Chapter 113 : ရက်စက်လွန်းခြင်း
ချောင်ဟုန်ယဲ့၏ ဂုဏ်သိက္ခာကျဆင်းသွားခြင်းက ကျင်းယွင်ကျောင်း၏ ဂုဏ်သိက္ခာအား တိုက်ရိုက်ပင် တိုးတက်သွားစေ၏။ ဤနေ့တွင် လူတိုင်းနီးပါးက ကျင်းယွင်ကျောင်းအား ကရုဏာစက်နေကြသည်။
အတန်းနှစ်တန်းလုံးမှ ကျောင်းသားများသည် ယခုအချိန်တွင် ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းအား လျှို့ဝှက်၍ အဓမ္မလုယက်ခိုင်းခဲ့သည့် အကြောင်းကို ဆွေးနွေးနေကြ၏။ ချောင်ဟုန်ယဲ့၏ ထိုင်ခုံဖော်များပင် ပါဝင်၍ ကျန်းဟောင်၊ တုန်းယီ နှင့် အခြားသူများသည် ကျင်းယွင်ကျောင်း၏ အပြစ်ကင်းစင်မှုများအား အသေးစိတ် စတင်ပြောဆိုနေကြသည်။ ကျင်းယွင်ကျောင်း၏ ဝန်းကျင်မှ ကောလဟာလဟောင်းများ အားလုံးသည် ချက်ချင်းပင် ရှင်းလင်းသွား၍ ပြန်ရှာမရတော့ဟုပင် ယူဆ၍ရ၏။
"သူက ဒါနဲ့ပဲ တန်တယ်"
ရှောင်ဟိုင်ချင်းသည် ချောင်ဟုန်ယဲ့ အပစ်ပယ်ခံရသည်ကို ကြားသောအခါ ချက်ချင်းပင် ပျော်ရွှင်မြူးတူးသွားသည်။
"ယွင်ကျောင်း၊ ငါ အခုပဲ ဘီခန်းကို တစ်ချက် သွားကြည့်လာတာ။ ချောင်ဟုန်ယဲ့က အခု သူ့စာရေးခုံပေါ်မှာ မှောက်ငိုနေတယ်။ သူက ငိုနေတဲ့ အလှလေးနဲ့တူပေမယ့် ဘယ်သူကမှ သူ့ကို အာရုံမစိုက်ကြဘူး။ သူ့ကို ချော့နေကျ ကောင်လေးတွေအားလုံးက အခု သူနဲ့ပတ်သတ်ရမှာကို ကြောက်နေကြတယ်။ ကောင်းလိုက်တဲ့ ခံစားချက်ကွာ"
ရှောင်ဟုန်ချင်းက ကျင်းယွင်ကျောင်း တစ်ယောက် ချောင်ဟုန်ယဲ့ကို ပညာပေးရန် လူရှာရာ၌ ကူညီပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် ရှောင်ဟိုင်ချင်းက ချောင်ဟုန်ယဲ့၏ ကောလဟာလများက အမှန်မဟုတ်ကြောင်း သတိထားမိ၏။ သူတို့မှားသွားသည့်အချက်မှာ ချောင်ဟုန်ယဲ့၏ ဒေါသများကို ပိုတိုးလာစေခြင်းဖြစ်၏။ စင်စစ် ကျောင်းဝင်ခွင့်ရပြီးကတည်းက ကျင်းယွင်ကျောင်းသည် ဤအထင်အမြင်လွဲမှားမှုများကို ဆက်တိုက်ခံစားခဲ့ရသည်။ ချောင်ဟုန်ယဲ့အား သူမဖော်သည့်ဆေး၏ အရသာကို ပြန်ခံစားစေခြင်းကသာ တရားမျှတမည်ဖြစ်၏။
"ဟိုင်ချင်း၊ ကျေးဇူးအများကြီးတင်ပါတယ်နော်"
ကျင်းယွင်ကျောင်းက ရယ်ရင်း ပြောလိုက်သည်။ ရှောင်ဟိုင်ချင်းက သူမအား မျက်စောင်းတစ်ချက်ထိုးလိုက်၏။
"နင်က ငါ့ကို ဘာအတွက် ကျေးဇူးတင်နေတာလဲ။ ငါတို့ကြားမှာ ကျေးဇူးတွေမလိုပါဘူး"
"အိုး ဟုတ်သားပဲ။ ချောင်ဟုန်ယဲ့က အခု ကံဆိုးနေပြီဆိုပေမယ့် နင့်ရဲ့ဖြူစင်မှုကို မယုံတဲ့သူတွေ ရှိသေးတယ်။ ငါပြောမယ်၊ သူတို့အားလုံးက ကန်းနေကြတာပဲ"
ရှောင်ဟိုင်ချင်းက တဖန် ရှူးရှူးရှားရှား ဖြစ်လာပြန်သည်။ ကျင်းယွင်ကျောင်းနှင့် တွေ့ပြီးကတည်းက သူမ၏ သည်းခံနိုင်စွမ်းမှာ ဆိုးသထက် ဆိုးလာ၏။ ရှောင်ဟိုင်ချင်းကဲ့သို့ အစကတည်းက ဒေါသကြီးသောသူကို ရန်လာစသည့် မည်သူမဆို သေချာပေါက် ကံဆိုးမည်သာဖြစ်သည်။ တစ်ဖက်တွင်တော့ ကျင်းယွင်ကျောင်းသည် ရေအေးအေးတစ်ခွက်နှင့်တူ၏။ သူမသည် အပေါ်ယံဆန်ပြီး စိတ်အားထက်သန်မှုကင်းမဲ့လေရာ ၎င်းက ရှောင်ဟိုင်ချင်းအား သူမ၏ အပြုအမူများအပေါ် စိုးရိမ်ပူပန်စေသည်။
"ငါတို့ နောက်တစ်ချိန်က အားကစားအချိန်မဟုတ်လား။ ငါသာ တကယ် ကိုယ်ဝန်ရှိနေရင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ဘာမှလုပ်မှာမဟုတ်ဘူး"
ကျင်းယွင်ကျောင်းက အေးချမ်းစွာပင် ပြောလိုက်၏။
ဤအားကစားလေ့ကျင့်ချိန်အတွက် အေခန်းနှင့် ဘီခန်းသည် အတူတကွ လေ့ကျင့်ကြရသည်။ ဤကဲ့သို့သော အချိန်တိုင်း အတန်းနှစ်တန်းသည် တစ်တန်းနှင့်တစ်တန်း အပြိုင်အဆိုင်ပင်။
ဤတစ်ကြိမ်တွင်လည်း ထူးမခြားနားပေ။ အချိန်ကျလာသောအခါ ကျောင်းသားများသည် သူမ၌ ကိုယ်ဝန်ရှိ၊ မရှိကို သူတို့ကိုယ်တိုင် တွေ့မြင်ကြရမည် ဖြစ်သည်။ သူမအတွက် ရှင်းပြနေရန် မလိုပေ။
ရှောင်ဟိုင်ချင်းက သူမ၏ သဘောတူညီမှုကို ပြသည့်အနေဖြင့် လက်မနှစ်ဖက် ထောင်ပြလိုက်သည်။
မကြာမီ ခေါင်းလောင်းသံမြည်လာ၍ အတန်းနှစ်တန်းသည် ကစားကွင်းထဲသို့ ပြေးထွက်လာကြ၏။ ချောင်ဟုန်ယဲ့က သူတို့၏ နောက်မှ စိတ်လွတ်နေသည့်အလား တုံဋိဘာဝေ လိုက်ပါလာရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျင်းယွင်ကျောင်းအား ဝင်တိုက်မိတော့သည်။
ကျင်းယွင်ကျောင်းသည် ပိန်နေသေးသော်လည်း သူမ၏ နေရာလွတ်နယ်မြေထဲ၌ ကိုယ်ခံပညာကို လပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူမသည် အလွန်သန်မာနေပြီ ဖြစ်ပြီး တမင်တကာလည်း အားအချို့ထည့်ထားရာ ချောင်ဟုန်ယဲ့သည် မြေကြီးပေါ်သို့ လဲကျသွားသည်။
ချက်ချင်းပင် ချောင်ဟုန်ယဲ့၏ မျက်လုံးများက ထပ်မံ၍ နီရဲသွား၏။
ကျင်းယွင်ကျောင်းသည် သူမ၏ ညီမလေးက မျက်ရည်ဂလင်းကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်သဖြင့် အတော်လေး လေးစားမိသည်။ သို့သော် မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက သူမအား ဆက်၍ လျစ်လျူရှုထားပြီး လူတိုင်းကလည်း ထိုနည်းတူပင်။
နောက်မှ ချောင်ဟုန်ယဲ့သည် သူမ၏ ခြေဖဝါးကို ရုန်းကန်ပြီး အော်ခေါ်လိုက်၏။
"ကျင်းယွင်ကျောင်း"
"ဘာလဲ"
ကျင်းယွင်ကျောင်းက ခေါင်းအနည်းငယ်ငဲ့၍ နောက်သို့ ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲ၌ အထင်သေးမှုများနှင့်ပင်။ ချောင်ဟုန်ယဲ့သည် ချက်ချင်းပင် ရန်စခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမက နှုတ်ခမ်းကိုက်လိုက်ပြီး ဆက်ပြော၏။
"နင် ဒါက ဘာလုပ်တာလဲ။ ငါက နင့်ကို ငါ့အစ်မလို့ပဲ ယူဆထားတာပါ။ ဒါကို နင်က ငါ့ကို ဘာလို့ ဒီလိုဆက်ဆံရတာလဲ။ ဘာလို့ ငါ့ကို ဒီလောက် မတရားဆက်ဆံရတာလဲ"
ယခင် စာသင်ချိန်များ၌ သူမသည် ပတ်ဝန်းကျင်၌ ပြန့်နေသော ကောလဟာလများကို တိတ်တိတ်လေး နားထောင်ခဲ့ပြီးဖြစ်ရာ လူအများပြောနေကြသည့် သူမ၏ အကြောင်းများကို သိရှိသွားပြီဖြစ်သည်။ ထိုအကြောင်းကို တွေးတောဆင်ခြင်ပြီးနောက် နောက်ဆုံး သူမသည် ကောလဟာလများ၏ ရင်းမြစ်ကို ကောက်ချက်ချလိုက်နိုင်၏။
ထိုညက သူမ တည်းခိုခန်းအပြင်၌ ဆုံခဲ့သောလူများ၏ လက်ချက်ပင် ဖြစ်ရမည်။ အခြားကျောင်းသားများက ထိုလူများ ယူသွားသည့် ဓါတ်ပုံများကို မြင်သွားခြင်း ဖြစ်ရမည်။ ထို့အပြင် ဤကိစ္စများအားလုံး၏ နောက်ကွယ်မှ လူသည် ကျင်းယွင်ကျောင်းသာဖြစ်ကြောင်း သူမ သေချာ၏။ ကျင်းယွင်ကျောင်းက ကောင်းရှင်းကို ဖမ်းမိပြီး ချောင်ဟုန်ယဲ့က အတိတ်က လုပ်ခဲ့သော အရာအားလုံးကို သိသွားသည်၊ ထို့ကြောင့် ကျင်းယွင်ကျောင်းက သူမကို ကိုင်တွယ်ရန် တူညီသော နည်းလမ်းများကို သုံးနေခြင်းဖြစ်၏။
ကျင်းယွင်ကျောင်း နင်က ရက်စက်လွန်းတယ်။