Chapter 108 : ပိုးကောင်ငယ်လေးများကြားမှ ဘုရင်ကြီး
သူမသည် ဤဓါတ်ပုံများအား မကူးဘဲ သူတို့အား အပြင်သို့ မဖြန့်စေချင်သည့် အကြောင်းအရင်းမှာ ချောင်ဟုန်ယဲ့အား လူအများက သူမ၏ အကြောင်းကို သက်သေမရှိဘဲ အဓိပ္ပါယ်မရှိ လျှောက်ပြောကြသည့် ခံစားချက်ကို ခံစားစေလိုသောကြောင့် ဖြစ်သည်။
ထို့အပြင် ထိုဓါတ်ပုံများထဲမှ တစ်ပုံသာ ကျောင်းဖော်တစ်ဦး၏ လက်ထဲသို့ ရောက်သွားပါက ဤကိစ္စသည် ဆရာ၊ ဆရာမများ၏ အာရုံစိုက်မှုကို နိုးထစေလိမ့်မည်ပင်။ ထိုသို့သာ ဖြစ်သွားပါက ချောင်ဟုန်ယဲ့၏ ဂုဏ်သတင်း ပျက်ဆီးသွားမည်ဖြစ်သော်လည်း ပို၍အရေးကြီးသည်မှာ ကျောင်းနှင့် မသက်ဆိုင်သောသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ကြသော အရေအတွက်များပါ တိုးလာလိမ့်မည်ဖြစ်သည်။ စင်စစ် ချောင်ဟုန်ယဲ့သည် အသက်မပြည့်သေးသူတစ်ယောက် ဖြစ်နေဆဲပင်။
ဖုန်းချပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏ နေ့စဥ်လုပ်ရိုးလုပ်စဥ် လမ်းကြောင်းအတိုင်း ပြန်သွားခဲ့ပြီး ဆေးပညာ သင်ယူရန် နေရာလွတ်နယ်မြေထဲသို့ ဝင်လာခဲ့သည်။
ပထမ ကျောက်စိမ်းအပိုင်းအတွင်းမှ အချက်အလက်များကို အကုန်အစင် စုပ်ယူပြီးနောက် သူမသည် ဒုတိယအပိုင်းက အများကြီး ပိုလွယ်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ သင်ယူမှုနှုန်းသည်လည်း ယခင်ကနှင့်ယှဥ်လျှင် တိုးတက်လာသည်။
သူမ၏ နေရာလွတ်နယ်မြေထဲရှိ အရာအားလုံးသည် စည်ပင်ရှင်သန်နေပြီး ဆေးဖက်ဝင်အပင်များ၏ ရနံ့များဖြင့် ပြည့်နေ၏။ ဆေးရနံ့သည် လူတို့အား သူတို့၏စိတ်အာရုံသည် ပို၍ ကြည်လင်ကာ ထက်မြက်လာသကဲ့သို့ ခံစားရစေပုံပေါ်သည်။
သို့ရာတွင် ကျင်းယွင်ကျောင်း ပေါ်လာသည့်အခိုက်၌ အပြာရောင် ရေခဲပြာရောင် နေရာလွတ်ပိုးကောင်လေးတစ်ကောင်သည် မြေဆီလွှာထဲမှ တိုးထွက်လာ၏။ အကောင်ငယ်လေးသည် သူမ မြင်ခဲ့ရသည့် ပထမဆုံးအကြိမ်နဲ့ယှဥ်ပါက အများကြီး ပို၍ ဝဖီးလာသည်။ ၎င်းက သူမ ကိုယ်ခံပညာလေ့ကျင့်နေသည်ကို မြင်သောအခါ ၎င်း၏ အသားများ ပြည့်နေသော ခန္ဓာကိုယ်လေးက သူမ၏ လှုပ်ရှားမှုများအတိုင်းလိုက်၍ တလူးလူး တလွန့်လွန့်ဖြစ်နေ၏။ မြင်ကွင်းမှာ အမှန်ပင် ရယ်စရာကောင်းလှသည်။
ကျင်းယွင်ကျောင်း၏ ဤပိုးကောင်ငယ်လေးသည် သူမနှင့် မကြာခဏဆိုသလို တွေ့ဖူးနေ၍ ဤတစ်ကောင်မှာ ကျန်သောအကောင်လေးများနှင့် မတူကြောင်း သူမ တဖြည်းဖြည်း သိရှိလာခဲ့၏။ ၎င်း၏ အရောင်မှာ ပို၍ ကြည်လင်နေပြီး အရွယ်အစားကလည်း အနည်းငယ်ပိုကြီးသည်။ အမြီး၏ အဆုံးတွင် အပြာရောင်ကွင်းလေးရှိပြီး ၎င်းကို စက်ဝိုင်းပုံစံရစ်ပတ်ထားသည့်အလားပင်။ ထို့အပြင် အခြားသော ပိုးကောင်ငယ်လေးများအားလုံးကလည်း ၎င်းကို နာခံမှုရှိပုံရပြီး ပိုးကောင်ငယ်လေးများကြားမှ ဘုရင်ကြီးကဲ့သို့ပင်။
သူမ၏ နေရာလွတ်နယ်မြေအတွင်း၌ အချိန်က ပို၍နှေးကွေးစွာ ဖြတ်သန်းနေသောကြောင့် သူမ၏ ပျင်းရိမှုများကို ပြေပျောက်စေသည့် ဤအကောင်ပေါက်စလေးအား ကျေးဇူးတင်ရပေမည်။
"ပေါက်စလေး၊ ငါ မင်းကို နာမည်တစ်ခုပေးမယ်ဆိုရင် ဘယ်လိုလဲ"
ကျင်းယွင်ကျောင်းက ခေါင်းငဲ့ကြည့်လိုက်ပြီး ပိုးကောင်ငယ်လေးအား ခေါင်းညိတ်ပြ၍ မေးလိုက်ကာ သူမ၏ ဘေးတွင် ရှိသော ကျောက်တုံးစားပွဲပေါ်သို့ တင်ပေးလိုက်၏။
ဤပိုးကောင်လေးသည် ကျင်းယွင်ကျောင်း၏ သွေးအဆီအနှစ်ကို စုပ်ယူထားသောကြောင့် သူမအား ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုထားသည်။ ထို့ကြောင့် ၎င်းက သူမ၏ စကားများကို နားလည်နေသည်က သဘာဝပင်။ သူမသည် ၎င်း၏ ခန္ဓာကိုယ်လေးက တစောင်းထောင်သွားပြီး သဘောတူညီမှုကို ပြသည့်အနေဖြင့် အပေါ်အောက် ယိမ်းထိုးပြနေသည်အား မြင်လိုက်ရ၏။
(T/N : လှဲနေရာက ထထောင်ပြီး ခေါင်းငြိမ့်ပြသလိုလေး ><)
ကျင်းယွင်ကျောင်း၏ အကြည့်များက အတော်လေး နူးညံ့သွား၏။ ဤအကောင်ပေါက်လေးသည် ချစ်စရာကောင်းလွန်းလှသည်။
ကျင်းယွင်ကျောင်းက ခဏကြာအောင် စဥ်းစားနေပြီး အခုအချိန်တွင် တွေးရခက်နေ၏။ သူမသည် ၎င်းအား ဘာနာမည်ပေးသင့်မှန်း မသိပေ၊ ထို့ကြောင့် သူမသည် အကောင်ငယ်လေးအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ခပ်ဖြည်းဖြည်း ကြိုးစား၍ မေးလိုက်သည်။
"ငါတို့ မင်းကို ရှောင်လန်လို့ ခေါ်ရင် ဘယ်လိုလဲ"
(T/N: လန်ဆိုတာ တရုတ်လို့ အပြာရောင်လို့ အဓိပ္ပါယ်ရပါတယ်၊ ရှောင်ဆိုတာကတော့ ကလေးလေးတွေ၊ ငယ်တဲ့သူတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်စနိုးနဲ့ခေါ်တာပါ၊ သေးသေးလေး ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ရေခဲပြာရောင် ပိုးကောင်သေးသေးလေးမို့လို့ ရှောင်လန်လို့ ခေါ်လိုက်တာပါ။)
ရှုပ်ထွေးသောနာမည်များအား သူမ အသံကျယ်ကျယ် ပြောလိုက်တိုင်း အမြဲတမ်း ခပ်ကြောင်ကြောင် ခံစားရ၏။
အကောင်ငယ်လေး၏ ခန္ဓာကိုယ်သည် တဖန်ပြန်၍ ယိမ်းထိုးလာပြီးနောက် အခိုက်အတန့်မှာပင် ကျင်းယွင်ကျောင်း၏ ပခုံးပေါ်သို့ တွယ်တက်လာသည်။ ၎င်းက သူမအား အစွမ်းကုန် ပွတ်သပ်နေပြီး ၎င်း၏ နာခံမှုကို ပြသနေလေ၏။
ကျောက်စိမ်းအပိုင်းတွင် ယခင်က ဖော်ပြထားသည်မှာ ရှောင်လန်သည် ထူးဆန်းသော ကမ္ဘာဆီမှ လူသားကမ္ဘာသို့ ဘိုးဘေးယူဆောင်လာသော ဝိညာဥ်စွမ်းအားရှိသည့် ပိုးကောင်လေးဖြစ်သည်။ ၎င်းတို့၏ အသက်ဓါတ်ကို ထိန်းထားနိုင်ရန်အတွက် ဆေးပင်များ၏ စွမ်းအင်များကို စုပ်ယူခြင်းကိုသာ အပြည့်အဝ မှီခိုအားထားရ၏။ ထို့ကြောင့် ၎င်းကို ဆေးပိုးကောင်လေးဟုလည်း အမည်ပေးထားသည်။
သို့ရာတွင် ဆေးပိုးကောင်လေးများသည်လည်း စားသောက်ရန် လိုအပ်၏။ ယခင်က ကျင်းယွင်ကျောင်းသည် ၎င်းတို့၏ တည်ရှိမှုကို ရှာမတွေ့ခဲ့ဘဲ သူမ နေရာလွတ်နယ်မြေထဲသို့ မဝင်မီက နေရာလွတ်နယ်မြေထဲတွင်လည်း ဆေးပင်လုံးဝမရှိချေ။ ထို့ကြောင့် ပိုးကောင်ပေါင်းများစွာ အစာငတ်၍ သေကုန်ကြ၏။ ကျန်ရစ်သော ပိုးကောင်လေးများ အားလုံးမှာလည်း မြေဆီလွှာထဲတွင် ရှိသော ဆေးပင်အကြွင်းအကျန်များကိုသာ မှီခိုခဲ့ရသည်။ ယခု အချိန်တွင်တော့ ကျင်းယွင်ကျောင်းက သူမ၏ ဆေးပင်များကို စိုက်ပျိုးသည့်အခါတိုင်း ဤအုပ်စုထက် ပိုပျော်သောသူ မရှိတော့ပေ။ သို့ရာတွင် ၎င်းတို့သည် အစားကြီးလျှင်တောင်မှ ဆေးခင်းကိုတော့ တစ်ခါမှ မဖျက်ဆီးပေ။ ကျင်းယွင်ကျောင်းသည် မည်သူ၏ အကူအညီမှ မလိုဘဲ သူတို့၏ နေ့စဥ်လိုအပ်သော ပမာဏကို စိုက်ပျိုးနိုင်သောကြောင့် ဤပိုးကောင်ငယ်လေးများအားလုံးသည် အလွန်နာခံမှုရှိကြသည်။
ရှောင်လန်နှင့် ခဏကြာအောင် ဆော့နေပြီးနောက် လူတစ်ယောက်နှင့် ပိုးကောင်တစ်ကောင်တို့သည် သူတို့၏ ကိုယ်ခံပညာရပ်များကို ဆက်၍ လေ့ကျင့်ကြပြီး စာအုပ်များ ဖတ်ရှုလေ့လာကြ၏။ မြင်ကွင်းတစ်ခုလုံးသည် ကမ္ဘာမြေပေါ်မှ သုခဘုံလေးနှင့် တူနေကာ အလွန်အမင်း အေးချမ်းလှသည်။
နောက်တစ်နေ့တွင် ချောင်ဝေ့မင်သည် ချောင်ဟုန်ယဲ့၏ ရှေ့၌ ပေါ်လာ၏။ သူ၏ ရည်ရွယ်ချက်မှာ ကျင်းယွင်ကျောင်း နေသည့်နေရာအကြောင်း သတင်းလာယူခြင်းဖြစ်သည်။
ချောင်ဟုန်ယဲ့သည် တုံ့နှေးနှေးနှင့် လည်ချောင်းရှင်းနေပြီး အဆုံးတွင် သူမ နေသောနေရာအား ရှာမတွေ့ခဲ့ကြောင်းသာ ထုတ်ဖော်ပြောပြလိုက်၏။
ထိုမတိုင်မီတွင် ချောင်ဝေ့မင်သည် သူမအား ဖော်ရွေသည့်အလား ပြုံးပြနေသေး၏။ သို့သော် ချောင်ဟုန်ယဲ့၏ စကားဆုံးသည်နှင့် သူ၏မျက်နှာသည် ချက်ချင်းပင် အေးစက်သွားသည်။
"နင် မရှာနိုင်ခဲ့ဘူးဟုတ်လား။ ဒါဆို နင် ဒီမှာနေနေတဲ့ တစ်နေ့လုံး နင် ဘာသောက်အလုပ်တွေ လုပ်နေတာလဲ"
"အဖေ၊ ကျွန်မက စုံထောက်တစ်ယောက် မဟုတ်ဘူးလေ။ ကျွန်မ တတ်နိုင်သမျှ လုပ်ခဲ့တယ်...အာ...အစောတုန်းက ကျွန်မ ကျင်းယွင်ကျောင်းနဲ့ တွေ့ခဲ့သေးတယ်၊ ပြီးတော့ သူက သူ့ရဲ့ဂျင်ဆင်းကို ကျွန်မရဲ့ရှေ့မှာတောင် ထုတ်ကြွားလိုက်သေးတာ။ သူက ပြောသေးတယ်၊ သူပြန်သွားရင် ဂျင်ဆင်းကို နှပ်ပြီးတော့ အလှအပအတွက် ပစ္စည်းတစ်ခုအနေနဲ့ သုံးပစ်မယ်တဲ့"
ချောင်ဟုန်ယဲ့က မချိတင်ကဲ ပြောပြလိုက်၏။
သူမ ပြောပြီးသည်နှင့် ချောင်ဝေ့မင်သည် ဒေါသနှင့် ယူကြုံးမရဖြစ်မှုတို့ကို ခံစားလိုက်ရသည်။
"သူက တကယ်ပဲ အဲဒီလိုပြောတာလား"
ချောင်ဟုန်ယဲ့က ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက်၏။
ချောင်ဝေ့မင်၏ မျက်နှာသည် အစိမ်းရောင်သို့ပင် ပြောင်းစပြုလာ၏။
"ထင်သလိုလုပ်မယ့်သူရဲ့ ကစားစရာဖြစ်သွားပြီ။ ဒါက ယွမ်သိန်းပေါင်းများစွာ တန်တဲ့ ပစ္စည်းကွ။ သူက ဒါကို အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းအနေနဲ့ သုံးဦးမယ် ဟုတ်လား။ သူက ဒါနဲ့ တန်တောင် တန်လို့လား။ နင်ရောပဲ၊ ငါ နင့်ကို သူ့နောက်လိုက်ဖို့ မပြောခဲ့ဘူးလား။ အခု အရာအားလုံးက ပြည့်စုံနေပြီ။ ဒီလို အဖိုးတန်ပစ္စည်းတစ်ခုကို သူက တကယ်ကြီး ဖြုန်းတီးပစ်တော့မယ်ကွ"