Chapter 120
Viewers 14k

Chapter 120 : အကျင့်စရိုက်တူသူများ


ခြုံပြောရလျှင် သူသည် လီရှောက်ယွင်ကို နားမလည်ပေ။ ထိုအခိုက်၌ လီရှောက်ယွင်သည် ယွီထျန်းရှန်း၏ အကြောင်းကို စဥ်းစားမနေခဲ့။ ထို့ထက် သူက ကျင်းယွင်ကျောင်း၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းကို အာရုံခံမိ၍ သူမ၏ အခြားဘက်ခြမ်းများကို ပြန်စဥ်းစားနေခဲ့ကာ တစ်ခုချင်းက သူ၏မှတ်ဥာဏ်များထဲ၌ လတ်ဆတ်နေဆဲပင်။ သူမနှင့် ရွယ်တူတန်းတူ အရည်အချင်းတူများ အနက်၌ သူမကဲ့သို့ သမာဓိရှိသူက ရှားပါးသည်။


ယခင်က နဖူးမှ သွေးများ အဆက်မပြတ် စိမ့်ထွက်နေသော မိန်းကလေးကို ကူညီကယ်တင်ပေးရန် သူမ ရှေ့ထွက်လာစဥ်ကတည်းက သူမသည် ထူးခြားသောသူဖြစ်ကြောင်း သူသိပြီးဖြစ်၏။ လီရှောက်ယွင်သည် စိတ်မြန်သူတစ်ဦးဖြစ်ပြီး အခြားသူများ၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရခြင်းအား မနှစ်သက်ပေ။ သို့သော် သူမ၏ ခေါင်းမာမှုကို မျက်မြင်ကိုယ်တွေ့ကြုံပြီးနောက် သူမနှင့် ရင်းနှီးရန် ထိုက်တန်ကြောင်း သူ ဆုံးဖြတ်ခဲ့သည်။


ထိုအကြောင်းကြောင့် သူသည် သူမက ယွီထျန်းရှန်းအား ပူးပေါင်း၍ ကူညီမည်ဟု ပြောသောအခါ၌ မသိစိတ်မှ ယုံကြည်နေမိခြင်း ဖြစ်၏။ ၎င်းသည် အကျင့်စရိုက်တူသူများကြားရှိ စွဲဆောင်မှုပုံစံတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။


တစ်ချိန်လုံး သူ၏ နှုတ်ခမ်းများက ကွေးညွတ်နေပြီး ခပ်ရေးရေး ပြုံးနေ၏။ လူကြီးလူကောင်းတစ်ဦးနှင့် အလွန်တူလှသည်။ မကြာခဏပင် သူသည် ကျင်းယွင်ကျောင်း၏ အကြောင်းကို အဓိကထား၍ မေးခွန်းများ ကြားဖြတ်ဝင်မေးတတ်သည်။


ဥပမာ ဘယ်လိုလူမျိုးတွေက သူမကို မြေတောင်မြှောက်ပေးခဲ့သလဲ။ ဒါမှမဟုတ် သူမရဲ့အဆင့်တွေက ဘယ်လိုလဲ။ ဘယ်တက္ကသိုလ်ကို တက်ချင်သလဲ။ ဘာအသက်မွေးဝမ်းကြောင်းလဲ။


သူသည် စီနီယာတစ်ဦးကဲ့သို့ ပြုမူနေ၏။ ကျင်းယွင်ကျောင်းက တွေးနေမိသည်၊ ကံကောင်း၍ ဤလူသည် နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးခန့်သာ ရှိသေးပြီး သက်လတ်ပိုင်းအရွယ် ဦးလေးကြီး မဟုတ်ပေ။ သို့မဟုတ်ပါက သူ ဘယ်လောက်တောင် စကားများလိုက်မလဲဆိုသည်အား မည်သူသိမည်နည်း။


မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ဗီလာများနှင့် အိမ်ရာဝင်းတစ်ခုရှေ့တွင် ကားရပ်သွား၏။ သို့ရာတွင် ဤနေရာသည် တန်ဖိုးကြီးလွန်းခြင်း သို့မဟုတ် မျက်စိကို ဖမ်းစားနိုင်လွန်းခြင်း မရှိပေ။


သံသယဖြစ်နေမည့်အစား တုလင်းသည် ကျင်းယွင်ကျောင်းအား အိမ်ထဲသို့ ယဥ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ အိမ်က တိတ်ဆိတ်နေ၏။ အဖိုးအိုတစ်ယောက်တည်းသာ အိမ်ထဲတွင်ရှိ၍ သူသည် မီးဖိုခန်းထဲ၌ တစ်ခုခု လုပ်နေသည်။ တုလင်းက ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်တို့အား ထိုင်ရန် နေရာချပေးလိုက်ပြီး မီးဖိုခန်းသို့ ဦးတည်သွားလိုက်သည်။


"အိုင်းယား..အဖေ၊ ဒီရေခဲက တအားအေးနေတာကို ဘာလို့ ပါးစပ်ထဲ ထည့်ထားတာလဲ။ ထွေးထုတ်လိုက်တော့"


သူ၏ စိုးရိမ်နေသော အသံကိုပင် ကြားနိုင်၏။


သူတို့ကားထဲတွင် ရှိစဥ်က ကျင်းယွင်ကျောင်းသည် တုလင်း၏ မိခင်ဖြစ်သူမှာ အစောပိုင်းကပင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် သူ၏ အဖေနှင့်သာ နေ၏။ ဖခင်ဖြစ်သူသည် အလွန်အသက်မကြီးသေးကာ သွားအားလုံးက အကောင်းပကတိရှိသေးသော်လည်း ပြဿနာအချို့ရှိနေသည်။


အသေးအဖွဲ့ဖျားနာမှုများအားလုံးအနက် ဦးလေးတုသည် သွားနာခြင်းကို ခံစားနေရ၏။ အချို့အချိန်များတွင် နာကျင်မှုသည် သူ၏ ရသာခံအာရုံကိုပါ ထိခိုက်စေ၍ အထူးသဖြင့် ဘဝ၌ သူ၏ အရေးအကြီးဆုံးစွမ်းရည်ဟု ယူဆထားသော ဟင်းချက်ခြင်းအတွက် စိုးရိမ်နေသည်။


"မင်း ဘာတွေဂရုစိုက်နေတာတုန်း။ ဒီရေခဲက သွားနာတာ လျော့သွားအောင် ကူညီပေးတယ်ကွ"


အဖိုးအိုက ညည်းတွားလိုက်သော်လည်း ဧည့်သည်များရောက်နေသည်ကို သတိထားမိလိုက်သောအခါ သူ၏ လေသံကို ချက်ချင်း ပြောင်းလိုက်၏။


"လီရှောက် ဒီကို ရောက်နေတာလာ။ ငပွေးလေး၊ မင်း ဘာလို့ ငါ့ကို ကြိုမပြောတာလဲ။ မဟုတ်ရင် ငါ ဟင်းကောင်းကောင်း ချက်ထားမှာပေါ့"


သူက စကားပြောရင်း ချဥ်းကပ်လာရာ လီရှောက်ယွင်၏ ဘေး၌ သူစိမ်းမိန်းကလေးငယ်တစ်ယောက်ကို မြင်လိုက်၍ အံသြသွားသည်။


"ဦးလေး၊ ဒါ ဦးလေးအတွက် ကျွန်တော်ရှာလာတဲ့ သမားတော်လေ။ သူ့ကို ဦးလေးရဲ့သွားတွေကို စစ်ဆေးကြည့်ခိုင်းလိုက်ပါ"


လီရှောက်ယွင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။


သို့သော် ကျင်းယွင်ကျောင်းသည် ဤအမျိုးသားအား စတင်၍ လေးစားစ,မပြုဘဲ မနေနိုင်တော့ချေ။ သူမကိုယ်သူမ သမားတော်တစ်ယောက်အဖြစ် ရည်ညွှန်းခြင်းအား အနည်းငယ် စိတ်မလုံသလို ခံစားရလျှင်တောင်မှ လီရှောက်ယွင်က ထိုစကားကို အလွန်တည်ငြိမ်စွာဖြင့် ပြောခဲ့၍ သူမသည် တကယ့် ကြီးမြတ်သော အံ့ချီးဖွယ် သမားတော်ကြီးအလားပင်။


ဦးလေးတုက ခဏမျှ ကြောင်အသွားပြီးနောက် ပြောလာ၏။


"လီရှောက်က မိတ်ဆက်ပေးတာလား။ ဒါဆိုရင်တော့ မင်းက သေချာပေါက်ကို ထူးခြားတဲ့သူရမယ်ကွယ့်။ မကြောက်ပါနဲ့၊ မိန်းကလေး။ ဒီကို တစ်ချက်လောက် ကြည့်ပေးပါ"


ထိုစကားက သူမအား ပို၍အံသြသွားစေသည်။ ဤအဖိုးက လီရှောက်ယွင်အား ဘယ်လောက်တောင် ယုံကြည်ထားသနည်း။


အကယ်၍ လီရှောက်ယွင်က သူတို့အား ရောင်းချမည်ဆိုလျှင်တောင် သူက လီရှောက်ယွင်အား အမြတ်ပင် ကူတွက်ပေးလောက်သည်ဟု သူမ ခံစားလိုက်ရ၏။


"ကိုယ့်အဖေက သဘောတူလိုက်ပြီဆိုတော့ ယွင်ကျောင်း၊ မင်းက စိတ်ချလက်ချ နေလို့ရပါပြီ"


တုလင်းက သူမ၏ သံသယအား ဖြေဖျောက်ပေးလိုက်သည်။ သူ၏ ဖခင်ဖြစ်သူသည် ဘယ်လိုလူစားမှန်း သူအသိပင်။


လူတိုင်းက ပွင့်လင်းလွန်းနေကြရာ ကျင်းယွင်ကျောင်းသည်လည်း သတိကြီးကြီး ထားမနေတော့ချေ။ ပထမဦးဆုံး၊ သူမသည် အဖိုးအို၏ အသားအရေကို စစ်ဆေးလိုက်သည်။ ထို့နောက် သွေးခုန်နှုန်း တိုင်းလိုက်၏။ သူမ၏ အမူအယာမှာ တည်ငြိမ်လွန်းသဖြင့် တုလင်းပင် ယုံကြည်ချက်ရှိလာသည်။