Chapter 114 : နေမကောင်းချင်ယောင်ဆောင်ခြင်း
ချောင်ဟုန်ယဲ့၏ စကားများကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် ခပ်လှောင်လှောင် ပြုံးမိလိုက်သည်။
"တစ်နေကုန် အမဲလိုက်နေတဲ့ သိမ်းငှက်ရဲ့မျက်လုံးကို သာမန်စာကလေးတစ်ကောင်က ဆိတ်တယ်ပေါ့။ နင်က ငါ့ကို အပြစ်လာတင်နေတယ်"
ကျင်းယွင်ကျောင်းက သူထွက်မသွားခင် ထိုစကားများကို ပြောခဲ့လိုက်သည်။
ချောင်ဟုန်ယဲ့သည် အမြဲတမ်း အခြားသူများကို အကွက်ချကြံစည်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ပင် သူမသည် အပြစ်ကင်း၍ သန့်စင်သကဲ့သို့ သရုပ်ဆောင်ရန် မမေ့ချေ။ ဤအချိန်တွင် ချောင်ဟုန်ယဲ့၏ စိတ်ပျက်မှုများနှင့် မျက်ရည်များသည် အခြားသူများကို တုန်လှုပ်အောင် မစွမ်းဆောင်နိုင်တော့ပေ။ လက်တွေ့၌ သူတို့သည် ဤမိန်းကလေးအား အမြဲတမ်း သရုပ်ဆောင်နေသူတစ်ယောက်အဖြစ်သာ မြင်လာကြပြီး အနည်းငယ်ပင် ကြောက်ရွံ့လာကြသည်။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် ခေါင်းငုံ၍ ကစားကွင်းဆီသို့ ဦးတည်လိုက်၏။
အေခန်းနှင့် ဘီခန်းမှ အားကစားဆရာနှင့် ဆရာမသည် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချစ်သူစုံတွဲများနှင့် တူသည်။ သူတို့သည် ဆက်ဆံရေးကောင်းကြသော်လည်း အချင်းချင်း အပြိုင်အဆိုင်ပင်၊ ထို့ကြောင့် သူတို့သည် အပတ်တိုင်း ကျောင်းသားချင်း ပြိုင်ကြ၏။
ဤတစ်ကြိမ်တွင်လည်း ခြွင်းချက်မရှိပေ။ ခေါင်းလောင်းသံမြည်လာသောအခါ ဆရာနှစ်ယောက်သည် သူတို့၏ သက်ဆိုင်ရာ ကျောင်းသားများအား ကွင်းကို ငါးပတ်ပတ်မပြေးခိုင်းမီတွင် သွေးပူလေ့ကျင့်ခန်းများ လုပ်ခိုင်းကြသည်။
ကျင်းယွင်ကျောင်းသည် ပိန်ပါး၍ အားနည်းသောကြောင့် အားကစားချိန်တွင် အချိန်ကြာကြာ တောင့်မခံနိုင်ပေ။ ဆရာမသည်ပင် ထိုကိစ္စကို ဘာမှ မတတ်နိုင်ပေ။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် မကြာသေးမီကစ၍ ယခင်ကနှင့် မတူတော့ပေ။ သူမသည် ကျန်အတန်းသားများကို အမီလိုက်နိုင်ပြီး နောက်ပိုင်းတွင် အားအင်အပြည့် ကျန်နေတတ်၏။ ၎င်းက အေခန်းဆရာမအား တကယ်ပင် ဂုဏ်ယူစေသည်။
အေခန်းမှ ကျင်းယွင်ကျောင်းနှင့် ဘီခန်းမှ ချောင်ဟုန်ယဲ့နှစ်ဦးလုံးသည် ထိပ်ဆုံးကျောင်းသားများ ဖြစ်ကြ၏။ သို့သော် သူတို့သည် အားကစားချိန်၌ ဝန်ထုပ်ဝန်ပိုးများ ဖြစ်ကြသည်။ ပထမတစ်ယောက်သည် ခံနိုင်ရည်မရှိ၍ ဒုတိယတစ်ယောက်သည် အမြဲတမ်း ဗိုက်အောင့်၊ ခေါင်းကိုက် အကြောင်းပြချက် ပေးတတ်၏။
ချောင်ဟုန်ယဲ့သည် အားကစားချိန်ကို အမုန်းဆုံးဖြစ်၍ သူမသည် အချိန်တိုင်း နေမကောင်းဟန်ဆောင်တတ်သည်။ အခြားကျောင်းသားများကလည်း ချက်ချင်းပင် သူမအား အပြေးအလွှား အလိုလိုက်ကြ၍ ဆရာသည်လည်း ဘာမှ မတတ်နိုင်ပေ။ ထို့ကြောင့် မကြာခဏပင် ကျန်သော ကျောင်းသားများက အမောလွန်၍ သေမတတ်ဖြစ်နေကြချိန်များတွင် ချောင်ဟုန်ယဲ့က ဘေးမှနေ၍ သူတို့အား သိမ်သိမ်မွေ့မွေ့လေး စောင့်ကြည့်နေတတ်သည်။
အားကစားလုပ်ပြီး ချွေးသံတရွှဲရွှဲဖြစ်နေသော မိန်းကလေးများနှင့် ယှဥ်ပါက ချောင်ဟုန်ယဲ့၏ လန်းဆန်းတက်ကြွမှုက အလိုအလျောက်ပင် ပို၍ နှစ်သက်ချင့်စဖွယ်ဖြစ်နေတော့၏။
"ဆရာ၊ ကျွန်မ..."
သူမသည် ထုံးစံအတိုင်း ပြောရန် ပါးစပ်ဟလိုက်သည်။
"ရပြီ၊ ဟိုမှာ သွားထိုင်နေ"
အားကစားဆရာက လက်ယမ်းပြလိုက်ပြီး စကားဖြတ်ပြောလိုက်၏။ တကယ်တမ်း သူသည် ပျော့ညံ့သော မိန်းကလေးတစ်ယောက်ကို သဘောမကျပေ၊ သို့သော် သူမ၏ အဆင့်များက ကောင်းနေသည်။ သူနှင့် အတန်းပိုင်ဆရာမ ထိုအကြောင်းကို ပြောသည့်အခါတိုင်း သူ့အား တစ်ခုခုလုပ်ခြင်းမှ တားမြစ်တတ်၏။ ထို့ကြောင့် သူဘာလုပ်နိုင်မည်နည်း။ သူသည် မျက်စိတစ်ဖက်မှိတ်ထားရုံသာပင်။
ဘီခန်းဆရာ၏ စကားကို ကြားသောအခါ အေခန်းဆရာမက အားရပါးရပြုံးလိုက်ပြီး တမင်တကာ မေးလိုက်သည်။
"ကျင်းယွင်ကျောင်း၊ မင်းရဲ့ခန္ဓာကိုယ်က အဆင်ပြေသေးရဲ့လား"
နှစ်ယောက်စလုံးသည် စာတော်သော ကျောင်းသားများဖြစ်ကြပြီး ထိခိုက်လွယ်သော ခန္ဓာကိုယ်များရှိကြသည်။ သို့သော် ချောင်ဟုန်ယဲ့က မလုပ်နိုင်စဥ်၌ ကျင်းယွင်ကျောင်းက သူမ၏ အတန်းနှင့် အမီလိုက်နိုင်၏။
"ဟုတ်"
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ဆရာမက ဘီခန်းဆရာအား ကျေနပ်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလိုက်၏။
"ကျင်းယွင်ကျောင်း၊ ဒီတစ်ခါ မင်း အတန်းကို ဦးဆောင်ရမယ်"
ယခုအချိန်တွင် ဘီခန်းသည် မကျေမနပ်ဖြစ်နေသည်။ ကျင်းယွင်ကျောင်းက ပြေးနိုင်လျှင် အဘယ်ကြောင့် သူတို့၏ ချောင်ဟုန်ယဲ့က မလုပ်နိုင်သနည်း။ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းထက် ပိုဝ၍ ပိုလည်း ကျန်းမာသည်။ သူမက အချိန်တိုင်း နေမကောင်းချင်ယောင်ဆောင်နေခဲ့ပြီး အကြောင်းပြချက် အသစ်ပင် မရှာခဲ့ပေ။
"ဆရာ၊ ကျွန်မ ဒါကို လက်မခံနိုင်ဘူး"
ချောင်ဟုန်ယဲ့၏ ထိုင်ခုံဖော်က ပထမဆုံး ထပြောလိုက်သည်။
"ချောင်ဟုန်ယဲ့က ဒီနေ့ နေ့လည်တုန်းကမှ အကောင်းကြီးပါ။ ဒါကြောင့် သူက ဘာလို့ နေမကောင်းချင်ယောင်ဆောင်ပြီး ဘေးထွက်ထိုင်နေရတာလဲ"