Chapter 121
Viewers 14k

Chapter 121 : ကုသမှု 


အချိန်တစ်ခုမျှ ကြာပြီးနောက် ကျင်းယွင်ကျောင်းက သူမ၏ လက်အား ဖယ်လိုက်သည်။ 


"ဘယ်လိုလဲ"


တုလင်းက စိုးရိမ်နေသော အမူအယာဖြင့် မေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ကျင်းယွင်ကျောင်း ပြောလာမည်ကိုလည်း သိချင်နေ၏။


အိမ်ထဲရှိ လူသုံးယောက်သည် သူမအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၍ ကျင်းယွင်ကျောင်းသည်လည်း စကားမပြောမီတွင် အနည်းငယ် ရှိုးတို့ရှန့်တန့်ခံစားလိုက်ရသေးသည်။


"ဦးလေးတု၊ မကြာသေးခင်က ပါးစပ်ထဲမှာ ခါးသလိုလို ဖန်သလိုလိုများ ခံစားရလား"


ဦးလေးတုက ခေါင်းညိတ်ပြလိုက်သည်။


"အမှန်ပဲကွယ့်၊ အထူးသဖြင့် ဒီသွားက။ သူ့ကို သာသာလေးထိမိလိုက်ရုံနဲ့တင် မခံနိုင်လောက်အောင် ထိုးကိုက်နေတဲ့နာကျင်မှုကို အစပျိုးပေးလိုက်သလိုပဲ"


နာကျင်မှုက သူ့အား အမှန်တကယ် မစိုးရိမ်စေသော်လည်း သူစိုးရိမ်သည်က သူ၏အရသာခံဖုများကိုပါ ထိခိုက်လာလိမ့်မည်ကိုပင်။


"ဦးလေး မကြာသေးခင်က ဖျားသေးလားရှင့်"


ဦလေးတုက ထပ်မံ၍ ခေါင်းညိတ်ပြလိုက်ပြန်သည်။


တုလင်းသည် ကျင်းယွင်ကျောင်းအား နက်နက်ရှိုင်းရှိုင်း ကြည်ညိုလေးစားသွားတော့၏။ သူသည် ယခင်က ဖခင်ဖြစ်သူ ဆရာဝန်များဆီသွားလျှင် အဖော်လိုက်သွားတတ်၍ ထိုဆရာဝန်များက ဖခင်ဖြစ်သူအား သူ၏ အခြေအနေအကြောင်း မေးခွန်းများ မေးရန်သာ သိကြသည်။ မည်သူကမှ ဤမိန်းကလေးကဲ့သို့ တစ်ချက်ကြည့်ရုံနှင့် မသိနိုင်ပေ။


"ဆရာဝန်က ဘယ်ဆေးကို ညွှန်းသလဲဟင်။ အဖျားပျောက်ဆေးလား"


ကျင်းယွင်ကျောင်းက မေးလိုက်၍ သူမ၏ အသံသည် ယခင်ကကဲ့သို့ပင် သိမ်မွေ့နေသည်။


သူမ၏ မေးခွန်းများကို နားထောင်ရင်း တုလင်း၏ မျက်လုံးများသည် မျက်လုံးချိုင့်ခွက်များထဲမှ ခုန်ထွက်လုနီးပါးဖြစ်လာပြီး သူမအား အားရပါးရ လက်မထောင်ပြလိုက်သည်။


"မှန်လိုက်တာ။ ကိုယ်တို့ အနောက်တိုင်းဆရာဝန်တစ်ယောက်ကို သွားပြတော့ အဖေ့ကို အဖျားပျောက်ဆေးတစ်လုံး ထိုးပေးလိုက်တာ။ ဒါပေမယ့် ရက်နည်းနည်းသာ ကြာသွားတယ်၊ အဖေက ခုထိ မသက်သာသေးဘူး"


ကျင်းယွင်ကျောင်းက အဖျားပျောက်ဆေးဟု ကောက်ချက်ချနိုင်ခြင်းမှာ အကယ်၍ သူတို့သွားပြသည်မှာ ဒေသတွင်းမှ ဆရာဝန်တစ်ယောက် ဖြစ်ပါက များသောအားဖြင့် ထိုဆရာဝန်များက သူ၏ ကိုယ်တွင်းအပူကို လျှော့ချရန် ဆေးညွှန်းတစ်ခုခု ပေးလိမ့်မည်သာဖြစ်၏။ သူတို့ ရမ်းသမ်းကုခြင်းမဟုတ်သရွေ့ ဦးလေးတု၏ သွားကိုက်ခြင်းသည် ထိုနေ့ကပင် သက်သာသွားပြီးဖြစ်လိမ့်မည်။ သို့သော် ကံဆိုးချင်သောကြောင့် ရက်အနည်းငယ် ကြာသည်အထိ တိုးတက်မှုမရှိပေ။


ကျင်းယွင်ကျောင်းက အနောက်တိုင်းဆေးပညာအား အထင်သေးခြင်းမဟုတ်သော်လည်း လူတိုင်းက သူတို့ကိုယ်သူတို့ တော်သည်တတ်သည်ဟုသာ ထင်နေကြသည်လေ။


"တကယ်တော့ ဒီအဖျားက အတော်လေး ကုသရလွယ်ပါတယ်၊ ဒါပေမယ့် ကျွန်မ ဆေးပင်အချို့လ်ုတယ်။ မြို့ထဲက ဆေးဆိုင်ကို ပြေးဖို့ တုကောကိုပဲ ဒုက္ခပေးရတော့မှာပဲ။ အများကြီးတော့ မလိုပါဘူး၊ ဒီဟာလေးတွေတင်ပါ၊ ပိုင်ကျီ၊ ကျူးရှားနဲ့ ဂျပန်ကြောင်ဆေးပင်။ အို ဟုတ်သားပဲ၊ အိမ်မှာ ပျားရည်ရှိလားဟင်"


ကျင်းယွင်ကျောင်း၌ ဆေးကုသခွင့်လိုင်စင်မရှိသေးသည်ဖြစ်၍ သူမက ဆေးညွှန်းကို ချမရေးပေးသည်မှာ သိသာ၏။ ထို့အပြင် သူမ လိုအပ်သော ပါဝင်ပစ္စည်းများအားလုံးမှာ ရိုးရှင်း၍ အဆိပ်အတောက် မရှိ၊ ဆေးဆိုင်များအားလုံး၌ သိုလှောင်ရောင်းချမည်မှာ အသေအချာပင်။


ယခုအချိန်၌ တုလင်းသည် ကျင်းယွင်ကျောင်း၏ စကားများကို အကြွင်းမဲ့ ယုံကြည်နေပြီဖြစ်သည်။ သူက အလောတကြီးပင် ခေါင်းညိတ်ပြလိုက်ပြီး ဆေးညွှန်းကို အလွတ်မှတ်လိုက်ကာ ပစ္စည်းအချို့ကို ထုပ်ပိုး၍ ခဏအကြာမှာပင် အိမ်ထဲက ပြေးထွက်သွားတော့၏။


ကံကောင်းသည်မှာ အနီးနားတွင် ဆေးဆိုင်တစ်ဆိုင်ရှိနေသည်။ သိပ်မကြာခင်မှာပင် တုလင်းက အပြေးအလွှား ပြန်ရောက်လာ၏။


ကျင်းယွင်ကျောင်းက တုမိသားစုအိမ်၏ မီးဖိုချောင်အား ခဏငှားလိုက်သည်။ သူမက ပိုင်ကျီအား အခြောက်ခံလိုက်ပြီး အမှုန့်ဖြစ်အောင် ထောင်းလိုက်၏။ ထို့နောက် ပျားရည်အနည်းငယ်ထည့်၍ ဆေးတောင့်ဖြစ်အောင် ပုံသွင်းလိုက်ပြီးနောက် ကျူးရှားကို သုံး၍ အပြင်ဘက်မှ အလွှာတစ်ထပ်အုပ်လိုက်သည်။ မိနစ်အနည်းငယ် အတွင်းမှာပင် သူမသည် ဦးလေးတု သောက်သုံးရန် ဆေးညွှန်းကို ကျွမ်းကျင်စွာ ပြင်ဆင်ပြီးသွား၏။


ဆေးသည် လူနာအား အာနိသင် ချက်ချင်းပြသည်အထိ မစွမ်းသော်လည်း အာနိသင်ပြရန်အတွက် နာရီအနည်းငယ်ထက် ပို၍ မလိုအပ်သည်မှာ အသေအချာပင်။


"နောက်ရက်တွေအတွက် စပ်တဲ့အစားအစာတွေ ဒါမှမဟုတ် ကိုယ်တွင်းအပူကို တက်စေတဲ့ အစားအသောက်တွေကို မစားသေးပါနဲ့ဦးနော်။ များများ အနားယူပြီးတော့ စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားပါ"


သူမက အကြံပေးလိုက်သည်။


ယခင်က ပြခဲ့သော ဆရာဝန်ကလည်း ဤသည်နှင့်တူညီသော အကြောင်းအရာကိုသာ ပြောခဲ့ပြီး ဦးလေးတုက သဘောတူကြောင်း အသံပြုလိုက်၏။ သူ၏ စိတ်ကူးသက်သက် ဒါမှမဟုတ် စိတ်ပညာဆိုင်ရာ အကျိုးသက်ရောက်မှု ဖြစ်နိုင်သည်။ သူသည် ဆေးကို ရေနှင့်မျှောချပြီးနောက် သွားနာခြင်းသည် ယခင်ကကဲ့သို့ မခံမရပ်နိုင်လောက်အောင် မဖြစ်တော့ကြောင်း ခံစားလိုက်ရ၏။ ဤလုံမပျိုလေး၏ အသက်အရွယ်နှင့်စာလျှင် သူမ၏ အပြုအမူများနှင့် အပြောအဆိုများသည် ယဥ်ကျေး၍ ပျာယာခတ်မှုမရှိဘဲ တည်ငြိမ်သည်။ ၎င်းအချက်ကလည်း သူ၏ စိုးရိမ်မှုများကို ပြေလျော့သွားစေသော အကျိုးသက်ရောက်မှုရှိ၏။


တခြားတစ်ဖက်တွင် တုလင်းသည် သူမအား လုံးဝဖြုံသွားပြီဖြစ်သည်။ သူ၏ အမူအယာက သူမအား အန္တရာယ်ရှိသော တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ကြည့်ရှူနေရသကဲ့သို့ပင်။


သို့သော် တစ်ချိန်တည်းမှာပင် အစောပိုင်းက သူ၏ သံသယရှိသော အပြုအမူကြောင့်လည်း အပြစ်ရှိသကဲ့သို့ မခံစားဘဲလည်း မနေနိုင်။ သူက ယနေ့ည သူမ ပါဝင်ပစ္စည်းများလာပို့သောအခါ သူမ အပေါ်တွင် ယခင်ကထက် ပို၍ ယဥ်ယဥ်ကျေးကျေး ဆက်ဆံရမည်ဟု တွေးနေပြီး အကယ်၍ ထိုပစ္စည်များက သူ၏ စံနှုန်းနှင့် မကိုက်ညီလျှင်တောင်မှ ဤညီမငယ်လေး၏ ခံစားချက်နာကျင်သွားစေမည်အား စိုးရိမ်နေမိသည်။


ကျင်းယွင်ကျောင်းသည် နေ့လည်ဘက်၌ အတန်းများရှိသေးသောကြောင့် တုလင်း၏ အိမ်၌ ကြာကြာမနေခဲ့ပေ။ ခြေကြွခအနေဖြင့် တုလင်းကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးသော ထမင်းတစ်နပ်စားပြီးနောက် သူမအား လီရှောက်ယွင်က ပြန်လိုက်ပို့ခဲ့သည်။


ဤနေရာ၌ သူမ အသိအမှတ်တစ်ခုပြုရပေဦးမည်။ တုလင်း၏ အချက်အပြုတ်စွမ်းရည်သည် အမှန်တကယ်ပင် အတော်လေး ကောင်း၏။ ဟင်းပွဲများက ထျန်းရှန်းလော်မှ ဟင်းပွဲများထက်ပင် ပို၍ ချိုမြိန်လှသည်။ တော်ဝင်စားတော်ကဲ၏ နောက်ပိုင်း မျိုးဆက်တစ်ယောက်အဖြစ် ထိုက်တန်သည်မှာ အသေအချာပင်။


သူနှင့်ပူးပေါင်းလိုသော သူမ၏ရည်ရွယ်ချက်မှာလည်း ပို၍ ထက်သန်လာ၏။