Chapter 122 : ရတနာသိုက်နှင့်တိုးခြင်း
သူမ၏ နေရာလွတ်နယ်မြေ မျက်နှာပြင်သည် အလွန်ကျယ်ပြန့်လှသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ဆေးပင်အနည်းငယ်အပြင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားအပင်များကို နေ့စဥ်နေ့တိုင်း နည်းနည်းချင်းစီ စိုက်ပျိုးထား၏။ ထို့အပြင် နေရာလွတ်နယ်မြေထဲရှိ ရေပူစမ်းရေကြောင့် အထဲမှ စိုက်ပျိုးထွက်ကုန်များသည် အပြင်က ပစ္စည်းများထက် အဆပေါင်းများစွာ ပို၍ လတ်ဆတ်သည်။
နေ့လည်ပိုင်း အတန်းနှစ်ချိန်တက်ပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏ တာဝန်ကျ အတန်းဆရာမထံတွင် ခွင့်တိုင်လိုက်၏။ ထို့နောက် ခရိုင်မြို့၏ ဆင်ခြေဖုံးရှိ လယ်သမားအိမ်ထောင်စုတစ်စုထံမှ ခြံတစ်ခြံ ငှားရမ်းရန်အတွက် လာခဲ့လိုက်သည်။
ဖော်ပြပါ ခြံဝန်းသည် လုံးဝကြီး သီးခြားဖြစ်မနေဘဲ အဖိုးရှု လက်ရှိနေထိုင်နေသော ခြံဝန်းနှင့် ဆင်တူ၏။ နှိုင်းယှဥ်ကြည့်ပါက ၎င်းက အနည်းငယ် ပို၍ တိတ်ဆိတ်၏။ ၎င်း၏ဘေး၌ ခြံတံခါးဝကြီးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားသော အခြားခြံဝန်းများရှိသည်။ ၎င်းမှာ အလွန်အေးချမ်းပြီး လူသူကင်းရှင်းကာ မြို့ထဲရှိ မိသားစုများနှင့် မတူပေ။
၎င်းအားခြုံကြည့်ပါက ဤကဲ့သို့သော နေရာမျိုးသည် ကျင်းယွင်ကျောင်း၏ လိုအပ်ချက်များနှင့် အပြည့်အဝပင် ကိုက်ညီသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက လူများ၏ အာရုံကို မဆွဲဆောင်သောကြောင့်ပင်။ ၎င်းသည် သူမအတွက် သူမ၏ နယ်မြေထဲမှ ထုတ်ကုန်များကို လွှဲပြောင်းရန် အချက်အချာနေရာတစ်ခု ဖြစ်လာလိမ့်မည်။
နေရာလွတ် နယ်မြေထဲတွင် ပစ္စည်းတစ်ခု၏ လတ်ဆတ်မှုကို ထိန်းထားနိုင်သည့် လုပ်ဆောင်ချက်ရှိသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူမ သယ်ယူလိုသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို ညအချိန်မှသာ ထုတ်ယူနိုင်မည် ဖြစ်၏။ သူမသည် ယာဥ်တစ်စီးကို ငှားလိုက်ပြီး ယွီထျန်းရှန်း၏ တံခါးဝသို့ ထုတ်ကုန်များသွားပို့ရန် သုံးလိုက်သည်။
ယွီထျန်းရှန်း၏ မျက်နှာစာသည် ကွန်ဖြူးရှပ်ဝါဒ၏ ရှေးဆန်သော လေထုကို ပေးစွမ်းနေပြီး ထျန်းရှန်းလော်၏ ခမ်းနားထည်ဝါလှသော ဇိမ်ခံအပြင်အဆင်နှင့် မတူပေ။ သို့သော် ၎င်းက လူများ ဤနေရာကို မြင်လိုက်သည်နှင့် သက်တောင့်သက်သာဖြစ်သွားသော ခံစားချက်ကို ပေးစွမ်းနေဆဲပင်။ သန့်စင်၍ ရိုးရှင်းပြီး အရောင်မှိုင်းမှိုင်းများက ၎င်း၏ အဓိကအပြင်အဆင်ဖြစ်သည်။ မျက်နှာစာက မကြီးသော်လည်း ပတ်ဝန်းကျင်ရှိ အခြားစားသောက်ဆိုင်များနှင့် နှိုင်းယှဥ်ပါက ပို၍ ဟိတ်ဟန်များစွာ ရှိ၏။
တုလင်းက အချိန်အတော်ကြာအောင် စောင့်နေခဲ့ပြီး ကျင်းယွင်ကျောင်းအား မြင်သောအခါ ကျေးဇူးတင်စွာဖြင့် ပွေ့ဖက်လိုက်သည်။
"ကိုယ့်အဖေရဲ့သွားက ပိုကောင်းလာပြီ။ မင်းကို သင့်တော်တဲ့ ကျေးဇူးဆပ်ခွင့်လေးတော့ ပေးပါဦး"
"သူ့ကို ဒီည ဆေးတစ်ကြိမ် ထပ်တိုက်လိုက်ပါဦးနော်။ ကျွန်မရဲ့ ခန့်မှန်းချက်အရဆိုရင် မနက်ဖြန်ကျ နာတာ လုံးဝပျောက်သွားလိမ့်မယ်။ ဒါပေမယ့် အပြည့်အဝကောင်းဖို့အတွက်တော့ သူ့ရဲ့ စားသောက်ပုံကို နည်းနည်းကြာကြာ ထိန်းညှိပေးဖို့ ကျွန်မ ရှင့်ကို အကြံပေးချင်တယ်"
ကျင်းယွင်ကျောင်းက ကိစ္စကို တာဝန်ယူမှုရှိရာ သူ့ကို ထပ်မံ၍ အကြံပေးလိုက်၏။
တုလင်း ကမူ သဘောထားကွဲလွဲနေသည်။
"မင်းလိုမျိုး ကျောင်းသူလေးတစ်ယောက်က ဒီလိုမျိုးကိစ္စတွေကို ဘာလို့ ဒီလောက်သိနေရတာလဲ။ အံသြစရာကောင်းတဲ့ ကိစ္စဆိုပေမယ့် မင်းစကားပြောတဲ့အခါကျရင် မင်းအသံက အချို့လူကြီးတွေလိုပဲ။ မင်းကို ဒီလိုမျိုး လူထူးဆန်းလေးဖြစ်လာအောင် ဘယ်လိုပုဂ္ဂိုလ်များက သင်ကြားပေးခဲ့လဲဆိုတာ ငါ တကယ်မသိတော့ဘူး"
ကျင်းယွင်ကျောင်းအပေါ် သူ၏ ပထမအမြင်သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် အဖြူထည် ပန်းလှလှလေးတစ်ပွင့်ဟုသာ ရှင်းရှင်းလင်းလင်း ခံစားရရုံဖြစ်၏။ သို့ရာတွင် သူမ၏ ပုံရိပ်က လေးစားစရာကောင်းသော ရင့်ကျက်သည့် သမားတော်တစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ကျောင်းသားတစ်ယောက်၏ ပုံရိပ်မဟုတ်တော့ပေ။ သူမသည် သွက်လက်ခြင်း၊ ချစ်စရာကောင်းခြင်းလည်း မရှိတော့။
အစပိုင်းတွင် သူသည် သူမ၏ ထက်မြက်မှုကြောင့် ဖြုံသွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တက်ကြွ၍ 'ချစ်စရာကောင်းသော' ဟူသည့် စကားလုံးများကို သူ တွေးကြည့်သောအခါ ကျင်ယွင်ကျောင်းနှင့် ဤဖော်ပြချက်က ကွက်တိကျမနေပေ။ အကယ်၍ သူမက တည်ငြိမ်အေးချမ်းသော ခပ်ဖျော့ဖျော့ အပြုံးလေးနှင့် ချစ်စဖွယ်ကောင်းအောင် ပြုမူပြပါကလည်း သူ လက်မခံနိုင်မည်မှာ အသေအချာပင်။
တုလင်းသည် သူမအား လူကြီးတစ်ယောက်ကဲ့သို့ ပြောဆိုဆက်ဆံချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ဤနည်းဖြင့် အပြန်အလှန် စကားပြောဆိုမှုအတွင်း ကသိကအောက် အခိုက်အတန့်များစွာ ရှိလာလိမ့်မည် မဟုတ်ပေ။
သူသည် ပထမဆုံး တစ်စုံတစ်ယောက်အား ကားထဲမှ ထုတ်ကုန်များ၏ တစ်စိတ်တစ်ပိုင်းကို စစ်ဆေးကြည့်ရန် ပြောလိုက်ပြီးနောက် အသေးစိတ်တစ်ချက် ကြည့်လိုက်သည်။
လတ်ဆတ်သည်၊ အမှန်တကယ်ပင် ရနံ့သင်းပျံ့၏။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအနံ့ အရိပ်အယောင်တစ်ခုပင် ရှာမတွေ့ချေ။
တကယ်တမ်း သူမ ချဥ်းကပ်လာကတည်းက သူသည် ချက်ချင်း ခံစားမိပြီးသားဖြစ်၏။ ဤသစ်သီးများ၏ ချိုမြသောရနံ့သည် ခြံဝန်းကိုပင် ဖြတ်ကျော်၍ မွေးပျံ့နေစေနိုင်သည်။
သို့သော် သူသည် သစ်သီးများအား အနည်းငယ် ဆိတ်ဆွ၍ အရသာ မြည်းပြီးနောက်တွင် အမှန်တကယ် အံ့အားသင့်သွား၏။
သူ ရတနာပုံနှင့် တိုးပြီ ဖြစ်သည်။
သူ၏ လျှာသည် ဘိုးဘေးများဆီမှ ဆင်းသက်လာသော လက်ဆောင်ပစ္စည်းတစ်ခုဖြစ်ရာ သူက မည်ည့်အရသာမျိုးကို အကဲဖြတ်နိုင်လေ၏။ သူသာ သေချာစွာ လေ့လာစိစစ်နိုင်၍ ကျင်းယွင်ကျောင်း၏ ထုတ်ကုန်များကိုသာ ဟင်းပွဲများ ချက်ပြုတ်ရာတွင် သုံးပါက ဘိုးဘေးများထံမှ သူ့ဆီသို့ ဆင်းသက်လာသော ပြီးပြည့်စုံသည့် စွမ်းရည်များကို သူ အပြည့်အဝ ပြသနိုင်လိမ့်မည်ဖြစ်သည်။ သူကပင် အရသာ ပိုကောင်းအောင် လုပ်နိုင်လိမ့်ဦးမည်။
"မြန်မြန်၊ မြန်မြန်။ ထရပ်ကားပေါ်က ကုန်တွေကို ချလိုက်ကြ။ လူတိုင်း ဒီပစ္စည်းတွေကို ဂရုစိုက်ကြပါ"
တုလင်း၏ မျက်နှာသည် နေမင်းကြီးကဲ့သို့ လင်းရောင်ဖြာနေသည်။ သူသည် စိတ်လှုပ်ရှားနေသဖြင့် ဤပစ္စည်းများအား ကျင်းယွင်ကျောင်း ပိုင်ဆိုင်သည်ဆိုသော အချက်ကိုပင် မေ့သွားခဲ့၏။
မိတ်ဆွေများအနေနှင့် ကျင်းယွင်ကျောင်းသည် တုလင်းအား ဤပစ္စည်များကို လက်ဆောင်အဖြစ်ပေးရခြင်းက ပြဿနာမရှိပေ။ သို့ရာတွင် သူမ၏ ရည်ရွယ်ချက်မှာ သူနှင့်ပူးပေါင်းရန် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဤကဲ့သို့သော အခွင့်အရေးကို မည်သို့ လက်လွှတ်ခံရမည်နည်း။
သူမက မျက်မှောင်ကြုံ့လိုက်ပြီး လက်ဆန့်လိုက်၍ ထရပ်ကားဆီသို့ သွားနေသော တုလင်း၏ အလျင်လိုနေသည့် ခြေလှမ်းများကို ကာထားလိုက်သည်။
"တုလောင်ပန် (သူဌေးတု)၊ ကျွန်မဘက်က ရှင့်ရဲ့လိုအပ်ချက်တွေကို ကျေနပ်သွားစေပြီဆိုတော့ ကျွန်မတို့ စျေးနှုန်းကို ဆွေးနွေးရမယ့် အချိန်မဟုတ်လား"
တုလင်းက တုန်လှုပ်သွား၏။ သူသည် ယခင်က သူမက သူ၏ လိုအပ်ချက်များကို ဖြည့်ပေးနိုင်၊ မပေးနိုင် သံသယဝင်ခဲ့သည်အား ရုတ်တရက် သတိရသွားသည်။ ယခု အားလုံးက အဆင်ပြေလွန်းနေပြီ။ သည်ညီမငယ်လေးကလည်း ဒါကို စိတ်ထဲထားနေတယ်။
သူက ပြုံးဖြီးဖြီးနှင့် ပြောလိုက်၏။
"ကိုယ့်ကို တုလောင်ပန်လို့ မခေါ်ပါနဲ့ကွာ၊ တုကောလို့ပဲ ခေါ်ပါ။ အဲဒါက ကြားလို့ ပိုကောင်းတယ်၊ ပြီးတော့ ပိုပြီးလည်း ရင်းနှီးတယ်ထင်ရတယ် မဟုတ်လား။ လာ လာ လာ၊ ဆိုင်ထဲကိုဝင်ပြီး ဒါကို ဆွေးနွေးကြစို့။ မင်း စိတ်ချနေလို့ရတယ်နော်။ ဆွေးနွေးတာက သေချာပေါက်ကို မင်းရဲ့အကျိုးအမြတ်အတွက်ပဲ"
ဤမျှ အရည်အသွေးကောင်းလွန်းသော ပါဝင်ပစ္စည်များအား လက်ခံရန် ငြင်းပယ်လိုက်ပါက သူ အိမ်ပြန်သည်နှင့် ဖခင်ဖြစ်သူက သေအောင် ရိုက်လိမ့်မည်မှာ အသေအချာပင် ဖြစ်ချေသည်။