Chapter 112: ပေါင်းပင်တစ်ပင်၏ ခံနိုင်ရည်
လူတစ်ယောက်အား နှစ်သက်လျှင် သူမ၏ စကားလုံးတိုင်းအား ဂရုစိုက်ပေးနေသကဲ့သို့ မှတ်ယူနိုင်သော်လည်း ယခုအချိန်၌ ချောင်ဟုန်ယဲ့၏ အတန်းဖော်က သူမအား အလွန်မုန်းတီးနေသည်ဖြစ်ရာ သူမ၏ စကားများက နားထဲ၌ လုံးလုံးလျားလျား ကန့်လန့်ဖြစ်နေသည်မှာ သဘာဝပင်။ ယခင်က ချောင်ဟုန်ယဲ့သည် ရှင်းရှင်း၏ မိဘများအကြောင်းကို ထင်ယောင်ထင်မှား ဖြစ်စေသောအပြုအမူဖြင့် ပြောခဲ့ပြီး ရှင်းရှင်းအား သူမ၏ အဖေသည် အငယ်အနှောင်းထားနိုင်ခြေရှိကြောင်း သတိပေးခဲ့ကာ သူမ၏ အမေအား တတ်နိုင်သမျှ ကြိုတင် သတိပေးထားရန် ပြောခဲ့သည်၊ ရလဒ်မှာ အဆူအငေါက် ခံခဲ့ရ၏။
ယခုအချိန်၌ ချောင်ဟုန်ယဲ့၏ ထိုင်ခုံဖော်သည် ထိုအကြောင်းကို တွေးလေလေ ချောင်ဟုန်ယဲ့က ထိုကိစ္စကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်။
ထို့အပြင် ယခုအချိန်၌ သူမသည် ချောင်ဟုန်ယဲ့နှင့် သူမ၏ ကြားတွင် နှိုင်းယှဥ်စရာတစ်ခုအဖြစ် အသုံးချခံရသည့် ပေါင်းပင်လေးတစ်ပင်ဖြစ်ခဲ့သည်ဟု ယုံကြည်နေ၏။ အခြားတစ်ယောက်၏ မြေဆီလွှာအဖြစ် အသုံးချခံရန် မည်သူက မွေးလာချင်မည်နည်း။ အကယ်၍ ချောင်ဟုန်ယဲ့သာ အမှန်တကယ် သန့်စင်သော မိန်းကလေးဖြစ်ပါက အဆင်ပြေသော်လည်း လက်တွေ့၌ ချောင်ဟုန်ယဲ့က ထိုသို့မဟုတ်။ သူမ၏ အပြုအမူများသည် ပုံမှန်ကျောင်းသားများ လုပ်တတ်သည့် အပြုအမူများ မဟုတ်ပေ။ ရှင်းရှင်းက ချောင်ဟုန်ယဲ့သည် သူမ၏ မျက်လုံးများကို စွန်းထင်းစေသည့်အလား ခံစားလိုက်ရသည်။
ချောင်ဟုန်ယဲ့က သူမ၏ ထိုင်ခုံဖော်ကြောင့် အံ့သြတုန်လှုပ်သွားပြီး မျက်နှာက ချက်ချင်း နီရဲလာ၏။
"ရှင်းရှင်း၊ ငါက နင်အတွက် စိတ်ပူရုံပါ"
သူမက စိတ်ထိခိုက်သွားသော အသံဖြင့် တုံ့ပြန်လိုက်သည်။
ယခင်က ချောင်ဟုန်ယဲ့သာ ဤကဲ့သို့ ကြင်နာတတ်သော အမူအယာကို ထုတ်ပြလိုက်ပါက တစ်စုံတစ်ယောက်က သူမအား ကာကွယ်ရန် ချက်ချင်း ထွက်ပေါ်လာလိမ့်မည်ဖြစ်၏။ သို့သော် ယနေ့တွင်တော့ မတူပေ။ သူမသည် လူတိုင်း ရွံရှာကြသည့် ရောဂါပိုးတစ်ခုလို ဖြစ်နေ၏။
ယခင် ပန်းကာကွယ်သူနှစ်ယောက်ဖြစ်သည့် ကျန်းဟောင်နှင့် တုန်းယီသည် ပို၍ နောင်တရလာသလိုပင် ခံစားနေရပြီး သူတို့ ဘယ်လိုများ ဤကဲ့သို့သော ကလိမ်ကကျစ်ကို သဘောကျခဲ့သနည်းဟု အံ့သြနေမိကြ၏။
"အတုအယောင်တွေပဲ"
ရှင်းရှင်းက သူမအား အထင်သေးစွာ ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ချောင်ဟုန်ယဲ့၏ စာရေးခုံအား အတန်း၏ အနောက်သို့ ဆွဲသွားတော့သည်။
"နင်လိုမျိုး လူညစ်ပတ်က အမှိုက်နဲ့ပဲ တန်တယ်။"
ပြီးနောက် ရှင်းရှင်းသည် ပုံမှန်အတိုင်းပင် အစောပိုင်းက သူမသောက်ထားသော ရေဘူးအား အနီးရှိ အမှိုက်ပုံးထဲသို့ လှမ်းပစ်လိုက်သည်။ ဘမ်းခနဲ မြည်သံနှင့်အတူ ရေဘူးမှ လက်ကျန်ရေများက ပန်းထွက်လာ၍ ချောင်ဟုန်ယဲ့၏ စာရေးခုံပေါ်သို့ စင်ကုန်ကြကာ ချောင်ဟုန်ယဲ့သည်လည်း သတိလက်လွတ်ဖြစ်သွားလုနီးပါး ကြောက်ရွံ့သွားခဲ့၏။
ရှင်းရှင်း အစပြုလိုက်ကတည်းက အခြားကျောင်းသားများသည်လည်း ရုတ်တရက်ပင် အမှိုက်များကို ပစ်ထည့်လာကြ၍ သိပ်မကြာမီ၌ ချောင်ဟုန်ယဲ့၏ စာရေးခုံသည် အသီးခွံများ၊ ရေစက်များ၊ အိမ်သာသုံး စက္ကူများနှင့် ဖုံးသွားပြီး သူမ၏ စာရေးခုံအား အလွန်ညစ်ပတ်သွားစေကာ သူမအား စတင်၍ တုန်လှုပ်လာစေသည်။
သူမ ဘယ်လောက်ပင် တုံးအနေပါစေ၊ တစ်ခုခုတော့ မှားနေပြီဖြစ်ကြောင်း ပြောနိုင်၏။ သူမ၏ အတန်းဖော်များသည် ပဋိပက္ခတစ်ခုဖြစ်ခဲ့လျှင်တောင်မှ သူမအား အလွန်ကောင်းမွန်စွာ ဆက်ဆံတတ်၍ တစ်ဖက်လူကပင် သူမအား တောင်းပန်လေ့ရှိသည်။ ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးပေ။
ရှင်းရှင်း ကိုယ်တိုင် သူမကို ဆန့်ကျင်သည်အား ချောင်ဟုန်ယဲ့ လက်ခံနိုင်သော်လည်း ကျန်းဟောင်က ဘာမှ မလုပ်ပေးသည်ကရော။ တုန်းယီကရော သူမအား အဘယ်ကြောင့် မကူညီသနည်း။ ပြီးလျှင် သူမရဲ့ ကျန်တဲ့ အတန်းဖော်တွေကရော...သူတို့သည် ယခင်က ဤကဲ့သို့ မဟုတ်ပေ။ သူတို့က သူမအား အေပရယ်ဖူးလ်လုပ်ပြီး စနောက်နေတာများ ဖြစ်နိုင်မလား။ သို့သော် စာသင်နှစ်စခဲ့သည်မှာ အတော်ကြာပြီဖြစ်၍ ဧပရယ်ဖူးလ်က အဝေးကြီး ကျန်ခဲ့ပြီ ဖြစ်သည်။
ချောင်ဟုန်ယဲ့သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ စာရေးခုံကိုသာ မှီ၍ မတ်တပ်ရပ်နေနိုင်ခဲ့ပြီး အတန်းဖော်များ၏ သူမအား အထင်သေးနေသော အကြည့်များကို မြင်နေရခြင်းက အိပ်မက်ဆိုးထဲ၌ ရှင်သန်နေရသကဲ့သို့ ခံစားရစေ၏။ မည်သူကမှလည်း သူမအား စကားမပြောချင်ပေ၊ ထို့ကြောင့် သူမသည် အမှောင်ထဲမှာပင် ရှေ့ဆက်နေရသည်။
အချိန်က နှေးကွေးစွာ ကုန်ဆုံးသွား၏။ ဆရာမသည် ချောင်ဟုန်ယဲ့အပေါ်၌ ချစ်ခင်ကြင်နာသော အမြင်ရှိသောကြောင့် သူမက မျက်ရည်အချို့ဖြင့် တိုင်တန်းလိုက်၏။ ထို့ကြောင့် ရှင်းရှင်းလည်း သေချာပေါက် အပြစ်ပေးခံလိုက်ရသည်။ သို့ရာတွင် သူမ၏ အတို့အထောင်လုပ်မှုက သူမ၏ အတန်းဖော်များထံမှ မုန်းတီးရွံရှာမှုများကိုသာ ပိုတိုးစေသောကြောင့် ၎င်းက ချောင်ဟုန်ယဲ့က အနိုင်ရသည်ဟု မဆိုလိုပေ။
ကျောင်း၌ ဝိုင်းကြဥ်ခံရခြင်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းကြောင်း ကိုယ်ပိုင်အတွေ့အကြုံအရ ကျင်းယွင်ကျောင်း သိ၏။ သူမ လုပ်ခဲ့သည်များအား ထည့်မတွက်လျှင်တောင် သူမသည် အမြဲတမ်း တစ်ယောက်တည်း ဖြစ်ခဲ့သည်။ သူမအား အပျော်အပျက်စနောက်ရန် သူမ၏ လွယ်အိတ်ကို သုံးပြီး ဒုက္ခပေးတတ်သူများကိုလည်း စောင့်ကြည့်ခဲ့ရ၏။ လမ်းလျှောက်နေစဥ်အတွင်း တစ်စုံတစ်ယောက်က ပြေးလာပြီး သူမအား ခလုတ်တိုက်အောင် ခြေထိုးခံမည်လား၊ မခံမည်လားကိုလည်း စိတ်ပူနေရသည်။ မိနစ်တိုင်းတွင် သူမသည် အခြားကျောင်းသားများအား သတိထားစောင့်ကြည့်နေရ၏။ အခြားသူများအတွက်မူ သူတို့၏ အပြုအမူများက အသေးအဖွဲ့များသာ ဖြစ်သော်လည်း နစ်နာသူအတွက်မူ ၎င်းက ကမ္ဘာကြီးက သူတို့အား စွန့်ပစ်လိုက်သည့် ခံစားချက်နှင့်ညီမျှသည်။
ဤတစ်ကြိမ်တွင်တော့ အစွန့်ပစ်ခံရသူက ချောင်ဟုန်ယဲ့ပင်။
ဘီခန်းသည် ညာဘက်ကပ်ရပ်တွင် ရှိရာ၊ အေခန်းတွင် ဖြစ်သမျှအရာအားလုံးသည် ဘီခန်းသို့ ချက်ချင်း ရောက်နိုင်၏။ ပြောဖို့မလိုအောင်ပင်၊ ချောင်ဟုန်ယဲ့သည် လူတိုင်း၏ ပစ်မှတ်အသစ် ဖြစ်လာကြောင်း ကျင်းယွင်ကျောင်း ကြားသိပြီးဖြစ်၍ ချက်ချင်းပင် သူမ၏ နှလုံးသားထဲရှိ တင်းကြပ်နေသော အနှောင်အဖွဲ့တစ်ခု ပျက်ပြယ်သွားသလို ခံစားလိုက်ရသည်။