Chapter 109 : နတ်ဘုရားမ ပုံရိပ်ပျက်ဆီးခြင်း
ချောင်ဝေ့မင်သည် ထိုအကြောင်းကို တွေးလေလေ၊ ဒေါသထွက်လေလေပင်။ သို့သော် သူသည် ကျင်းယွင်ကျောင်းနေသော နေရာကိုလည်း မသိသည်ဖြစ်ရာ ဒယ်ပြားပူပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နေမရထိုင်မရ ဖြစ်နေလေ၏။ သူနောက်တစ်ကြိမ် ကျင်းယွင်ကျောင်းအား တွေ့သောအခါ ဂျင်ဆင်း မရှိတော့မည်အား သေလုအောင် ကြောက်ရွံ့နေသည်။
ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်အား အကြောင်းအရာမှန်များကို ဖုံးကွယ်ခြင်း အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီးနောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူမက တိုးတိုးပြောလိုက်သည်။
"အဖေ၊ ကျွန်မမှာ ပိုက်ဆံမရှိတော့ဘူး"
သူမ၏ ပိုက်ဆံများအားလုံးကို မနေ့က ယောက်ျားက ယူသွားပြီဖြစ်သည်။ သူမ၌ နောက်အပတ် နေထိုင်စရိတ်မှ လွဲ၍ ဘာမှ မကျန်တော့ပေ။
"ပိုက်ဆံမရှိတော့ဘူး ဟုတ်လား။ နင် အပြင်မှာ ဘာသောက်ပစ္စည်းတွေ ဝယ်လိုက်တာလဲ။ ငါ နင့်ကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ပိုက်ဆံပေးထားတာ မဟုတ်လား"
ချောင်ဝေ့မင်သည် သူ၏ ဤသမီးဖြစ်သူအား ပို၍ ပို၍ပင် မကျေမနပ်ဖြစ်လာသည်။ သူသည် သူ၏ ရှေ့ရှိ တစ်ယောက်အပေါ် စိတ်ထိန်းနေရပြီး ယခင်က သူမ အပေါ်တွင်ထားရှိခဲ့သော ထင်မြင်ချက်မျသည်လည်း လုံးဝကွာခြားသွားပြီဖြစ်၏။
ယဲ့ချင် ကွယ်လွန်သွားချိန်မှစ၍ သူတို့၏ မိသားစုသည် သူ၏ ဆန္ဒနှင့် ကိုက်ညီမှုများ နည်းသထက် နည်းပါးလာသည်။ သူ့အတွက် အေးအေးချမ်းချမ်းနေရသည့် ရက်ဟူ၍ တစ်ရက်မှ မရှိချေ။ အမှန်တကယ်ပင် အိမ်ရှင်မ, မရှိ၍ အိမ်ထောင်မှုကို မထိန်းသိမ်းနိုင်တော့သည်နှင့် တူနေ၏။
ချောင်ဟုန်ယဲ့က သူမ၏ ခေါင်းကို ငုံ့ထားသည်။
"ကျွန်မ...ကျွန်မ ပိုက်ဆံပျောက်သွားတာ"
သူမသည် အမှန်အတိုင်း မပြောရဲချေ။ အကယ်၍ သူမ ပြောလိုက်မိပြီး သူမ၏ အဖေဖြစ်သူက ပြဿနာထရှာပါက သိက္ခာကျမည့်သူမှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။
ချောင်ဝေ့မင်သည် သူ၏ ရင်ထဲတွင် ဒေါသများပြည့်နှက်၍ မွန်းကြပ်နေ၏။ ဤကဲ့သို့သော အချိန်မျိုးတွင် ပိုက်ဆံပျောက်ခြင်းက သူမသည် အမှန်တကယ်ပင် ကံဆိုးလှသည်။ ကျင်းယွင်ကျောင်းဆီမှ သူမ ဘာအကျိုးအမြတ်မှ မရခဲ့ခြင်းကလည်း အံ့သြစရာ မဟုတ်တော့ပေ။
ချောင်ဟုန်ယဲ့သည် ငယ်စဥ်ကတည်းကပင် အလိုလိုက်ခံရ၍ ပျက်ဆီးနေခြင်းဖြစ်၏။ ထို့ကြောင့် သူမ နစ်နစ်နာနာ ခံစားရသည်မှာ ရှားပါးလွန်းလှသည်။ သို့သော် ယခုအချိန်အခါ၌ သူမသည် ကျင်းယွင်ကျောင်းကြောင့် ရက်အနည်းငယ်ခန့် နေ့တိုင်းနီးပါး အဆူခံခဲ့ရ၏။ သူမ၏ နှလုံးသားသည် အစောပိုင်းကတည်းကပင် မမျှမတ ခံစားနေရပြီး ယခုအခါ သူမ တွေးနိုင်သမျှအားလုံးမှာ ကျောင်းတွင် ကျင်းယွင်ကျောင်းအား ပို၍ အရှက်ခွဲရန်သာ ဖြစ်သည်။
ကံဆိုးစွာဖြင့် ယခုအချိန်၌ ချောင်ဟုန်ယဲ့သည် အရှက်ကွဲမည့်သူက သူမကိုယ်တိုင်သာ ဖြစ်ကြောင်း မသိသေးပေ။
ဟွားဇယ်သည် ကိစ္စများကို ဆောင်ရွက်ရာ၌ အလွန်အမင်း ယုံကြည်စိတ်ချရသည်။ ကျင်းယွင်ကျောင်း ပေးသည့် အချက်အလက်များ၏ ကျေးဇူးဖြင့် ဟွားဇယ်၏ လူများသည် အထက်ဖော်ပြပါ ကျောင်းသားများ ကျောင်းသွားသည့် လမ်း၌ တိုက်ရိုက်သွားစောင့်နေ၏။
"တစ်ချက်လောက် ကြည့်စမ်းကွာ....ကျွတ်ကျွတ်ကျွတ်၊ ဒီကောင်မလေးက တအားငယ်သေးပေမယ့် ဒီလောက် ခံနိုင်ရည်ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူက ခုမှ ကျောင်းသူတစ်ယောက်ပဲ ရှိသေးတာ မဟုတ်လား"
"ဒါ ရိကျုံးက ကျောင်းသူပဲ။ သူ့ရဲ့ အပြင်ပန်းပုံစံက သန့်ရှင်းပြီးတော့ လန်းဆန်းနေပေမယ့် လူတွေရဲ့ နောက်ကွယ်မှာကျ သူက တကယ်ကြီး အကျင့်သိက္ခာမရှိတာပဲ"
အခြားလမ်းသရဲတစ်ယောက်က ပြောလိုက်သည်။
တစ်ဖက်၌ ကျောင်းသားနှစ်ယောက်သည် ပခုံးချင်းယှဥ်၍ လျှောက်လာ၏။ တစ်ယောက်မှာ ကျန်းဟောင်ဟုခေါ်၍ အခြားတစ်ယောက်မှာ တုန်းယီဟုခေါ်သည်။ သူတို့နှစ်ဦးစလုံးသည် ချောင်ဟုန်ယဲ့၏ သစ္စာရှိသော ပန်းကာကွယ်သူများဖြစ်ကြ၍ ချောင်ဟုန်ယဲ့၏ အတန်းဖော်များလည်း ဖြစ်၏။
ထိုနှစ်ယောက်သည် မူလက ထိုလူများ၏ လက်ထဲရှိ ပစ္စည်းကို သတိမထားမိကြသော်လည်း 'ရိကျုံး' ဟူသော စကားလုံးကို ကြားသည်နှင့် သူတို့သည် ခေါင်းလှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။
လမ်းသရဲနှစ်ယောက်ထဲမှ တစ်ယောက်သည် အခြားတစ်ယောက်၏ ခြေထောက်ပေါ်သို့ တက်နင်းမိသွားပြီး ရုတ်တရက် ခလုတ်တိုက်မိသွားသည်ကို မြင်လိုက်ရပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ လက်ထဲမှ ဓါတ်ပုံများက မြေပေါ်သို့ ပြုတ်ကျသွား၏။
ကျောင်းသားနှစ်ယောက်သည် မူလက ကူညီချင််စိတ်တစ်ဝက်၊ စပ်စုချင်စိတ်တစ်ဝက်နှင့် သူတို့အား ကူညီ၍ ကောက်ပေးလိုက်သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့၏ မျက်လုံးများက ထိုဓါတ်ပုံများကိုမြင်လိုက်သောအခါ ချက်ချင်းပင် ကြက်သေသေကုန်ကြသည်။
"ဒါ...ချောင်ဟုန်ယဲ့ မဟုတ်လား..."
ကျန်းဟောင်ဟု ခေါ်သော ယောက်ျားလေးက မနေနိုင်ဘဲ ထုတ်မေးလိုက်၏။
ဤသည်မှာ သူတို့၏ နတ်ဘုရားမဖြစ်သည်။ သူတို့ သူမအား အခြားတစ်ယောက်နှင့် မလွဲသည်မှာ အသေအချာပင်။
"ယို့...မင်းတို့တွေက ဒီကောင်မကို သိတာလား"
လမ်းသရဲက ချက်ချင်းပင် သူတို့အား စိုက်ကြည့်၍ အကဲဖြတ်နေသယောင်ဆောင်လိုက်ပြီးနောက် ဆက်ပြောလာ၏။
"ဒီ မိန်းကလေးက ကျောင်းမှာရော လွယ်တဲ့ပုံပဲလား"
ကျန်းဟောင်က သူ၏ နီရဲနေသောမျက်နှာကို အမြန်ပင် ယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး။ ချောင်ဟုန်ယဲ့က အရမ်းသိမ်မွေ့ပြီးတော့ အသိဥာဏ်ရှိတာ"
"ပုံပန်းသွင်ပြင်တစ်ခုတည်းကို အခြေခံပြီး ပြောရင်တော့ သူက အတော်လေး သိမ်မွေ့ပါတယ်ကွာ။ ဒါပေမယ့် အသိဉာဏ်ရှိတာနဲ့ ဘာမှ မဆိုင်ဘူးဆိုတာတော့ ငါလက်ခံတယ်။ ငါ မင်းတို့ကို ပြောပြမယ်၊ ဒီဓါတ်ပုံတွေက ဒီလိုဖြစ်နေကြတုန်းမှာ အမှတ်မထင် ဖြတ်သွားမိတဲ့ ငါတို့ညီအစ်ကိုတစ်စု ရိုက်လာတာ။ သူတို့က ဒီမိန်းကလေးရဲ့ပုံစံက သိပ်မဆိုးတာကို မြင်ပြီး ထိုဒီပုံတွေကို သုံးပြီးတော့ ခဏလောက် မျက်စိအစာကျွေးမယ်ဆိုတဲ့ အကြံက မဆိုးဘူးလို့ ခံစားရလို့တဲ့။ မင်းတို့လည်း ဒီလိုမြင်ရတော့ အတော်လေး စိတ်ဝင်စားနေတဲ့ပုံပါပဲကွာ။ ဒီမှာ၊ ငါ မင်းတို့ကို တစ်ချက်ပေးကြည့်မယ်လေ"
လမ်းသရဲက ထပ်မံ၍ ပြောလိုက်၏။
ဓါတ်ပုံတိုင်းကို တစ်ပုံချင်းစီ သူတို့၏ မျက်လုံးရှေ့၌ ထင်ထင်ရှားရှား စီပေးလိုက်သည်။
ဓါတ်ပုံအချို့မှာ သူမနှင့် အခြားကောင်တစ်ယောက် လမ််းဘေး၌ နမ်းနေသော ပုံများသာ ဖြစ်သော်လည်း သူတို့၏ အဝတ်အစားများက ဖရိုဖရဲဖြစ်နေကြ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့ ဘာလုပ်နေမှန်း သိသာသည်။
ကျန်းဟောင်နှင့် တုန်းယီတို့သည် သူတို့၏ မျက်စိရှေ့ရှိ အရာအားလုံးကို မယုံကြည်ချင်သေးဘဲ အမောတကော အသက်ရှုလိုက်ကြ၏။ အထူးသဖြင့် ဓါတ်ပုံတစ်ပုံမှာ သူမ ယောက်ျားတစ်ယောက်နှင့် တည်းခိုခန်းထဲသို့ ဝင်သွားသည်ကို ကျောဘက်မှ ရိုက်ထားခြင်းဖြစ်သည်။ ၎င်းက သူတို့အား အသက်ရှုသံများ ထိန်းမရအောင်ပင် စိတ်ပျက်သွားစေ၏။
ချောင်ဟုန်ယဲ့ ကဲ့သို့သော လူမျိုးကို မည်သူက မကြိုက်မည်နည်း။
"ရလောက်ပြီလေ။ မင်းတို့ကြည့်ပြီးရင်လည်း ငါ့ကို ပြန်ပေး"
လမ်းသရဲက သူတို့နှစ်ယောက်အား တစ်ချက်ကြည့်၍ သတိပေးလိုက်ရင်း ဓါတ်ပုံများကို ပြန်ယူသွားသည်။
"ဒီမိန်းကလေးက အတော်လေး ကျွမ်းကျင်မှုရှိတာ။ ငါတို့ညီအစ်ကိုတွေထဲမှာတောင် သူ့ကို သိတဲ့သူတွေရှိတယ်။ ပြီးတော့ သူတို့ပြောတာ သူ့ရဲ့နည်းလမ်းတွေက အမိုက်စားပဲတဲ့။ သူက ငါတို့ညီအစ်ကိုအချို့ကိုတောင် သူဖြစ်ချင်တဲ့ ကိစ္စတွေကို လုပ်ခိုင်းသေးတာ၊ ကောင်လေးအချို့ဆို ခြေထောက်တောင် ကျိုးတယ်။ အိုး...ဟုတ်သားပဲ၊ သူက သူ့အစ်မအရင်းကိုတောင် အဓမ္မခြိမ်းခြောက် လုယက်ခိုင်းသေးတာ။ ငါ့အထင်တော့ မင်းတို့နှစ်ယောက် သူနဲ့ဝေးဝေးနေတာ ပိုကောင်းမယ်ကွ"