Chapter 125 : သေပြီးသည့်နောက်၌ပင် မကျေနပ်ချက်
ချောင်ဟုန်ယဲ့သည် ဘီခန်း၏ မင်းသမီးလေးဖြစ်ကြောင်း လူသိရှင်ကြား သတ်မှတ်ခံခဲ့ရပြီး သူမ တစ်လက်မပင် မရွေ့ဘဲ တစ်ချိန်လုံး ထိုင်နေလျှင်တောင်မှ မြှောက်ပင့်ချီးမွှမ်းမှုများကို ရရှိခဲ့သည်။ ဤရက်များတွင် သူမအတွက် ကံဆိုးလှစွာဖြင့် လူတိုင်းက သူမအား အေးစက်သွားကြ၏။ ယခင်ကလိုမျိုး သူမသည် အတန်းထဲတွင် အာရုံစူးစိုက်နိုင်ခြင်းလည်း မရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူမသည် အတန်း၏ ထိပ်ဆုံးကျောင်းသူ ဖြစ်သည်။ အတန်းထဲ၌ အာရုံမစိုက်သည်အား ဆရာ၊ ဆရာမများက မြင်သွားရာ သူမသည် ဆရာမများထံမှ ရုံးခန်းခေါ်ခံရသည့် ကံတရားကို မရှောင်လွှဲနိုင်တော့ဘဲ သတိပေးခံလိုက်ရ၏။ ချောင်ဟုန်ယဲ့သည် သူမ၏ နစ်နာမှုများကို ဖော်ထုတ်ချင်ခဲ့သည်။ ဆရာမများထံမှ သုံးကြိမ်ဆက်တိုက် အခေါ်ခံရပြီးသည့်နောက်တွင် သူမသည် ရုံးခန်းထဲ၌ ငိုကြွေးပြီး အတန်းဖော်များထံမှ သူမ အပယ်ခံနေရသည့်အကြောင်းကို ပြောပြခဲ့၏။
သူမ၏ အဆင့်များက ကောင်းမွန်၍ ယခင်ကလည်း သူမသည် အတော်လေး နာခံမှုရှိသည်။ ထို့ကြောင့် ဆရာ၊ ဆရာမများအားလုံးက သူမအတွက် တရားမျှတမှုကို ရှာဖွေပေးချင်သည်က အသေအချာပင်။
မမျှော်လင့်ဘဲ သူတို့ပါးစပ်ကို သူတို့သာ ပိုင်သည်ဖြစ်ရာ ဥပဒေက လူများစုကို မသက်ရောက်နိုင်ပေ။ ဆရာ၊ ဆရာမများက သူမ ပြောခဲ့သည်များအား သူတို့ကို ပြန်ပြောလိုက်၏။ သို့သော် ၎င်းက အသုံးမဝင်သော အားထုတ်မှုတစ်ခုပင်။ လက်တွေ့၌ သူမအပေါ်တွင် ကျောင်းသားကျောင်းသူများ၏ မုန်းတီးမှုက နောက်အဆင့်တစ်ခုရောက်အောင်ပင် နက်ရှိုင်းသွားသည်။
ဤကဲ့သို့ဖြင့် ချောင်ဟုန်ယဲ့သည် သူမဘဝ၏ အမှောင်မိုက်ဆုံး ရက်သတ္တပတ်ကို လက်တွေ့ကျကျ ဖြတ်သန်းခဲ့ရလေ၏။ သူမ၏ အသားအရေက ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး အသက်ဝိညာဥ်ကင်းမဲ့နေပုံ ပေါ်သည်။
ယခင်က သူမသည် နှစ်သက်ချင်စဖွယ်ကောင်း၍ နာခံမှုရှိ၏။ သို့သော် လက်ရှိတွင် သူမသည် ပို၍ သဘောကျစရာကင်းမဲ့လာခဲ့ပြီး ထုံထိုင်းလာသည်။ ယောက်ျားလေးများအားလုံးက ယခင်က သူတို့၏ အကြိုက်များသည် တစ်ခုခုမှားနေသကဲ့သို့ပင် တွေးတောလာကြ၏။ ဤချောင်ဟုန်ယဲ့၏ ရုပ်ရည်သည် အလွန်သာမန်ဆန်ကြောင်း အသိအသာပင်၊ ဘယ်လိုလုပ်ပြီး သူမက ကျောင်းရဲ့အလှဘုရင်မလေးဆိုတဲ့ အမည်နဲ့ နေခဲ့တာလဲ။ သူမသည် အတန်း၏ အလှဘုရင်မတောင်မှ ဟုတ်မနေပေ။
ချောင်ဟုန်ယဲ့၏ အနိုင်ကျင့်ခံရခြင်းသည် ကျောင်းဝန်းထဲ၌ပင် အဆုံးသတ်မသွားပေ။ အိမ်၌လည်း သူမသည် မစီမံ မခန့်ခွဲနိုင်လုနီးပါးပင်။
သူမသည် ချောင်ဝေ့မင်အား ကျင်းယွင်ကျောင်း နေသည့် နေရာကို ရှာမတွေ့ခဲ့ဟု လိမ်ညာခဲ့ချိန်ကတည်းက ချောင်ဝေ့မင်သည် သူမအပေါ်တွင် အလွန်အမင်းအေးစက်သွားခဲ့သည်။ ကြီးမားသော ငွေဝင်ပေါက်တစ်ခုကို ဆုံးရှုံးလိုက်ရသည့်အတွက် သူမအား အပြစ်တင်နေသည့်အလားပင်။
သူမသည် အပတ်တိုင်း အိမ်သို့ တစ်ကြိမ်သာ ပြန်တတ်သည်။ မူလက သူမသည် နောက်ဆုံး၌ အနားယူနိုင်ပြီဟု ထင်ခဲ့သော်လည်း လက်တွေ့တွင်မူ သူမ၌ လုပ်စရာ အိမ်မှုကိစ္စတစ်ပုံကြီး ရှိနေသေး၏။ ထုံးစံအတိုင်း သူမ၏ ရင်ထဲ၌ မကျေနပ်မှုများ ပြည့်နှက်လာသည်။
သူမ၏ အမြွှာအစ်ကို ချောင်ကျစ်ကျိုးလည်း ရှိသေး၏။ သူသည် ချောင်ဟုန်ယဲ့ကြောင့် ကျောင်းတွင် သူ သိက္ခာကျသည်ဟု ခံစားရသည်။ ထို့ကြောင့် သူက သူမအား ယခင်ကကဲ့သို့ နွေးထွေးညှာတာစွာ ဘယ်တော့မှ မဆက်ဆံတော့ချေ။
ဤသို့ဖြင့် ချောင်ဟုန်ယဲ့သည် ယခုအချိန်၌ အတန်းထဲတွင် အခြားသူများက သူမ၏ ဖြစ်တည်မှုကို မေ့ပျောက်နေစေရန် အတတ်နိုင်ဆုံး ကြိုးစားနေသည့်အလား တိတ်ဆိတ်စွာ နေနေရသည်။ အခြေအနေက ကျင်းယွင်ကျောင်း၏ အတိတ်ဘဝနှင့် လုံးဝကွာခြားသွားပြီဖြစ်၏။
ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ အခက်အခဲအား မြင်ရသည်တွင် ကရုဏာစိတ်စိုးစဥ်မျှ မဖြစ်မိပေ။ သူတို့စိုက်ပျိုးသည်အား သူတို့ရိတ်သိမ်းရခြင်း ဖြစ်သည်လေ။
အထူးသဖြင့် အရာအားလုံးသည် အစသာရှိသေးသည်။ ချောင်ဟုန်ယဲ့သည် သူမ၏ အတိတ်ဘဝတစ်ခုလုံးတွင် အခြားလူများ၏ မျက်လုံးထဲ၌ ဖြူစင်သန့်ရှင်းသူလေးအဖြစ် လက်တွေ့ နေထိုင်ခဲ့ရပြီး ဖြစ်၏။ ဤအဖြစ်ဆိုးမျိုးအား ဖြတ်သန်းရသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ ရှေ့ဆက်၍ သူမ၏ ဘဝသက်တမ်း အရှည်ကြီးတစ်ခုလုံး ကျန်သေး၏။
ကျင်းယွင်ကျောင်းက ဘေးမှသာ စောင့်ကြည့်နေ၍ ဟွားဇယ်က သူမအား ကျောင်းဆင်းပြီးနောက် ချောင်ဟုန်ယဲ့၏ ကံခေမှုများကို နေ့စဥ် အစီရင်ခံသည်။ ထို့ကြောင့် သူမသည် ချောင်ဟုန်ယဲ့ မိုက်မိုက်မဲမဲ လုပ်လာမည်အား လုံးဝ မစိုးရိမ်ပေ။
ကျောင်းဆင်းပြီးနောက် ကျင်းယွင်ကျောင်းသည် ပထမဦးဆုံး ဝမ်ရှင်းဟွားယွမ့်သို့ ပြန်သွား၍ သူမ၏ အပြာနှင့် အဖြူစပ် ကြွေအိုးကို သယ်ကာ ပြန်ထွက်လာသည်။
သူမ တက္ကစီပေါ်သို့ မတက်မီမှာပင် သူမဆီသို့ ပြေးလာသည့် ချောင်ဟုန်ယဲ့နှင့် ဆုံ၏။ ချောင်ဟုန်ယဲ့က နှုတ်ခမ်းကို ကိုက်ထားပြီး သူမ မှားယွင်းစွပ်စွဲခံနေရသော လေသံမျိုးဖြင့် အသနားခံလာသည်။
"မမ၊ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါဦး...အခြားကျောင်းသားတွေကို ကျွန်မက အစ်မကို တစ်ခါမှ မစွပ်စွဲခဲ့ဘူးဆိုတာ ပြောပြပေးပါ။ ပြီးတော့ နောက်ဆုံးအကြိမ်က အစ်မကို တိုက်ခိုက်တဲ့သူတွေကိုလည်း ကျွန်မရှာခဲ့တာ မဟုတ်ပါဘူး"
သို့ရာတွင် ကျင်းယွင်ကျောင်းက အတော်လေး ရယ်ချင်သွား၏။
'သူ မလုပ်ခဲ့ဘူးဟုတ်လား။ လုံးဝကို ဟာသပဲ။ သူ့ရဲ့ကိုယ်ပိုင်မှတ်ဥာဏ်တွေများ အဖျက်ခံလိုက်ရတာလား'
"နင် ငါ့ကို ကူညီပေးဖို့ အသနားခံနေတာလား"
ကျင်းယွင်ကျောင်းက အေးစက်စက် ရယ်လိုက်သည်။
"ဒါဆို နောက်တစ်ခါ ငါ တစ်ယောက်ယောက်နဲ့တွေ့ရင် ငါ့ရဲ့ညီမလေးနဲ့ လမ်းသရဲတချို့က ကစားဖို့အတွက် ငါ့ကို အိမ်အထိလာရှာရုံပါလို့ ပြောပြလိုက်မယ်လေ။ ဒါက ငါ့ရဲ့နာမည်ကို ဖျက်ဖို့ ကြိုးစားသလောက်တော့ ယုတ်မာမှာ မဟုတ်ပါဘူး"
ချောင်ဟုန်ယဲ့က ဖြူဖက်သွား၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ဤကဲ့သို့ ပြောလိုက်ပါက သူမ ပြစ်မှုမြောက်သွားမည်မှာ အသေအချာပင်။
"မမ၊ နင် ဘာပဲပြောပြော ငါ့ရဲ့အမေက နင့်ကို ကျွေးမွေးပျိုးထောင်ပေးခဲ့တာပဲ။ ငွေကြေးထောက်ပံ့တာ မရှိဘူးဆိုရင်တောင် အနည်းဆုံး ခွန်အားတော့ စိုက်ထုတ်ခဲ့ရတာပဲ။ အခု သူက မရှိတော့ဘူး၊ နင်က ငါ့ကို ဒီလိုဆက်ဆံနေတယ်။ သူ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူးနော်"
ချောင်ဟုန်ယဲ့က လက်သီးတင်းတင်းဆုပ်၍ ထပ်ပြောလိုက်သည်။
သူမသည် ကျင်းယွင်ကျောင်းအား တောင်းပန်ရန် လာခဲ့ခြင်းမှာ သူမ၏ ကံကောင်းမှုများ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။
ယခင်က ကျင်းယွင်ကျောင်းသည် အတော်လေး နာခံမှုရှိနေဆဲဖြစ်၏။ ကျင်းယွင်ကျောင်းအား တစ်ကြိမ်လောက် အောက်ကျို့လိုက်လျှင်...ဟု သူမ မျှော်လင့်ခဲ့သည်။
မူလက သူမသည် ယဲ့ချင်အား ဆွဲထည့်လိုက်လျှင် ကျင်းယွင်ကျောင်း အနည်းငယ် စိတ်ပြောင်းသွားမည်ဟု တွေးထားခဲ့သော်လည်း ကျင်းယွင်ကျောင်း၏ အမူအယာက ပြောင်းလဲမှု မရှိပေ။
"အမှန်ပဲ၊ ငါတို့အမေက သူသေသွားတာတောင် မကျေနပ်ချက်တွေ သေချာပေါက် ရှိနေမှာ"