Chapter 111
Viewers 14k

Chapter 111 : ပန်းကာကွယ်သူ


ယခုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ သိုးမွေးချည်သည် ဆက်ဆွဲတင်၍ မရတော့ပေ။ နှစ်ယောက်စလုံးက ချောင်ဟုန်ယဲ့သည် သူမ ကိုယ်တိုင် ထုတ်ဖော်ပြသမည့်သူမဟုတ်ကြောင်း နားလည်သဘောပေါက်သွားကြသည်။ နောက်ပိုင်း၌ ကျင်းယွင်ကျောင်းအပေါ်ထားသော သူတို့၏ ခံစားချက်များမှာလည်း အနည်းငယ် ရှုပ်ထွေးလာကြ၏။


ယခင်က သူတို့သည် ကျင်းယွင်ကျောင်းအား မကောင်းသောသူတစ်ယောက် အဖြစ် သတ်မှတ်ခဲ့ပြီး သူမအကြောင်း သွားပုပ်လေလွင့်ပြောသည့်အခါ၌ ရှက်သည်ဟူ၍ မခံစားခဲ့ရပေ။ သို့ရာတွင် ယခုအချိန်၌ သူတို့သည် အပြစ်ရှိသည်ဟု မခံစားရဘဲ မနေနိုင်တော့။


မိန်းကလေးကျောင်းသူ နှစ်ယောက်၊ သုံးယောက်လည်း ချောင်ဟုန်ယဲ့၏ ဓါတ်ပုံများကို မြင်တွေ့ခဲ့ပြီး ကျန်းဟောင်၊ တုန်းယီ တို့နှင့် ယှဥ်ပါက သူတို့သည် စိတ်ဓါတ်ကျသည်ထက် လှည့်စား၍ သစ္စာဖောက်ခံရသည်ဟု ပို၍ ခံစားနေရသည်။


မိန်းကလေးများ အနေနှင့် သူတို့သည် ချောင်ဟုန်ယဲ့အား နှစ်သက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကြင်နာတတ်၍ သန့်စင်သောပုံစံကြောင့်ဖြစ်သည်။ သို့ရာတွင် ယနေ့၌ လူများစွာက သူမ၏ ပုံစံအစစ်အမှန်ကို ပြစ်တင်ပြောဆိုနေကြလေပြီ၊ သူမသည် သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်ပင်။ ၎င်းက သူတို့၏ နှလုံးသားထဲရှိ ရှုပ်ထွေးသော ခံစားချက်များကို မြင့်တက်လာစေသည်။ ယခုအချိန်တွင် သူတို့သည် သူမနှင့် သူငယ်ချင်းဆက်ဆံရေးကို လုံးဝဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြရုံသာမက ရွံစရာတစ်ခုအဖြစ် စတင်၍ ခပ်ခွာခွာနေလာကြ၏။


သို့ရာတွင် ချောင်ဟုန်ယဲ့၏ လွှမ်းမိုးမှုများအောက်၌ ဤမိန်းကလေးများသည် တခြားသူများအား သွားပုပ်လေလွင့်ပြောဆိုတတ်သည့် မကောင်းသောအကျင့် တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူတို့သည် ဒေါသဖြစ်နေသဖြင့် ကျောင်းသို့ရောက်ပြီးသည်နှင့် ချက်ချင်းပင် ကိစ္စတစ်ခုလုံးကို ဖြန့်ဝေကြတော့၏။


သူတို့၏ ဤကဲ့သို့ အတင်းပြောတတ်သည့် အကျင့်စရိုက်သည် ကျင်းယွင်ကျောင်းက သူတို့အား ရွေးထုတ်ခဲ့သည့် အကြောင်းအရင်းပင်။ သူမသည် ချောင်ဟုန်ယဲ့အား ဖိအားပေးခဲ့ပြီး အကယ်၍ ချောင်ဟုန်ယဲ့၏ ပန်းကာကွယ်သူများက ဤအခြေအနေကို ရှင်းလင်းရန် ဝင်ပါလာလျှင်တောင်မှ ချောင်ဟုန်ယဲ့အတွက် သူမအကြောင်း ကောလဟာလများကို လွတ်လွတ်လပ်လပ် ဆက်ဖြန့်နေသည်ကို သက်သေပြရန် ခဲယဥ်းလိမ့်မည်။


ချောင်ဟုန်ယဲ့သည် ပုံမှန်အတိုင်း သန့်စင်၍ တက်ကြွသော ဝတ်စုံကို ဝတ်ဆင်ကာ နာခံမှုရှိသော မိန်းကလေးတစ်ယောက်၏ စံပြပုံရိပ်အတိုင်း သူမ၏ ဖြောင့်စင်းသော ဆံပင်များကို ပဝါတစ်ခုနှင့် စည်းနှောင်ကာ ကျောင်းလာသည်။


သူမ ကျောင်းသို့ စောစောရောက်သည်ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့၊ အကြောင်းမှာ သူမ လမ်းလျှောက်သွားသည့်အခါ၌ လူတိုင်း၏ အဓိက အာရုံစိုက်မှုတစ်ခုလာသောကြောင့် ဖြစ်သည်၊ ယနေ့လည်း ထူးမခြားနားပင်။


ကံခေစွာဖြင့် သူမ၏ လေးပင်တုံ့ဆိုင်းမှုကြောင့် သူမ၏ ဂုဏ်ကျက်သရေရှိလှသော ကိစ္စကြီးအား သူမ၏ အတန်းဖော်များ သိပြီးဖြစ်ကြောင်းကို သူမ, မသိခဲ့။


သူမ ထိုင်လိုက်သည်နှင့် မသိစိတ်အလျောက် သူမ၏ စာရေးခုံထဲသို့ လက်လှမ်းလိုက်ပြီး အတွင်းထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ သို့သော် သူမ၏ လက်သည် လေဟာနယ်ကိုသာ ထိတွေ့လိုက်ရ၏။ သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။ မနက်ခင်းတိုင်း ကျန်းဟောင်နှင့် တုန်းယီသည် သူမ၏ စာရေးခုံထဲ၌ နွားနို့တစ်ဘူး ထည့်ထားပေးတတ်သည်။ ဘာလို့ ဒီနေ့ မရှိတာလဲ။ သူတို့ မေ့နေကြတာလား။


ချောင်ဟုန်ယဲ့က အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် သူမက စိုးရိမ်နေသော အမူအရာဖြင့် သူမ၏ ထိုင်ခုံဖော်အား လှည့်ပြောလိုက်သည်။


"ရှင်းရှင်း၊ နောက်ကျရင် ကျန်းဟောင်နဲ့ တုန်းယီကို နေ့တိုင်း ငါ့ဆီကို နွားနို့မပို့ဖို့ ကူပြောပေးပါ့လားဟင်၊ တစ်ဘူးကို အတော်လေး စျေးကြီးတယ်လေ"


ဘေးမှ ရှင်းရှင်းက သူမအား အထင်သေးစွာ ကြည့်လိုက်၏။ ယခင်က သူမ အဘယ်ကြောင့် ချောင်ဟုန်ယဲ့၏ မျက်နှာနှစ်ဖက်ရှိသော စရိုက်ကို မမြင်နိုင်ခဲ့သနည်း။ အသေအချာပင် ထိုအရာများအား ချစ်သောမျက်စိဖြင့် ကြည့်မိသဖြင့် မမြင်နိုင်ခဲ့ဘဲ ခင်မင်မှုအတွင်း နစ်မြှုပ်နေ၍လည်း မျက်ကန်းဖြစ်နေခဲ့ရသည်။ 


"ဟုန်ယဲ့၊ နင် ဒီကို မရောက်ခင်ဘဲ ကျန်းဟောင်နဲ့သူ့အဖော်က သူတို့ နွားနို့ကို သူတို့ဘာသာ သောက်လိုက်ပြီလို့ ငါ့ကို ပြောတယ်။ တကယ်လို့ နင် နွားနို့သောက်ချင်ရင် နင့်ဟာနင် သွားဝယ်လေ"


သူမက မထုံတက်သေးပင် တုံ့ပြန်လိုက်၏။ ထိုသို့ ပြောနေရင်း ချောင်ဟုန်ယဲ့ သူမ၏ ပစ္စည်းများအား ထိမိခြင်းမှ ကာကွယ်ရန် တစ်ဖက်သို့ ရွေ့နေသည်။


လမ်းများပေါ်၌ ဘေးနားတွင် ယောက်ျားသားများဝိုင်းထား၍ ကျီစယ်နေသည့် အပြစ်ကင်းစင်ဟန်နှင့် ချောင်ဟုန်ယဲ့အား မြင်ယောင်ရင်း စိတ််ကူးမိလိုက်ရုံနှင့်ပင် သူမအား ရွံရှာစက်ဆုပ်မှုကို ခံစားရစေ၏။ သူမသည် ချောင်ဟုန်ယဲ့နှင့် လက်ချင်းတွဲ၍ လမ်းလျှောက်နေကျဖြစ်သည်၊ သူမ၏ ထိုချောင်ဟုန်ယဲ့နှင့် ထိမိခဲ့သော နေရာများမှ အဖုအပိမ့်များ ထွက်လာလိမ့်မည်လား ဆိုသည်ကို မည်သူ သိမည်နည်း။


ချောင်ဟုန်ယဲ့သည် နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်သွားပြီး အနည်းငယ် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။


"ရှင်းရှင်း၊ နင် ဘာပြောလိုက်တာလဲ။ ငါ နင့်ကို ဒေါသထွက်အောင်များ တစ်ခုခု မတော်တဆလုပ်မိလို့လား"


သူမ၏ ထိုင်ခုံဖော်က ပါးစပ် မဟရသေးမီမှာပင် ချောင်ဟုန်ယဲ့က အလင်းပွင့်သွားသကဲ့သို့ ရုတ်တရက် ထပြောလိုက်၏။


"ငါသိပြီ၊ နင့်ရဲ့မိဘတွေ ထပ်ရန်ဖြစ်လို့လား။ ထပ်ပြီးတော့ ဝမ်းမနည်းပါနဲ့၊ အရွယ်ရောက်ပြီးသားသူတွေရဲ့ ပြဿနာတွေကို ငါတို့မထိန်းချုပ်နိုင်ဘူးလေ။ ဘာပဲပြောပြော သူတို့က အရမ်းရှုပ်ထွေးတယ်။ နင့်ရဲ့မိဘတွေ စကားများကြပြီး နောက်ပိုင်း ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ရင်တောင် သူတို့က နင့်ကို အမြဲတမ်း ချစ်နေမှာပါ။ အခုအချိန်မှာ နင်က အပူအပင်ကင်းတဲ့ ကျောင်းသားတစ်ယောက်ဘဝကို အာရုံစိုက်ထားဖို့ဘဲ လိုတယ်"


ချောင်ဟုန်ယဲ့က မကျေမနပ်ဖြစ်နေသော်လည်း သူမ၏ ပုံမှန်အပြုအမူများနှင့် ကိုက်ညီစွာပင် စကားပြောနေသေးသည်။


"ချောင်ဟုန်ယဲ့ ..."


သူမ၏ ထိုင်ခုံဖော်က စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး ပြောလာ၏။


"ငါ့မိဘတွေရဲ့ ဆက်ဆံရေးက နင်နဲ့ ဘာဆိုင်လို့တုန်း။ သူတို့က ရန်ဖြစ်ရုံပဲကို နင်က သူတို့ကို ရှုံ့ချနေဖို့ လိုလို့လား။ နင်က ကွာရှင်းတဲ့အထိတောင် ပြောပြီးပြီ။ သူတစ်ပါး ပျော်နေတာကို မြင်ရရင် နင် စိတ်မသက်မသာ ဖြစ်လို့ မဟုတ်လား ဟင်"