား"


ဆရာက ကျင်းယွင်ကျောင်း သူမ၏ အတန်းကို ဦးဆောင်၍ ပြေးနေသည်အား ရိပ်ခနဲ မြင်လိုက်ရာ ဆက်ပြောလာ၏။


"အရင်တုန်းက ကျင်းယွင်ကျောင်းရဲ့ ခံနိုင်ရည်က သိပ်မကောင်းဘူး၊ ဒါပေမယ့် သူက အချိန်တိုင်း အစွမ်းကုန်လုပ်ခဲ့တယ်။ အခု သူ့ရဲ့အားထုတ်မှုရလဒ်တွေ ဘယ်လောက်တောင် သိသာနေပြီလဲဆိုတာ ကြည့်လိုက်။ မင်းလည်း သူ့ဆီကနေ အနည်းအကျဥ်း သင်ယူဖို့ ကြိုးစားသင့်တယ်"


ဤတစ်ကြိမ်၌ သူမသည် ငိုချင်စရာကောင်းလောက်အောင်ပင် အစွပ်စွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့ရာတွင် သူမအတွက် အဖြစ်ဆိုးလွန်းလှသည်က သူမသည် ယခင်ကလည်း အကြိမ်ပေါင်းများစွာ မျက်ရည်ကျပြခဲ့သည်ဖြစ်၍ ဘယ်သူကမှ သူမ၏ သရုပ်ဆောင်ချက်များ၌ မကျရှုံးတော့ပေ။


ယခုအချိန်တွင် ဆရာသည်ပင် သူမအား ကျင်းယွင်ကျောင်းနှင့် နှိုင်းယှဥ်နေသဖြင့် သူမသည် လက်ကျန်မာနလေး ရန်စခံလိုက်ရသကဲ့သို့ပင်။ အခြားသူများက သူမအား ထပ်၍ ဆန့်ကျင်ကြမည်ကို သူမကိုယ်တိုင် စောင့်ကြည့်နေရမည့်အစား သူမ၏ ကံတရားကိုသာ လက်ခံလိုက်၍ အုပ်စုဆီသို့ ပြန်သွားလိုက်၏။


"မင်းက ဒီမှာရှိနေပြီဆိုတော့ မင်းလည်း အတန်းကို ဦးဆောင်ရမယ်။ ဘီခန်းက ကျောင်းသားတွေ အေခန်းက ကျောင်းသားတွေကို မရှုံးအောင် ကြိုးစားကြ"


ဆရာက စိတ်လှုပ်ရှားသွားပြီး အားပေးစကားပြောလိုက်သည်။


ကျောင်းသားများက သူ၏ စကားများကို စတင်နားထောင်ကြခြင်းသည် သူ၏ သင်ကြားရေးလုပ်ငန်း၌ ကြီးမားသော မှတ်ကျောက်တစ်ခုပင် ဖြစ်၏။


ချောင်ဟုန်ယဲ့သည် ကျောင်းသားအတန်း နှစ်တန်း၏ရှေ့၌ ခါးသီးသော အမူအယာဖြင့် ရပ်နေပြီး အော်လိုက်သည်။


"ဝမ်း ... တူး ... ဝမ်း ... တူး ..."


ဒေါသထွက်လွန်း၍ အသံများပင် ပျာနေ၏။


"ချောင်ဟုန်ယဲ့၊ နင့် အသံက ဘာလို့ ခြင်တစ်ကောင်လို ညောင်နာနာ ဖြစ်နေတာလဲ။ နင်အော်တာ ဘယ်သူက ကြားမှာလဲ"


သူမ၏ ထိုင်ခုံဖော်က ထေ့ငေါ့၍ လှောင်ပြောင်လိုက်သည်။


တကယ်လည်း ထိုစကားများက အမှန်ပင်။ ဤအခြေအနေအား မည်သူကပင် ကြည့်ကြည့် သူမက ချောင်ဟုန်ယဲ့အား ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် လုပ်နေသည်ဟု ထင်ရက်စရာမရှိပေ။


အေခန်းသည် သူတို့အတန််းနှင့် ဆယ်မီတာ ထပ်မနည်းသော အကွာအဝေးတွင် ရောက်နေသော်လည်း ကျင်းယွင်ကျောင်း၏ အသံအား ရှင်းရှင်းလင်းလင်း တိတိကျကျ ကြားနေရဆဲပင်။ အသံမှာ ငြိမ့်ညောင်း၍ ချိုသာပြီး အခြားသူများအတွက် ဆူညံသည်ဟု မခံစားစေရပေ။ တစ်ဖက်၌ ချောင်ဟုန်ယဲ့၏ အသံက စိတ်မပါလက်မပါဖြစ်နေပြီး အားအင် လုံးဝကင်းမဲ့နေ၏။ တစ်တန်းလုံးက သူမအား ဝိုင်း၍ အနိုင်ကျင့်နေသည့်အလားပင်။ ထို့အပြင် သူမ၏ ပြေးနှုန်းက နှေးသော်လည်း ကျန်သောသူများအား သူမကို ကျော်တက်ခွင့်လည်း မပေး။ ဤခံစားချက်သည် အလေးများဆွဲနေသကဲ့သို့ပင်။ ပြေးခါစရှိသေးသော်လည်း သူတို့သည် ပင်ပန််းနေကြပြီဖြစ်၏။


ချောင်ဟုန်ယဲ့သည် သေလောက်အောင်ပင် ဒေါသထွက်နေပြီး သူမသည် သူမ၏ ဒေါသကို ထိန်းမထားနိုင်ခဲ့။ ဤတစ်ကြိမ်၌ သူမသည် အသံမြှင့်၍ အော်ဟစ်လိုက်၏။


ဝမ်း ... တူး ... ဝမ်း ... တူး ... ဝမ်း ...


"နင် ပိုပြီး မြန်မြန်ပြေးနိုင်လား။ နင့်ကိုယ်နင် အိမ်တော်က မမလေးလို့များ ထင်နေလား။ ဒီလောက်ခြေလှမ်းသေးသေးလေးတွေနဲ့ ငါတို့ကို မောပြီး သေအောင်များ ကြိုးစားနေတာလား"


ယခုအချိန်၌ သူမ၏ မျက်နှာသည် ဒေါသဖြင့် နီရဲနေသည်။ ယခင် အထက်တန်းကျောင်း စတက်ကတည်းက သူမ၏ ခြေတံများကို ပြေးရန်အတွက် တစ်ခါမှ မသုံးဖူးပေ။ သူမအား အဘယ့်ကြောင့်များ ထိုကြမ်းတမ်းသော သူဖုန်းစားမ ကျင်းယွင်ကျောင်းနှင့် နှိုင်းယှဥ်နိုင်သနည်း။


ခဏမျှသာ ပြေးရသေးသော်လည်း သူမ ပင်ပန်းလွန်း၍ မရွေ့နိုင်တော့လောက်အောင် ဖြစ်နေ၏။ ဒါတောင် အခု သူတို့က သူမကို ပိုပြီးမြန်မြန် ပြေးစေချင်နေတာလား။


ချောင်ဟုန်ယဲ့၏ မုန်းတီးမှုများက ကျင်းယွင်ကျောင်းအပေါ်တွင် ပို၍ပင် နက်ရှိုင်းလာ၏။


သူမ နားမလည်နိုင်ပေ။ ယခင် ကျင်းယွင်ကျောင်းသည် ခြေလှမ်းအနည်းငယ်မျှ ပြေးရုံနှင့်ပင် လဲကျတတ်သည်မှာ အသိအသာပင်၊ သို့သော် မကြာသေးမီက သူမ၏ သက်လုံနှင့် ခံနိုင်ရည်သည် ယခင်ကထက် အများကြီး ပို၍ ကောင်းလာခဲ့သည်။ အရင်ကဟာတွေ အကုန်လုံးက ဟန်ဆောင်နေတာများ ဖြစ်နိုင်မလား။


ချောင်ဟုန်ယဲ့သည် ထိုအတွေးတသီတတန်းကြီးအား ဆက်၍ တွေးလေလေ သူမ၏ ခန့်မှန်းချက်များ မှန်ကန်သည်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ သူမသည် ချောင်မိသားစုအိမ်တွင် ကျင်းယွင်ကျောင်းအား သူတို့ ဘယ်လိုအငတ်ထားခဲ့ကြောင်းကို မေ့လုနီးပါးပင် ဖြစ်နေ၍ တစ်ချိန်တည်းမှာပင် အာဟာရချို့တဲ့ခဲ့သောကြောင့် ကျင်းယွင်ကျောင်းသည် အားစိုက်ရသော လေ့ကျင့်ခန်းများ လုပ်နိုင်စွမ်းမရှိ ဖြစ်ခဲ့ရ၏။


လက်ရှိအချိန်၌ အတန်းခေါင်းဆောင်တစ်ယောက် အနေနှင့် ကျင်းယွင်ကျောင်းသည် အာရုံစိုက်မှုများစွာကို အတော်လေး စွဲဆောင်နိုင်နေသည်။


"ကျင်းယွင်ကျောင်းရဲ့နောက်ကွယ်မှာ သူ့ကို ကိုယ်ဝန်ရှိနေတယ်လို့ သွားပုပ်လေလွင့်ပြောကြတဲ့သူတွေက အတော်လေး မုန်းစရာကောင်းတာပဲ။ သူ့ရဲ့အခြေအနေကိုကြည့်လေ။ မဟုတ်ရင် ဘယ်လိုလုပ် ဒီလိုကိစ္စတွေကို လုပ်နိုင်မှာလဲ""


အခြားအတန်းမှ ကျင်းယွင်ကျောင်းအား သိကျွမ်းသော ကျောင်းသားများက သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘဲ သူမဘက်မှ ပြောဆိုလာကြ၏။


ကွင်းငါးပတ် ပတ်ပြေးရခြင်းသည် ရယ်စရာအကွာအဝေး မဟုတ်ပေ။ သို့သော် ကျင်းယွင်ကျောင်းသည် ဘာမှမဖြစ်သလိုပင် သက်တောင့်သက်သာ ရှိနေသေးသည်။ အကယ်လို့ သူမသာ ကိုယ်ဝန်ရှိနေရင် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မလဲ။