Chapter 124 : ဝယ်သူပေါ်လာခြင်း
အခြားဝင်ငွေတစ်ခုရရှိလာသဖြင့် နောက်ဆုံး၌ ကျင်းယွင်ကျောင်း၏ နှလုံးသားလေးက စိတ်ဖိစီးမှုများမှ လွတ်လပ်သွားခဲ့သည်။ သို့ရာတွင် သူမ၏ နေရာလွတ်နယ်မြေထဲတွင် ရှိနေသော အပြာနှင့်အဖြူစပ် ကြွေအိုးအကြောင်းကို တွေးလိုက်မိသဖြင့် ပြန်လည်၍ စဥ်းစားဆင်ခြင်လိုက်၏။
အတိတ်ဘဝ၌ အပြာနှင့် အဖြူစပ် ကြွေအိုးကို ဝယ်သွားသော စီးပွားရေးသမားသည် အခွင့်အရေးသမားတစ်ယောက် ဖြစ်ပြီး သူက ထိုအကြောင်းကို သတင်းများ ဖြန့်ခဲ့သောကြောင့် နင်းမြို့တော်မှ အဖိုးအိုသည် တရုတ်ကြွေထည်ကို ရူးသွပ်သွားခြင်းဖြစ်သည်။ ဤနည်းဖြင့်သာ သူ၏ အာရုံစိုက်မှုကို ရလိမ့်မည်။ ယခုအချိန်၌ ပစ္စည်းသည် သူမ၏ လက်ထဲတွင် ဖြစ်သည်။ သူမကသာ လက်ရှိအနေအထားအတိုင်း ပိုနေမြဲကျားနေမြဲ နေလိုက်၍ မည်သူကမှ အိုးအကြောင်းကို မသိပါက ကြောက်စရာပင်။ အဆုံးသတ်တွင် သူမသည် ၎င်းကို မရောင်းနိုင်ဘဲ နေလိမ့်မည်။
ထိုအကြောင်းကို တွေးတောယူဆပြီးနောက် ကျင်းယွင်ကျောင်းသည် အိမ်အပြန်လမ်းတွင် မြို့၏ အီလက်ထရွန်းနစ်ပစ္စည်းများရောင်းချသော အပိုင်းသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် ထိုနေရာမှ ကွန်ပျူတာတစ်လုံး ဝယ်ခဲ့၏။ လက်တွေ့တွင် အင်တာနက်ပေါ်တွင် ကလစ်တစ်ချက်နှိပ်ရုံဖြင့် သတင်းများကို လက်တွေ့လောကထက်ပို၍ မြန်ဆန်စွာ ဖြန့်ဝေနိုင်သည်။
နှစ်ရက်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် အင်တာနက် တပ်ဆင်ပြီးသွား၏။ သူမသည် ရှေးဟောင်းပစ္စည်းစုဆောင်းသူများကြားတွင် လူသိများသော ဝက်ဘ်ဆိုဒ်တစ်ခုကို ဖွင့်လိုက်သည်။ အပြာနှင့် အဖြူစပ် ကြွေအိုးပုံအား တင်ပြီးနောက် သူမသည် ၎င်း၏ အကြောင်းအရာ အသေးစိတ်ကို ဆက်၍ ဖြည့်လိုက်ပြီး နောက်ဆုံးအနေနှင့် သူမ၏ ဆက်သွယ်ရန် အချက်အလက်များကို ချန်ခဲ့လိုက်၏။
သူမ၏ လက်ထဲ၌ ယွမ်နှစ်သန်းထက်ပို၍ တန်ကြေးရှိသော တစ်စုံတစ်ခုရှိနေသည်ဟူသော အသိက သူမကို မအေးချမ်းစေပေ။ ယခု သူမလုပ်နိုင်သမျှမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရုံသာ ဖြစ်၏။
အံသြစရာကောင်းသည်က တစ်ပတ်မပြည့်မီမှာပင် သူမသည် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
အမှန်ပင်၊ သူမသည် အခြားသူများဆီမှ ဆက်စပ်နေသော ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့သော်လည်း သူတို့အားလုံးသည် သူမ ရှာနေသောသူ မဟုတ်။ သူတို့ကြားရှိ အများစုမှာ သူမ၏ အိုးက စစ်မှန်မှုရှိကြောင်းကို မပြောနိုင်သဖြင့် စျေးနှုန်းကို ပို၍ ဂရုစိုက်နေကြ၏။ သူမ၏ အတိတ်ဘဝမှ အဖိုးအိုနှင့် ကွာခြားလှသည်။
ဖုန်းထဲ၌ ထိုလူ၏ အသံမှာ အနည်းငယ် ကြမ်းရှနေ၏။ ဖုန်းဝင်လာသောအခိုက်မှာပင် သူက သူ၏ နာမည်ကို ဖော်ပြလာသည်။
အဖိုးအို၏ နောက်ဆုံးနာမည်မှာ ထန်ဖြစ်၏။ သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် သူက ဆက်၍ အသံတုန်တုန်ဖြင့် မေးလာသည်။
"မင်းက ဟွားနင်ခရိုင်က တစ်ယောက်လား။ မင်း အပြာနဲ့ အဖြူစပ် ကြွေအိုးကို ခုထိ မရောင်းရသေးဘူး မဟုတ်လား"
"မရောင်းရသေးပါဘူး"
နောက်ဆုံး၌ ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။
မျိုးရိုးနာမည် ထန်နှင့် အဖိုးအိုသည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် အံ့သြသွား၏။ အသံပိုင်ရှင်က အမျိုးသမီးတစ်ယောက်လား။ သူမက အရမ်းငယ်လွန်းတဲ့ပုံပေါက်မနေဘူးလား။
ဤအချိန်၌ သူက ထိုအကြောင်းကို များများစားစား ဂရုစိုက်မနေတော့ပေ။
"ဒါဆိုရင် ကောင်းပြီလေ။ ငါ မင်းရဲ့ အဲဒီအပြာနဲ့အဖြူစပ် ကြွေအိုးကို ဝယ်ဖို့ ရည်ရွယ်ထားတယ်။ ငါတို့ ဘယ်နေရာမှာ တွေ့နိုင်မလဲဆိုတာ မင်း စဥ်းစားလိုက်ပါ"
ဟုန်ဝူခေတ်မှ ထိုကဲ့သို့ အပြာနှင့် အဖြူစပ် ကြွေအိုးအမျိုးအစားသည် တွေ့ရခဲ၍ ဤတစ်ခုကဲ့သို့ ကောင်းမွန်စွာ ထိန်းသိမ်းထားသည့်အရာက ပို၍ပင် တွေ့ရခဲသေးသည်။ အကယ်၍ သူ၏ မြေးများအား ဤရတနာအား ငွေချေရန် သူ့ကိုယ်စား လွှတ်လိုက်မိပါကလည်း သူ စိတ်အေးနိုင်မည် မဟုတ်ပေ။
ထို့အပြင် သူသည် ၎င်းအား သူ၏ ကိုယ်ပိုင်မျက်လုံးများဖြင့် ကြည့်ရှုရန် လိုအပ်နေသည်။ သူ့ရဲ့ ဒီမြေးတွေက ဘာများသိလို့လဲ။
"ကျွန်မက ကျောင်းသွားရဦးမှာ၊ နင်းမြို့တော်ကို လာဖို့ အချိန်မရှိဘူးရယ်"
ကျင်းယွင်ကျောင်းက သူ့အား အကြောင်းကြားရင်း အနည်းငယ် အခက်တွေ့နေ၏။
ကျောင်းသွားမယ်တဲ့လား။ အဖိုးအိုသည် တစ်ဖန်ပြန်၍ ဆွံ့အသွားသော်လည်း သူက အများကြီး တွေးမနေတော့ဘဲ ဖြောင့်မတ်ပွင့်လင်းသော အမူအရာဖြင့် မေးလိုက်သည်။
"ငါတို့ ဒါကို ဘယ်လိုလုပ်ကြမလဲ၊ ငါ မနက်ဖြန် ... မဟုတ်ဘူး ... ဒီနေ့ပဲ ဟွားနင်ခရိုင်ကို လာခဲ့လိုက်မယ်။ မင်း ထျန်းရှန်းလော်ကို ကြားဖူးတယ် မဟုတ်လား။ ငါ အဲဒီမှာ လူတစ်ယောက်ကို ငါတို့အတွက် သီးသန့်ခန်းတစ်ခန်း မှာခိုင်းထားလိုက်မယ်။ ဒီည ခြောက်နာရီ အဲဒီမှာ မျက်နှာချင်းဆိုင် ဆွေးနွေးကြတာပေါ့"
ကျင်းယွင်ကျောင်းက စဥ်းစားလိုက်၏။ ညနေခြောက်နာရီက သူမအတွက် အတော်လေး သင့်လျော်သောကြောင့် သဘောတူလိုက်သည်။
သို့သော် ထျန်းရှန်းလော်၏အကြောင်းကို တွေးမိသောအခါ ကျင်းယွင်ကျောင်းသည် အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွား၏။ သူမ ထို လီရှောက်ယွင်ဆိုတဲ့ လူနဲ့တော့ ထပ်ပြီး မတိုးလောက်ဘူး မဟုတ်လား။
သူမသည် သူ့အပေါ်တွင် မုန်းတီးသော ရည်ရွယ်ချက်များ မရှိသော်လည်း သူတို့နောက်ဆုံးအကြိမ်တွေ့ခဲ့စဥ်က သူမအပေါ် ထားရှိသော သူ၏ သဘောထားအား အနည်းငယ် ထူးဆန်းသလို ခံစားနေရသည်ကတော့ အသေအချာပင်။ တစ်ချိန်တည်းမှာပင် သူသည် လူကြီးလူကောင်းစိတ်လည်း ရှိ၏။ သူက အနည်းငယ် စည်းကျော်နေသည်ဟု ထင်ရသော်လည်း သူမှားနေသည့်နေရာကိုလည်း ဘယ်သူမှ မပြောနိုင်ပေ။ ဤကဲ့သို့ ရှုပ်ထွေးပွေလီသော လူမျိုးအား မျက်နှာချင်းဆိုင်ရခြင်းထက် သူနှင့် ဝေးဝေးနေသည်က ပိုကောင်း၏။
တစ်နေ့လုံး ကျင်းယွင်ကျောင်း၏ စိတ်သည် အပြာနှင့် အဖြူစပ် ကြွေအိုးဆီသို့သာ လွန်ဆွဲနေသည်။ စာသင်ချိန်၌ ကျင်းယွင်ကျောင်း စိတ်ပျံ့လွင့်နေသည်က မြင်ရခဲလှသည့် အခိုက်အတန့်ဖြစ်ရာ ရှောင်ဟိုင်ချင်းသည် အတောမသတ်နိုင်အောင်ပင် အံ့သြနေတော့၏။ သူမက ကျင်းယွင်ကျောင်း ပြဿနာနှင့် ကြုံနေသည်ဟုပင် ထင်လိုက်မိသည်။
ပြဿနာရှိသည်ဟုဆိုရန်က သေချာပေါက် မဖြစ်နိုင်ပေ။ သူမ၏ အတိတ်ဘဝနှင့် နှိုင်းယှဥ်ပါက ဤဖြတ်သန်းခဲ့ရသော နေ့ရက်အနည်းငယ်သည် အတော်လေး စိတ်အေးလက်အေးရှိသည်ဟု ယူဆနိုင်၏။
အကြောင်းမှာ ချောင်ဟုန်ယဲ့ အနိုင်ကျင့်ခံနေရသည့် မြင်ကွင်းကို သူမ နေ့တိုင်း မြင်နိုင်သောကြောင့်ပင်။
ချောင်ဟုန်ယဲ့၏ အတန်းတံခါးရှေ့က ဖြတ်သွားသည့်အချိန်တိုင်း သူမ၏ ဝမ်းနည်း၍ အသည်းနှလုံးကွဲကြေနေသော အမူအယာကို မြင်ရလိမ့်မည်ပင်။ သူမသည် အံကြိတ်၍ပင် နေသေးသည်။ သူမ၏ အတန်းဖော်များက သူမအား ဆန့်ကျင်ရန် အုပ်စုပင် ဖွဲ့ထားပြီး သူတို့က သူမ၏ ထိုင်ခုံအား အမှိုက်ပုံးဘေးသို့ ရွေ့လိုက်ကြ၏။ ဘီခန်းအတန်းပိုင်ဆရာမပင် သူတို့အား မထိန်းနိုင်တော့ပေ။