Chapter 118
Viewers 14k

Chapter 118 : ငယ်ရွယ်သော စွန့်ဦးတီထွင်သူ


ကားစထွက်သောအခါ ကျင်းယွင်ကျောင်း၏ အမူအယာက အနည်းငယ် မှောင်မဲသွားသော်လည်း သူမသည် စိတ်ရှည်ခြင်းနှင့် အသားကျနေသည်၊ ထို့ကြောင့် သူမက မကျေနပ်ချက်ကို များစွာမဖော်ပြခဲ့။ စင်စစ် ၎င်းသည် သူမ၏ ဆေးပညာစွမ်းရည်နှင့် ဆက်စပ်နေ၏။


သူမသည် ဆေးပညာရပ်ကို အချိန်ကြာမြင့်စွာ မလေ့လာရသေးသော်လည်း သူမ၌ စွမ်းရည်ရှိသည်။ သို့ရာတွင် သူမ၏ အသက်အရွယ်နှင့် အဆင့်အတန်းအရ သူမသည် လူနာတစ်ယောက်ကို မကုသနိုင်သေးချေ။ ယခုအချိန်တွင် ဤသည်က သေးငယ်သော အခွင့်အရေးလေး ဖြစ်လျှင်တောင်မှ သူမသည် ၎င်းကို လက်မလွှတ်နိုင်ခဲ့။


ကျင်းယွင်ကျောင်းသည် ငြိမ်သက်စွာ ထိုင်နေပြီး အမျိုးသားနှစ်ယောက်က နောက်တွင် ထိုင်နေသည်။ လီရှောက်ယွင်သည် စကားတတွတ်တွတ်ပြော၍ မသိတတ်သည့် လူတစ်ယောက်နှင့် တူသော်လည်း သူ စကားပြောသော ကြိမ်ရေက ရုတ်တရက် လျော့နည်းလာ၏။


ဘေးတွင် ထိုင်နေသော တုလင်းကမူ ဤလူများအား ခိုးကြည့်နေရသည့်အလား ကြောင်တောင်တောင် ခံစားချက်ကို သည်းမခံနိုင်တော့ပေ။ သူက ဤအခြေအနေအား ပြိုကွဲလျော့ပါးသွားစေရန် ကြိုးစားလိုက်ပြီး ရယ်၍ မေးလိုက်သည်။


"ကျောင်းသူလေး၊ မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"


ဤကျောင်းသူလေး၏ ရုပ်ရည်သွင်ပြင်ကို ကြည့်ပါက သူမသည် ကျောင်း၏ အလှဘုရင်မလေးတစ်ပါးဟု ယူဆနိုင်သည်။ သူမသည် ပိန်ပါး၍ အေးစက်သည့် စိတ်သဘောထားရှိပြီး မြင့်မားသော အရှိန်အဝါတစ်ခုပင်ရှိသည်၊ မြို့တော်က သြဇာရှိတဲ့ မိသားစုကလာတဲ့ လူချမ်းသာသမီးတစ်ယောက်များ ဖြစ်နိုင်မလား။


သူမက ပုံမှန်လေသံနှင့်ပင် ပြန်ဖြေ၏။


"ကျင်းယွင်ကျောင်း ပါရှင့်"


တုလင်းက စီးပွားရေးကဒ်တစ်ခုအား အလျင်စလို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။


"ကိုယ့်နာမည်က တုလင်းပါ၊ နယ်ခံတစ်ယောက်ပါပဲ။ မင်း ကိုယ့်ကို တုကော ဒါမှမဟုတ် လင်းကော လို့ခေါ်နိုင်ပါတယ်။ ကိုယ်တို့က သိပြီးသွားပြီဆိုတော့ ကိုယ် လုပ်ရိုးလုပ်စဥ် ဟန်တွေပန်တွေကို လွှတ်ချထားလိုက်ပြီနော်။ မင်းကို ကျောင်းသူလေးလို့ ခေါ်ရတာ စိမ်းလွန်းနေသလိုပဲ။ ကိုယ် မင်းကို ယွင်ကျောင်းလို့ပဲ ခေါ်မယ်လေ"


တုလင်းသည် သူမအား ချော့မော့နေသည့် မျက်နှာထားမျိုးရှိနေပြီး အလွန်စိတ်အားထက်သန်နေသည်။


ကျင်းယွင်ကျောင်းက ယဥ်ကျေးစွာပင် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ လက်ထဲရှိ နာမည်ကဒ်ကို ကြည့်လိုက်၏။


သူမ၏ မျက်လုံးထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားသည်။


ဤပုဂ္ဂိုလ်၊ တုလင်းသည်လည်း သူမ၏ အတိတ်ဘဝက အလွန်ကျော်ကြားခဲ့၏။ သူသည် စျေးသင့်သည့် စားသောက်ဆိုင်တစ်ဆိုင်ကို ဦးစီးခဲ့သော စွန့်ဦးတီထွင်သူဖြစ်သည်။ သို့ရာတွင် ဤပုဂ္ဂိုလ်၏ အသက်မွေးဝမ်းကြောင်းသည် မြင့်မားလျှင်တောင်မှ သူ တည်ထောင်သော အမှတ်တံဆိပ်၏ ရေပန်းစားမှုသည် နင်းမြို့တွင်သာဖြစ်၍ အကန့်အသတ်ရှိ၏။ သူမသည် ထိုအကြောင်းအား သတင်းစာတွင် ဖတ်မိသောအခါ ဤလူသည် ငယ်ရွယ်၍ ကတိတည်ပြီး သူ၏ အနာဂတ်သည် မတိုင်းတာနိုင်လောက်ဟု ခန့်မှန်းမိ၍ မနာလိုပင် ဖြစ်ခဲ့သေးသည်။


သို့ရာတွင် စီးပွားရေးကဒ်၌ ရေးထားသော အချက်အလက်များကို ကြည့်ရင်း သူမသည် တုလင်း၏ ယွီထျန်းရှန်းစားသောက်ဆိုင်သည် ဤဘဝ၌ စတင်ဖွင့်လှစ်ဆဲသာ ရှိသေးကြောင်း ပြောနိုင်၏။


ကျင်းယွင်ကျောင်းသည် ဤလူနှစ်ယောက်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ သဘောတရားအရ ပြောရလျှင် လီရှောက်ယွင်၏ ထျန်းရှန်းလော်သည် ယွီထျန်းရှန်းနှင့် အပြိုင်အဆိုင်အချို့ ရှိသင့်သော်လည်း ဤလူနှစ်ယောက်က တကယ်ပဲ သူငယ်ချင်းတွေလား။


ကျင်းယွင်ကျောင်း၏ သံသယအကြည့်များကို ခံစားမိသော လီရှောက်ယွင်က အနည်းငယ် ပြုံးလိုက်သည်။


"တုလင်းတို့ မိသားစုရဲ့ဘိုးဘေးတွေက တစ်ချိန်က တော်ဝင်စားတော်ကဲတွေလေ။ သူတို့မိသားစုရဲ့ လေ့ကျင့်မှုတွေအရ သူတို့ရဲ့စွမ်းရည်တွေနဲ့ လျှို့ဝှက်ချက်ပြုတ်နည်းတွေကို ဖြန့်ဝေလို့လည်း မရဘူး၊ ရောင်းလို့လည်း မရဘူး။ ထျန်းရှန်းလော်က တန်ဖိုးမြင့် စားသောက်ဆိုင် ဖြစ်ပေမယ့် ဟင်းပွဲတွေက သီးသန့် ပြိုင်ဘက်ကင်းမဟုတ်ဘူး၊ ဝန်ဆောင်မှုကိုပဲ အားလုံးထက် ပိုပြီးအလေးပေးထားတာပေါ့။ နှစ်ဆိုင်က မတူဘူး"


ရှင်းရှင်းပြောရလျှင် ယွီထျန်းရှန်းသည် အစားအသောက်ကိုသာ အဓိကထား၍ နေရာထိုင်ခင်း မပါဝင်ပေ။ လီရှောက်ယွင်၏ ထျန်းရှန်းလော်သည် ဖျော်ဖြေရေး၊ အနားယူစရာ၊ အကျွေးအမွေးအပြုအစုနှင့် အခြားကဏ္ဍများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုအဖြစ် ရရှိနိုင်သည်။


"ကိုယ်က ခရိုင်မြို့ထဲမှာ ဟင်းပွဲတွေကို ဖန်တီးရောင်းချမယ်၊ နောက်ကျ နင်းမြို့တော်အထိ ချဲ့ထွင်မယ်၊ အဲဒီနောက် နိုင်ငံထဲက ဒေသတွေအားလုံးကိုလည်း ဖြန့်ချင်တယ်။ ပြီးရင် နိုင်ငံရပ်ခြားအထိ ဆိုင်ခွဲတွေ စီမံခန့်ခွဲဖို့အထိပါ ရည်ရွယ်ထားတာ။ တစ်ယောက်ယောက်က အစားအသောက်အကြောင်းကို ပြောလိုက်တာနဲ့ လူတိုင်းက ယွီထျန်းရှန်းကို ပထမဆုံး တွေးမိတဲ့အထိ လုပ်ချင်တာပေါ့ကွာ"


တုလင်းက စနောက်လိုက်၏။


"ကျွန်မ ရှင့်ကို ယုံပါတယ်"


ဆန့်ကျင်ဘက်အနေနှင့် တုလင်းက ငိုင်သွားသည်။


"တကယ်ကိုပဲ ကလေးတွေက အရာရာတိုင်းကို ယုံတာပဲကို။ ကိုယ်ရဲ့ရည်မှန်းချက်က အောင်မြင်ဖို့ အတော်လေးခက်ခဲတယ်ကွဲ့။ အခုအချိန်မှာတင် ကိုယ် ပြဿနာအကြီးကြီး တစ်ခုနဲ့ ရင်ဆိုင်နေရတာ။ ယွီထျန်းရှန်းက လုံလောက်တဲ့ ငွေအရင်းအနှီးလည်း ရှိတယ်၊ အကောင်းဆုံး တည်နေရာလည်းရှိတယ်။ ကိုယ်တို့မှာ ပြိုင်ဘက်ကင်းတဲ့ ချက်ပြုတ်နည်းတွေလည်း ရှိတယ်။ ဒါပေမယ့် အကောင်းဆုံးပါဝင်ပစ္စည်းတွေတော့ မရှိဘူး"


ဟွားနင်ခရိုင်သည် တောင်များနှင့်မြစ်များ အနီးတွင် တည်ရှိသည်။ ပါဝင်ပစ္စည်များ၏ အရည်အသွေးက ကောင်းမွန်သည်ဟု ပြောရန် သင့်တော်ပြီး အစားအသောက်တွင် ဇီဝအဆိပ်အတောက်များစွာ ပါဝင်မနေသော်လည်း တော်ဝင်စားတော်ပွဲနှင့် နှိုင်းယှဥ်ပါက ကွာခြားချက်ကြီးမားလှ၏။ သူ မည်မျှပင် ကြိုးစားလုပ်စေကာမူ သူ၏ ဖခင်ဖြစ်သူက ခေါင်းယမ်းပြ၍ သက်ပြင်းချကာ အထင်သေးနေလိမ့်မည်သာ။


သူသည် အခြားနေရာများမှ အကောင်းဆုံးပစ္စည်များကို တင်သွင်းရန် သူနှင့် လီရှောက်ယွင်၏ ဆက်ဆံရေးကို အသုံးချပါကလည်း ဟင်းပွဲများ၏စျေးနှုန်းက လက်မခံနိုင်စရာဖြစ်သွားလိမ့်မည်ပင်။


ကျင်းယွင်ကျောင်းက နားထောင်နေပြီးနောက် စီးပွားရေးကဒ်ကို ဂရုတစိုက်သိမ်းလိုက်၍ သူမ၏ မျက်လုံးလေးများက တောက်ပသွားသည်။


လီရှောက်ယွင် သူမကို ကားပေါ်သို့ ဇွတ်ခေါ်တင်လာခြင်းက မကောင်းသော ကိစ္စကြီးလုံးလုံးတော့ မဟုတ်ပေ။


သူမ၏ ဗဟုသုတအရ အတိတ်ဘဝ၌ တုလင်းအသုံးပြုသော ပါဝင်ပစ္စည်းများအားလုံးသည် ကမ္ဘာအရပ်ရပ်မှ ရွေးခြယ်ထားသော ပထမတန်းစားထုတ်ကုန်များဟု ကြားဖူးထား၏။


မမျှော်လင့်ဘဲ ကုန်ကျစရိတ်က မြင့်လွန်းလှသဖြင့် ယွီထျန်းရှန်း၏ အစားအသောက်များက နာမည်ကြီးခဲ့သော်လည်း အခြေအမြစ်မရှိခဲ့။ ၎င်း ကျော်ကြားရသည့် အကြောင်းပြချက်တစ်ခုမှာ ၎င်း၏ မိုးထိမြင့်နေသော စျေးနှုန်းများကြောင့် ဖြစ်သည်။ သို့ရာတွင် သာမန်လူတစ်ယောက်သည် ဤကဲ့သို့ စားသောက်ပွဲမျိုးကို မတတ်နိုင်ပေ၊ ထို့ကြောင့် စီးပွားရေးတွင် အကန့်အသတ်များ ပေါ်ပေါက်လာ၏။