Chapter 119 : ပူးပေါင်းဆောင်ရွက်ခြင်း
ယွီထျန်းရှန်းသည် အမှန်တကယ် အလားအလာရှိ၍ တုလင်းသည်လည်း ထူးချွန်ထက်မြက်သူတစ်ယောက် ဖြစ်သည်။ အကယ်၍ အရာအားလုံးသာ အတိတ်ကကဲ့သို့ တူညီစွာဖြစ်ပျက်ခဲ့ပါလျှင် တုလင်းသည် မေးစရာမလိုအောင်ပင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့်မည်။ သို့ရာတွင် သူ၏ တိုးတက်မှုသည် သူ၏ ရည်မှန်းချက်ကြောင့် ရှိုးတို့ရှုန်းတန်းဖြစ်ကာ ရပ်တန့်သွားလိမ့်မည် ဖြစ်သည်။
ကျင်းယွင်ကျောင်း၏ တုလင်းအပေါ် သဘောထား အနည်းငယ် တိုးတက်လာခြင်းက လီရှောက်ယွင်အား မျက်ခုံးပင့်သွားစေပြီး သူ၏ မျက်လုံးများကလည်း မှောင်ရိပ် ဖြတ်ခနဲသန်းသွား၏။
တုလင်းရဲ့စီးပွားရေးကဒ်ကို မြင်ပြီးမှ ဒီလူဆိုးမလေးရဲ့ စိတ်ဝင်စားမှုက တိုးသွားတာလား။
လီရှောက်ယွင်သည် ထပ်မံ၍ စိတ်အေးလက်အေး မနေနိုင်တော့ချေ။ ဒါက ယွီထျန်းရှန်းလို့ ရေးထားတဲ့ စီးပွားရေးကဒ်ကလေးပဲလေ။ နှိုင်းယှဥ်ကြည့်ပါက သူပိုင်ဆိုင်သော ထျန်းရှန်းလော်က ပိုအဆင့်မြင့်သည် မဟုတ်လား။ သူ၏ ဘဝတစ်လျှောက်လုံးတွင် လီရှောက်ယွင်သည် တစ်ခါမှ လျစ်လျူရှုမခံရဘူးသလို မည်သူ့ကိုမှလည်း ဤကဲ့သို့ တမူထူးစွာ အရေးပေး၍ မဆက်ဆံပေးခဲ့ဖူးပေ။
သူသည် ယခင်က ကျင်းယွင်ကျောင်းအား နှစ်ကြိမ်သုံးကြိမ်မြင်ဖူးသည်။ ဤတစ်ကြိမ်တွင် သူ၏ ကောက်ခါငင်ခါ အလည်လာခြင်းသည် ဤလူဆိုးမလေး၌ အလားအလာအချို့ရှိသည်ဟူသော သူ၏ ယုံကြည်ချက်ကြောင့် ဖြစ်၏။ ထို့ကြောင့် သူသည် သူမ ငယ်ရွယ်စဥ်တွင် သူမနှင့် ရင်းနှီးကျွမ်းဝင်သင့်သည်ဟု တွေးမိသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် နောက်ပိုင်းတွင် သူမအား အကူအညီပေးသည့်အခါ သူ့အတွက် ပို၍ လွယ်ကူမည်ဖြစ်သည်။
သို့ရာတွင် သူမက သူ့အား အကြည့်လေးတစ်ချက်ပင် စွန့်ကြဲလိမ့်မည် မဟုတ်ဟု သူ မျှော်လင့်မထားမိခဲ့။
အနည်းဆုံးတော့ ၎င်းက ဆိုးသည့် အခြင်းအရာမဟုတ်ပေ။ တုလင်းသည် ဟွားနင်ခရိုင်၌ အဆက်အသွယ်အချို့ရှိသည်။ စင်စစ် အဖိုးရှုသည် ဤမိန်းကလေးအား ဂရုစိုက်၍ လီမိသားစုနှင့် ရှုမိသားစုကလည်း ဆက်ဆံရေးကောင်းသောကြောင့် လီရှောက်ယွင်က သူမအား သူ၏ လူရင်းတစ်ယောက်ဟု မြင်နေခြင်းဖြစ်၏။
လီရှောက်ယွင်က စိတ်ထိန်း၍ မေးလိုက်သည်။
"ဒါဆို မင်းက ယွီထျန်းရှန်းကို စိတ်ဝင်စားတယ်ပေါ့"
ကျင်းယွင်ကျောင်းက ပြန်မဖြေခင် ခဏမျှ တွေးနေ၏။
"ကျွန်မရဲ့ဆရာက ဆေးပင်တွေ၊ ကောက်ပဲသီးနှံတွေ၊ အသီးအနှံတွေ စိုက်ရတာကို စိတ်ဝင်စားတယ်လေ။ သူ့မှာ အပင်တွေကို အန္တရာယ်မဖြစ်စေ၊ မညစ်ညမ်းစေတဲ့ ထိရောက်တဲ့ စိုက်ပျိုးနည်းစနစ်တစ်ခုရှိတယ်။ အစ်ကိုကြီးတု ပြောတာကို နားထောင်ကြည့်တော့ ကျွန်မဆရာရဲ့ကိုယ်စား ကျွန်မ ယွီထျန်းရှန်းနဲ့ ပူးပေါင်းနိုင်မလားလို့ တွေးနေတာ"
"ဟမ်"
တုလင်းက သူမအား စိုက်ကြည့်နေပြီး ဘာမှ မတုံ့ပြန်နိုင်ခဲ့။
"မင်း ကိုယ်နဲ့ပူးပေါင်းချင်တယ်လို့ ပြောလိုက်တာလား။ ပါဝင်ပစ္စည်းတွေကို ရောင်းပေးပြီးတော့လေ"
သူက မယုံကြည်နိုင်စွာ မေးလိုက်၏။ ထို့နောက် သူက ရယ်မောလိုက်သည်။
"တကယ်လို့ ကိုယ်က သာမန်စားသောက်ဆိုင် တစ်ဆိုင်ကို စီမံခန့်ခွဲနေရင်တော့ ကိုယ် ပူးပေါင်းဖို့အတွက် ဝန်လေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အဖေက ယွီထျန်းရှန်းကို မျှော်လင့်ချက်တွေထားထားတာ။ ပါဝင်ပစ္စည်းတွေက ကိုယ်မျှော်မှန်းထားတာနဲ့ ကိုက်ညီဖို့ လိုလိမ့်မယ်"
ထိုသည်အား ကြားပြီးနောက် ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။ သူမက နောက်ပြောင်နေခြင်း မဟုတ်ပေ။
သူမသည် တုလင်းအပေါ်၌ အခွင့်ကောင်းယူရန် မစဥ်းစားခဲ့။ သူမ၏ နေရာလွတ်နယ်မြေထဲမှ ပစ္စည်းများကို ရောင်းချရခြင်းက သူမအတွက် မခက်ခဲပေ။ အကယ်၍ သူမသာ အသက်မငယ်ပါက မည်သည့် စားသောက်ဆိုင်မဆို သူမနှင့် ပျော်ပျော်ကြီး ပူးပေါင်းကြလိမ့်မည်ပင်။ အချိန်ကသာ တစ်ခုတည်းသော ပြဿနာ ဖြစ်၏။
တုလင်း ကမူ ခြားနားသည်။ သူ့တွင် အကောင်းဆုံး ပါဝင်ပစ္စည်းများ မရှိပါက သူ၏ လျှို့ဝှက်ချက်ပြုတ်နည်းစနစ်က မည်မျှပင် အဖိုးတန်နေပါစေ၊ ရလဒ်က သူမျှော်မှန်းထားသည်နှင့် ကိုက်ညီိနိုင်မည် မဟုတ်ပေ။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဒီည ကျွန်မ ယွီထျန်းရှန်းကို ပါဝင်ပစ္စည်းကားတစ်စီးစာ ပို့ပေးမယ်။ ရှင့်ရဲ့စည်းမျဥ်းတွေအရ အားလုံးလုပ်ကြည့်ပေးမယ်။ ပါဝင်ပစ္စည်းတွေက အဆင်မပြေဘူးဆိုရင် အဲဒါတွေကို ကျွန်မနဲ့အတူ ပြန်ယူသွားမယ်။ ကျွန်မ ရှင့်ကို ခက်ခဲအောင် မလုပ်ပါဘူး"
ကျင်းယွင်ကျောင်းက တည်ငြိမ်စွာ ပြန်ရှင်းပြလိုက်သည်။
စိတ်ထဲ၌ သူမ, မရယ်ဘဲမနေနိုင်ချေ။ သူမ၏ ပါဝင်ပစ္စည်းများကို သူ မြင်မြင်ချင်းမှာပင် ရလဒ်က ချောချောမွေ့မွေ့ဖြစ်သွားမည်မှန်း သူမ သေချာသိ၏။ တုလင်းက သူမအား သံသယဖြစ်စွာ ကြည့်နေသည်။ ကံကောင်းထောက်မ၍ သူမက သူသာ ပါဝင်ပစ္စည်းများကို စိတ်ကျေနပ်မှုမရှိပါက ပြန်ယူသွားမည်ဟု သူမကိုယ်တိုင်ပြောခဲ့၏။ ထိုကိစ္စတွင်တော့ သူသည် လီရှောက်ယွင်အား လုံးဝမျက်နှာသာ မပေးနိုင်ပေ။
သူသည် လီရှောက်ယွင်အား တစ်ချက်ခိုးကြည့်လိုက်ပြီး ထိုအမျိုးသားက ဝင်ပါရန် ရည်ရွယ်ချက်ရှိပုံ မရသည်ကို မြင်မှ စိတ်သက်သာရာ ရသွားသည်။
သူသည် ယွီထျန်းရှန်း၏ တည်ထောင်သူ ဖြစ်သော်လည်း လီရှောက်ယွင်က သူ၏ စီးပွားဖက်ဖြစ်၏။ အမှန်ပင် ယခင်က သူ၏ အဆက်မပြတ် တောင်းဆိုလှုံ့ဆော်မှုကြောင့်သာ လီရှောက်ယွင်က သဘောတူခဲ့ခြင်းဖြစ်သည်။ လီရှောက်ယွင်သည် အလွန်ကောင်းမွန်သော အဆင့်အတန်းကို ဝါကြွားတတ်၏။ ဟွားနင်ခရိုင်၌ပင် သူ့အား ရန်စရဲသည့်သူ မရှိပေ။ ထို့ကြောင့် လီရှောက်ယွင်သာ လှေတစ်စီးဖြစ်လျှင် လှေမမြုပ်မည်က အသေအချာပင်။
ဤသည်က တုလင်းသည် လီရှောက်ယွင်၏ ဆုံးဖြတ်ချက်များကို မငြင်းနိုင်သည့် အဓိပ္ပါယ်ပင်။ ကံကောင်း၍ လီရှောက်ယွင်က တုလင်း၏ ကိုယ်ပိုင်အရေးကိစ္စများတွင် သူကိုယ်တိုင် တရားဝင်ဆုံးဖြတ်ခြင်းကို တိတိကျကျ သိရှိနားလည်ပေးသည်။