Chapter 110
Viewers 14k

Chapter 110 : အမှန်တရားထံမှ ပါးရိုက်ချက် တစ်ချက် လက်ခံရရှိခြင်း 


ဤလမ်းသရဲနှစ်ယောက်သည် သွေးထိုးခြင်းအမှုကို လွန်စွာမှ ကျွမ်းကျင်ကြ၍ စည်းမကျော်ရမည့် အချိန်အခါနှင့် လွန်ကဲသော ကိစ္စများ မလုပ်ရမည်ကိုလည်း သိကြသည်။ သူတို့သည် သွေးထိုးစကားများ ပြောပြီးသည်နှင့် ဘာမှမဖြစ်ခဲ့သလိုပင် ဓါတ်ပုံများကို ယူ၍ ပျော်ပျော်ရွှင်ရွှင် ထွက်သွားကြလေ၏။


နောက်တွင် ကျန်ခဲ့သော သက်ဝင်ယုံကြည်သူများဖြစ်သည့် ကျန်းဟောင်နှင့် တုန်းယီ ဤယောက်ျားလေးနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မျက်လုံးများဝိုင်း၍ စိုက်ကြည့်နေကြသည်။


"ငါ...ငါ အခု အိပ်မက်မက်နေတာ မဟုတ်ဘူးမလား"


ကျန်းဟောင်က သူ၏ မျက်နှာပေါ်တွင် ထုံထိုင်းထိုင်း အမူအယာဖြင့် စောဒကတက်လိုက်၏။


တုန်းယီက သူ၏ ပါးစပ်ကို အကြိမ်ရေ အနည်းငယ် ဖွင့်လိုက်ပိတ်လိုက် လုပ်နေပြီးနောက် ပြန်တုံ့ပြန်လာသည်။


"တကယ်ကြီး ငါတို့ အိပ်မက်မက်နေတာဆိုရင် ပိုကောင်းမယ်။ ဒါပေမယ့် ဒါက အိပ်မက်မဟုတ်ဘူး....ချောင်ဟုန်ယဲ့၊ သူ...သူက ငါတို့ထင်ထားတာနဲ့ လုံးဝကွာခြားတာပဲ"


သူတို့၏ မှတ်ဥာဏ်များထဲရှိ ချောင်ဟုန်ယဲ့သည် ရေပူစမ်းအိုင်လေးနှင့် တူ၏။ သူမသည် အမြဲတမ်း ပျော့ပျောင်း၍ နူးညံ့သော အသံဖြင့် စကားပြောလေ့ရှိပြီး သူမ၏ မျက်လုံးများထဲတွင် ချိုမြိန်သောအလွှာခပ်ထူထူလေး ရှိနေသည်။ လူများက သူမ၏ မျက်လုံးထဲသို့ ကြည့်လိုက်သည့်အခါတိုင်း သူတို့သည် သူတို့ကိုယ်သူတို့ ပျောက်ဆုံးသွား၍ သူတို့ပိုင်ဆိုင်ထားသည့် အကောင်းဆုံးအရာများကို သူမအား လက်ဆောင်ပေးချင်စိတ်များ ပြင်းပြလာ၏။


သူမ၏ အဆင့်များသည် အလွန်ကောင်းသည်။ သူမ၏ ပုံပန်းသွင်ပြင်ကလည်း ပထမတန်း၊ သူမ၏ စိတ်ထားကလည်း အလွန်မြင့်မြတ်၏၊ သူမ၏ အကျင့်စရိုက်သည်လည်း အမွန်မြတ်ဆုံးပင်။ သူမသည် အမြဲတမ်း လက်တွေ့ဆန်သည့် ခံစားချက်များနှင့် ကင်းကွာနေသော်လည်း ၎င်းက လူများအား သက်တောင့်သက်သာရှိ၍ ပျော်ရွှင်စေသည်။


ကျန်းဟောင်နှင့် တုန်းယီသည် အချင်းချင်း ညီအစ်ကိုများဟု ခေါ်နိုင်လောက်သည်အထိပင် ကောင်းမွန်သော ဆက်ဆံရေးရှိ၏။


အမှန်ပင်၊ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက် သူတို့ ချောင်ဟုန်ယဲ့ကို ကြိုက်နေမှန်းလည်း သိကြသည်။ သို့သော် ချောင်ဟုန်ယဲ့အား ပြဿနာများပေးခြင်းမှ ရှောင်ကြဥ်ရန် အလို့ငှာ သူတို့နှစ်ယောက်သည် မျှမျှတတ ယှဥ်ပြိုင်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့၍ ဤအချစ်ဦး၏ လှပသောပုံပြင်လေးတွင် အနိုင်ရမည့်နေ့အား စောင့်စားနေကြ၏။ သူတို့သည် ချောင်ဟုန်ယဲ့နှင့်အတူ တက္ကသိုလ်တက်၍ လူတိုင်း မနာလိုအားကျရသော ပြီးပြည့်စုံသည့် စုံတွဲတစ်တွဲဖြစ်လာရန်အထိပင် များစွာ တွေးတောထားကြသည်။


မမျှော်လင့်ဘဲ အမှန်တရားက သူတို့အား ခပ်ပြင်းပြင်း ပါးရိုက်ချက်နှစ်ချက် ပေးလိုက်၏။


ဓါတ်ပုံများတွင် ပြထားသော လုပ်ရပ်များမှာ သူတို့ စိတ်ကူးပင် မယဥ်ရဲကြသော ကိစ္စများဖြစ်သည်။ အကြောင်းမှာ သူတို့သည် သူတို့၏ နတ်ဘုရားမအား ပြစ်မှားနေမိသည်ဟု အမြဲခံစားရသောကြောင့် ဖြစ်၏။ သူတို့ သူမအပေါ်ထားရှိသည့် ဤသန့်စင်သော အချစ်သည် တိုက်စားခံလိုက်ရပြီး အကျည်းတန်၍ ညစ်ညမ်းသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။


သူတို့နှစ်ဦးစလုံးသည် သူတို့၏ ဝိညာဥ်များ ဆုံးရှုံးသွားသကဲ့သို့ ခံစားနေကြရ၏။ ချောင်ဟုန်ယဲ့သည် ဤကဲ့သို့သော လူမျိုးဖြစ်သည်အား ယုံကြည်ရမည့်အစား သူမသည် သူတို့ညီအစ်ကိုများထဲမှ တစ်ယောက်နှင့် အတူတကွရှိသွားလိမ့်မည်ဟု ယုံကြည်ခြင်းက အတိုင်းအဆမသိလောက်အောင်ပင် ပို၍ကောင်းသေးသည်။ အနည်းဆုံးတော့ ဒုတိယအခြေအနေ၌ သူတို့၏ နတ်ဘုရားမသည် သန့်စင်နေသေးသည်လေ။


"အခု ဘာလဲ။ မင်းက သူ့ကို ဆက်ပြီးတော့ လူပျိုလှည့်ချင်သေးတာလား"


ကျန်းဟောင်က ရုတ်တရက် သူတို့လမ်းလျောက်လာသည်မှာ အတော်လေးကြာနေပြီမှန်း သတိထားမိလိုက်သည်။ သူတို့သည် သူတို့၏ ရှေ့ရှိ ကျောင်းဂိတ်ဝကို ဖြတ်၍ ကျောင်းဝင်းအတွင်းထဲသို့ပင် ဝင်တော့မည်ဖြစ်၏။


တုန်းယီက ခေါင်းယမ်းလိုက်သည်။


"ငါမသိဘူး၊ ငါ သူ့ရဲ့ဒီဘက်အခြမ်းကို လက်မခံနိုင်သေးဘူး။ အခုလေးတင် ငါတို့နှစ်ယောက်စလုံး ကြားခဲ့တာ မဟုတ်လား။ ချောင်ဟုန်ယဲ့က အရင်တုန်းက တစ်စုံတစ်ယောက်ရဲ့ ခြေထောက်ကိုတောင် ချိုးခိုင်းခဲ့တယ်ဆိုတာ....အိုး...ဟုတ်သားပဲ၊ မင်း စီခန်းက ကျိုးချန်းကျယ့်ကို မှတ်မိသေးလား။ သူက အထက်တန်း ပထမနှစ်စတက်တုန်းက ချောင်ဟုန်ယဲ့ကို ကြိုက်ခဲ့တာလေ။ သူက ရည်းစားစာတွေရေးပြီး သူ့ကို နေ့လည်စာဘူးတွေတောင် နေ့တိုင်း ပို့ပေးခဲ့သေးတယ်၊ သူက ငါတို့လို လူတွေကိုတောင် ချောင်ဟုန်ယဲ့နဲ့ ဝေးဝေးနေဖို့ ပြောခဲ့သေးတာ။ ပြီးတော့ သူက ကျောင်းသားအများကြီးရဲ့ရှေ့မှာ ချောင်ဟုန်ယဲ့က သူ့ရည်းစားပါလို့ ကြေညာခဲ့တယ်။ ဒါပေမယ့် သိပ်မကြာဘူး၊ သူ လမ််းသရဲတစ်စုရဲ့ အရိုက်အနှက် ခံလိုက်ရရော။ တရားခံတွေကို ဘယ်တော့မှ ဖမ်းမမိခဲ့ဘူးလေ"


"ငါ သူ့ကို မှတ်မိတယ်။ သူ့ရဲ့ အဲဒီခြေထောက်က ဆိုးဆိုးဝါးဝါးကို ဒဏ်ရာရသွားတာ၊ ပြီးတော့ သူ အိမ်မှာ လအကြာကြီး အားပြန်ဖြည့်လိုက်ရတယ်။ သူပြန်လာတော့ သူ့ခြေလှမ်းတိုင်းက ထော့ကျိုးထော့ကျိုးနဲ့ ခွေယိုင်နေရော။ အားလုံးနီးပါးက သူ့နောက်ကွယ်မှာ ခြေကျိုးဆိုပြီးတော့ သူ့ကို ဟားကြတာလေ။ သူ နောက်ဆုံး ခံနိုင်ရည်မရှိတော့ ကျောင်းထွက်သွားခဲ့တာ"


ကျန်းဟောင်က ခါးသီးစွာ ပြုံးလိုက်သည်။


"ကျင်းယွင်ကျောင်းလည်း ရှိသေးတယ်...ချောင်ဟုန်ယဲ့က ငါတို့ရှေ့မှာကျ အမြဲတမ်း သူ့အတွက် တအား စိုးရိမ်နေတဲ့ မျက်နှာထားနဲ့၊ ဒါပေမယ့် လက်တွေ့မှာကျ တကယ်တမ်း သူက ကျင်းယွင်ကျောင်းကို အဓမ္မလုယက်ခိုင်းဖို့ လူရှာလိုက်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကျင်းယွင််ကျောင်းက မိန်းကလေးတစ်ယောက် ဖြစ်နေတုန်းပဲလေ။ တစ်ခုခုများ ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ"


တုန်းယီက ထပ်ဖြည့်ပြောလိုက်၏။


ဤဆွေးနွေးပွဲလေးအပြီးတွင် သူတို့နှစ်ယောက်သည် ရုတ်တရက် ကိစ္စအချို့က မြေကြီးကို ထိုးဖောက်၍ ၎င်းတို့ကိုယ်တိုင် ကိုယ်ထင်ပြလာသလို ခံစားလိုက်ကြရသည်။


အဘယ့်ကြောင့် ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့ကို မြင်တိုင်း အမြဲတမ်း အေးတိအေးစက် စကားပြောသည် ဆိုတာမျိုး။ သို့မဟုတ် အဘယ့်ကြောင့် ကျင်းယွင်ကျောင်း တစ်ယောက် ချောင်မိသားစုအိမ်မှ ထွက်ခွာမည်အား ကျောင်းက လက်ခံရသနည်း ဆိုတာမျိုး။ သို့မဟုတ် အဘယ့်ကြောင့် ကျင်းယွင်ကျောင်း၏ ပတ်ဝန်းကျင်တွင် ကောလဟာလဆိုးများ ထွက်ပေါ်လာတတ်သနည်း ဆိုတာမျိုး။


သူတို့သည် ချောင်ဟုန်ယဲ့နှင့် အနီးဆုံးလူများဖြစ်ကြ၍ ချောင်ဟုန်ယဲ့ကြောင့် မတော်တဆ ပိုကြီးသွားရသည့် ကိစ္စများကို သူတို့က ပို၍ ရှင်းရှင်းလင်းလင်း သိကြသည်။


သို့သော် သူတို့သည် ချောင်ဟုန်ယဲ့အား ယုံကြည်ကြ၏။ ထို့ကြောင့် သူတို့သည် ကျင်းယွင်းကျောင်းလုပ်သမျှက အမြဲတမ်း ချောင်ဟုန်ယဲ့ ပြောသည်ထက် ပို၍ သိက္ခာမဲ့သည်ဟု ခံစားခဲ့ရသည်။ သို့သော် လက်တွေ့မှာရော။ သူတို့ ဘာမှမသိခဲ့ကြပေ။ လက်တွေ့တွင် ချောင်ဟုန်ယဲ့၏ ဒေါသများ ဖွင့်ထုတ်သည်ကို ကူညီရန်အတွက် သူတို့သည် ကိစ္စများကို ရည်ရွယ်ချက်ရှိရှိပင် ပုံကြီးချဲ့၍ ကျင်းယွင်ကျောင်းအား စွပ်စွဲခဲ့ကြသေးသည်။