Chapter 123 : ပုံမှန်ဝင်ငွေ
တုလင်း၏ သဘောထားသည် တစ်ရာ့ရှစ်ဆယ်ဒီဂရီ ပြောင်းပြန် ပြောင်းလဲသွားပြီး သူ စိတ်ကြီးဝင်မိသွားသည့် အခိုက်အတန့်ကြောင့် ကျင်းယွင်ကျောင်းက သူမ၏ ပစ္စည်းများကို ယူ၍ ပြန်ထွက်သွားမည်ကို ကြောက်နေမိသည်။
သူက တစ်စုံတစ်ယောက်အား သီးသန့်ခန်းပြင်ပေးရန် ပြောလိုက်ပြီး စားပွဲအပြည့်ဟင်းပွဲများကို တည်ခင်းဧည့်ခံ၏။ ၎င်းမှာ သင့်တင့်လျောက်ပတ်ပုံရပြီး သူ၏ ရိုးသားမှုကို အတတ်နိုင်ဆုံး ဖော်ပြနိုင်သည်ဟု တုလင်း ခံစားနေရ၏။ စားသောက်ပြီးစီးသွားသောအခါ သူက တည်ကြည်သော အမူအယာဖြင့် မေးလိုက်သည်။
"ညီမလေး ယွင်ကျောင်း၊ မင်းဆီမှာ ဒီထုတ်ကုန်တွေ အများကြီးရှိလား။ မင်း ဒီပစ္စည်းတွေကို ဘယ်လောက်ကြာကြာ ဆက်ပြီး ထောက်ပံ့နိုင်မလဲ"
အကယ်၍ သူမ၌ ဤထရပ်ကာတစ်စီးစာသာ အပြည့် ဟင်းသီးဟင်းရွက်ပမာဏ ရှိလျှင် စီးပွားရေးပူးပေါင်းခြင်းက ဘာအကျိုးရလဒ်မှ ရှိမည်မဟုတ်ပေ။ သူ့၌ စားသောက်ဆိုင်ကြီးတစ်ဆိုင်ရှိ၍ အနာဂတ်တွင်လည်း ချဲ့ထွင်ဦးမည်ဖြစ်သည်။ သူလိုအပ်သောပမာဏသည် ရယ်စရာမဟုတ်ပေ။
"ကျွန်မ သိုလှောင်ထားတာတွေ အတွက်တော့ စိတ်မပူပါနဲ့။ ကျွန်မရဲ့ရှစ်ဖူးက ကျွန်မကို ပစ္စည်းတွေအများကြီး လက်ဆင့်ကမ်းပေးခဲ့တာ၊ ပြီးတော့ ကျွန်မကို ဘယ်လို ဖြန့်ဖြူးရမယ်ဆိုတာကိုလည်း ဆုံးဖြတ်ထားခိုင်းခဲ့တယ်။ တကယ်လို့ ရှင် ပစ္စည်းတစ်ခုကို လိုချင်တယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်၊ စျေးနှုန်းကလည်း သင့်လျော်တယ်ဆိုရင် ပမာဏနဲ့ ပစ္စည်းအမျိုးအစားကိုသာ ချရေးလိုက်ပါ။ နောက်နေ့ကျ ကျွန်မ ရှင့်ဆီကို ပို့ပေးပါ့မယ်"
ကျင်းယွင်ကျောင်းက ရှင်းပြလိုက်သည်။
ဤသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည် နေရာလွတ်နယ်မြေထဲမှ ထုတ်ယူထားခြင်း ဖြစ်သောကြောင့် မည်သို့ပင် ဆိုစေကာမူ ၎င်းတို့သည် နေရာလွတ်နယ်မြေ၏ ဝိညာဥ်အငွေ့အသက်များကို သယ်ဆောင်ထားဆဲပင်။ ထို့ကြောင့် သူတို့သည် သာမန်အစားအစာများထက် အချိန်အနည်းငယ် ပိုကြာပြီးမှ ပုပ်သိုးသွားနိုင်သည်။ တစ်နည်းပြောရလျှင် ၎င်းတို့အား နေ့စဥ် သယ်ယူပို့ဆောင်ရာ၌ တစ်စုံတစ်ရာ အခက်အခဲရှိလိမ့်မည် မဟုတ်ပေ။
တုလင်း၏ မျက်လုံးများက တောက်ပသွား၏။
"ကောင်းလိုက်တာ။ မင်းရဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ ပမာဏကို ဒီလိုထိန်းထားနိုင်သရွေ့ ကိုယ်သတ်မှတ်ပေးမယ့် စျေးနှုန်းက စျေးကွက်ပေါက်စျေးထက် သေချာပေါက် ပိုများစေရမယ်။ ကိုယ် မင်း ဘာမှ မနစ်နာစေရပါဘူး"
"ကျွန်မ အသက် ဆယ့်ခြောက်နှစ်ပြည့်ဖို့ လနည်းနည်းလိုသေးတယ်၊ ဒါကြောင့် အဲဒီနောက်မှ ကျွန်မ စာချုပ်မှာ လက်မှတ်ထိုးနိုင်မှာရယ်။ ရှင်မစိုးရိမ်ပါနဲ့၊ ကျွန်မရဲ့နေ့စဥ်ဘဝ နေထိုင်ရေးအတွက်က ကျွန်မရဲ့အလုပ်တွေဆီက ဝင်ငွေအပေါ်မှာပဲ မှီခိုနေတာ။ ဒါကြောင့် ကျွန်မ ဆယ့်ခြောက်နှစ်ပြည့်တာနဲ့ စာချုပ်လက်မှတ်ထိုးဖို့ အခွင့်အရေးရပြီ။ ဒါပေမယ့် ဒီအချိန်အတောအတွင်းမှာတော့ ကျွန်မတို့ရဲ့ နှုတ်ကတိစာချုပ်အတိုင်း ဖြည့်ဆည်းပေးဖို့ ရှင့်ဘက်က လိုက်နာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငွေချေတာ နောက်မကျရဘူး၊ မပျက်ကွက်ရဘူး။ အဲဒီအပြင် ပင်လယ်စာတွေနဲ့ ရေထွက်ပစ္စည်းတွေကလွဲရင် အခြားပစ္စည်းတွေအတွက် ကျွန်မက ရှင့်ရဲ့ အဓိက တင်သွင်းသူဖြစ်ရမယ်။ အကယ်လို့ ရှင်ဒီလိုမလုပ်နိုင်ဘူးဆိုရင် အချိန်ကျလာတဲ့အခါ ကျွန်မဘက်က သဘောတူညီချက်ကို လက်မှတ်မထိုးဘူးလို့ မှတ်ယူလိုက်ပါ"
ကျင်းယွင်ကျောင်း ထိုအကြောင်းကို လေးလေးနက်နက် ပြောလိုက်သည်။
လက်ရှိအချိန်တွင် သူမအတွက် ပြဿနာအဖြစ်ဆုံးအရာမှာ သူမ၏ အသက်အရွယ်ဖြစ်၏။ သူမသည် ဆယ့်ခြောက်နှစ်ပင် မပြည့်သေး၍ သူမ တစ်ခုခုလုပ်ချင်တိုင်း သူမ၏ လက်မောင်းများကို ချည်နှောင်ထားခံရသည်။
ဤသဘောတူညီချက်အပြင် ဆေးကုသခွင့်လိုင်စင်ရရှိခြင်း ပြဿနာကလည်း သူမအား ခေါင်းကိုက်စေ၏။ လက်ရှိတွင် အောင်မြင်သော သမားတော်တစ်ယောက်သည် သူမအတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်သော်လည်း လိုင်စင်အောင်ရန်အတွက် ဆေးပညာအတွေ့အကြုံ နှစ်အနည်းငယ်လည်း လိုအပ်သည်။ ထို့ကြောင့် ယာယီအားဖြင့် မဖြစ်နိုင်သေးချေ။
တုလင်းသည် ကျင်းယွင်ကျောင်း၏ စကားများကြောင့် ထပ်မံ၍ ရန်စခံလိုက်ရသလို ဖြစ်သွားပြန်သည်။ "သူမရဲ့နေ့စဥ်ဘဝ နေထိုင်ရေးအတွက် သူမရဲ့အလုပ်တွေကရတဲ့ ဝင်ငွေအပေါ်မှာပဲ မှီခိုနေတယ်" ဆိုတာ ဘာကို ဆိုလိုသနည်း။ သူမက ကိုယ့်ကိုယ်ကိုယ် ပြန်ထောက်ပံ့နေရတဲ့ အဓိပ္ပါယ်လား။
ဘုရားရေ...သူမက ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘူးလေ။ သူ ဆယ့်ခြောက်နှစ်အရွယ်တုန်းက သူ၏ ကျောင်းရမှတ်များကြောင့် သူ၏ အဖေထံမှ ကြိမ်ဖြင့် အဆော်ခံနေရတုန်းပင် ရှိသေးသည်။
"ကိုယ် မင်းကို ငွေချေတာလည်း နောက်မကျစေရဘူး၊ အကြွေးလည်း မတင်စေရဘူး။ အဲဒါတွေထက် မင်းကလည်း ရှောက်ယွင်နဲ့ သိတဲ့သူပဲ။ ကိုယ်က ဘယ်လိုလုပ် ကိုယ့်ကို အန္တရာယ်ဖြစ်စေမယ့်အရာကို လုပ်ရမှာလဲ"
တုလင်းက ခဏနားလိုက်ပြီး ဆက်ပြောလာသည်။
"ဒါပေမယ့် ညီမလေး ယွင်ကျောင်း၊ စီးပွားရေးကိစ္စတွေက ရှုပ်ထွေးတယ်။ ဒါကြောင့် ကိုယ် မင်းကို အကြံတစ်ခုပေးချင်တယ်။ ပစ္စည်းတွေကို အချိန်မီပို့ဖို့ မင်း တစ်ခုခုငှားမရဘဲ အခက်အခဲဖြစ်နေတဲ့ အချိန်တွေဆိုရင် ကိုယ့်ကို ကြိုပြီး အကြောင်းကြားပေးဖို့ မျှော်လင့်တယ်။ စာချုပ်ချုပ်ပြီးတဲ့နောက်မှာလည်း ကိုယ်တို့ လတိုင်း မင်းရဲ့ပစ္စည်းပို့မယ့်ရက်တွေကိုလည်း သတ်မှတ်ထားသင့်တယ်။ တကယ်လို့ မင်း ဒီစည်းမျဥ်းကို ဖောက်ဖျက်မိတဲ့အချိန်ရောက်လာရင် မင်းလည်း ဒဏ်ငွေပေးရမယ်။ ငွေက ဒုတိယအရေးအကြီးဆုံးပဲ။ အခြေခံအားဖြင့် ယွီထျန်းရှန်းက ကိုယ်တို့မိသားစုရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် ကိုယ်တို့ရဲ့ကုန်ကြမ်းတင်သွင်းရေးထဲက ပြဿနာကြောင့် အဲဒီအပေါ်မှာ ကိုယ် ဘာပြဿနာမှ ထပ်မတက်စေချင်ဘူး။ မင်း ကိုယ့်ကို နားလည်ရဲ့လား"
ဤသည်မှာ သူမအား တုလင်း ခင်မင်ရင်းနှီးစွာ သတိပေးချက်ပင်။
ကျင်းယွင်ကျောင်းသည် စိတ်ပိုင်းဆိုင်ရာအရ ကလေးတစ်ယောက် လုံးဝ မဟုတ်ပေ။ သူမသည် စည်းမျဥ်း၏ ဤအချက်အား နားလည်၏။
သူမ၏ ဝင်ငွေ တည်ငြိမ်သွားသည့်နောက်အထိ စောင့်ပြီးလျှင် သူမသည် သူမ၏ နေရာလွတ်နယ်မြေကဲ့သို့ အပြင်ဘက်၌လည်း ပါဝင်ပစ္စည်းများ၏ လတ်ဆတ်မှုနှင့်သန့်ရှင်းမှုကို တူညီသောအဆင့်သတ်မှတ်ချက်ရရှိစေမည့်နည်းလမ်းကို လက်တွေ့စမ်းသပ်ရန် ငှားရမ်းရမည့် မြေအချို့ကို သွားရောက်ရှာဖွေရပေမည်။ သူမ ပြိုလဲကျမည့် ဖြစ်ရပ် ဖြစ်လာလျှင် ၎င်းအား အကာအကွယ်အဖြစ် သုံးနိုင်သည်။
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။ နှစ်ဦးသားသည် စားရင်းသောက်ရင်း တစ်ချို့အသေးစိတ်အချက်အလက်များအတွက် စကားလက်ဆုံကျနေကြ၏။
နောက်တွင် တုလင်းက သူမအား စားဖိုဆောင်အတွက် ဟင်းသီးဟင်းရွက်များကို ရှာဖွေပေးရာ၌ တာဝန်ရှိသူနှင့် မိတ်ဆက်ပေးခဲ့သည်။ ဤနည်းဖြင့်၊ အနာဂတ်သယ်ယူပို့ဆောင်ရေးများအတွက် သူတို့ ဆက်သွယ်ရန် ပို၍လွယ်ကူသွားလိမ့်မည်။
စျေးနှုန်းအတွက်မူ ထိုအချိန်ရှိ စျေးကွက်ပေါက်စျေးကို အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။ သို့ရာတွင် ယွီထျန်းရှန်းသည် ဖွင့်ခါစပင်ရှိသေးသည်ဟု ယူဆနိုင်၍ သူတို့၌ တိကျသော တိုးပွားစည်ပင်မှုမရှိသေးရာ သူမ၏ လစဥ်ဝင်ငွေသည် ပျမ်းမျှ ယွမ်သုံးသောင်းသာ ဖြစ်၏။ သူမ၏ စိုက်ပျိုးထုတ်လုပ်ရေး ကုန်ကျစရိတ်များ အားလုံးသည် သူမ၏ နေရာလွတ်နယ်မြေဟုသာ ယူဆနိုင်၍ သူမသည် အစေ့များအတွက်သာ ငွေပေးရရုံဖြစ်ကာ အခြေခံအားဖြင့် အမြတ်ချည်းသက်သက် ဖြစ်သည်။ ခရိုင်မြို့ကဲ့သို့သော နေရာမျိုးတွင် ဤပမာဏကို နည်းသည်ဟု မယူဆနိုင်ပေ။
ထို့အပြင် ယွီထျန်းရှန်း၏ စီးပွားရေးသည် ပို၍ကောင်းသထက် ကောင်းလာမည်သာ ဖြစ်သည်။ သူမ၏ ဝင်ငွေသည်လည်း ထိုညွှန်းကိန်းအပေါ်လိုက်၍ အလိုအလျောက် တိုးပွားလာမည်ပင်။