Chapter 126
Viewers 14k

Chapter 126 : ငါးစာကိုသာမြင်၍ ငါးမျှားချိတ်ကို မမြင်ခြင်း


ချောင်ဟုန်ယဲ့က မျက်လုံးပြူးသွား၏။ သူမက ကျင်းယွင်ကျောင်း ဤကဲ့သို့ ပြန်ပြောမည်ဟု ထင်မထားပေ။


တစ်ဖက်၌ ကျင်းယွင်ကျောင်းက တည်တည်ငြိမ်ငြိမ်ပင်။ ချောင်ဟုန်ယဲ့အပေါ်၌ သူမ၏ အကြည့်များက ရွံစရာကောင်းသည့်အရာကို ကြည့်နေရသည်နှင့် ဆင်တူပြီး သူမ၏ လေသံကလည်း သူမ၏ ရွံရှာစက်ဆုပ်မှုကို ဖော်ပြနေသည်။


"ချောင်ဟုန်ယဲ့၊ မမေ့နဲ့နော်။ ငါ သူ့ကို ကယ်ဖို့ နည်းလမ်းတစ်ခုရှာတွေ့ခဲ့တယ်။ အဲဒီနောက် ဆေးရုံက သမားတော်တွေကတောင် သူ့ကို ကယ်ဖို့ရာ အဲဒီနည်းလမ်းက ထိရောက်မှုရှိတယ်လို့ အတည်ပြုပေးခဲ့တယ်။ ဒါပေမယ့် ချောင်ဝေ့မင်က ဒါကို သုံးဖို့ ခေါင်းမာနေခဲ့တယ်။ သူ့ရဲ့သမီးအရင်းဖြစ်တဲ့ နင်ကလည်း ငြင်းခဲ့တယ်လေ။ ငါလိုချင်တာက သူသေသွားရင်တောင် နင်တို့သားအဖနှစ်ယောက်ကို ခြောက်လှန့်နေစေချင်တာ။ ပြီးတော့ နင်တို့နှစ်ယောက်လုံး ဒုက္ခရောက်နေတာတွေကို သူမြင်မှ အေးချမ်းနိုင်မှာလေ"


ကျင်းယွင်ကျောင်းက သူမအား ရည်ရွယ်ချက်ရှိရှိ ခြောက်လှန့်လိုက်သည်။


ဤကဲ့သို့သော ကလေးမျိုးအား မြေတောင်မြှောက်ပေးခဲ့မိခြင်းကြောင့် သေပြီးတဲ့နောက် သူမ အမှန်တကယ် ကျေနပ်နိုင်ပါ့မလား။


ချောင်ဟုန်ယဲ့က ဖြူဖျော့သွားပြီး ...


"ငါက နင့်ရဲ့နည်းလမ်းက မထိရောက်မှာ ကြောက်လို့၊ ပြီးတော့ အမေ့ကို ထပ်ပြီးတော့ နာနာကျင်ကျင် ခံစားနေရမှာစိုးလို့"


ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို မဲ့လိုက်သည်။ နာကျင်မှုနှင့် နှိုင်းယှဥ်ပါက ယဲ့ချင်က အသက်ရှင်ရသည်ကို ပို၍ အလိုရှိမည်ဟုသာ သူမ ထင်၏။ စင်စစ် သူမသည် အသက်သုံးဆယ်ကျော်သာ ရှိသေးသည်။ ပျမ်းမျှလူ့သက်တမ်းနှင့် နှိုင်းယှဥ်ပါက သူသည် သက်တမ်းတစ်ဝက်ပင် မနေထိုင်ခဲ့ရပေ။


ထို့အပြင် ချောင်ဟုန်ယဲ့က လူကြားကောင်းအောင် ပြောလျှင်တောင်မှ တကယ်တမ်း သူမသည် ယဲ့ချင်၏ ရောဂါက သက်ဆိုးရှည်လွန်းသည်ဟု တွေးနေခြင်းဖြစ်သည်။ သူမ၏ ရင်ထဲ၌ ယဲ့ချင်၏ ကျေးဇူးတရားအားလုံးက လျော့ပါးပျောက်ကွယ်သွားပြီဖြစ်၏။


ချောင်ဟုန်ယဲ့အား ယဲ့ချင်အပေါ် သားသမီးဝတ္တရား မကျေသူတစ်ယောက်ဟု ပြောလျှင် မတိကျသော်လည်း ယဲ့ချင်သည် သူမရောဂါ၏ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး တစ်နေ့လုံး အတော်လေး စိတ်အခြေအနေဆိုးဝါးနေခဲ့၏။ သူမအား နှစ်သိမ့်ချော့မော့ရန် လိုအပ်သည်၊ သူတို့၏ မေတ္တာတရားများ လိုအပ်သည်၊ အထူးသဖြင့် ချောင်မိသားစု၏ ငွေကြေးကို လိုအပ်သည်။ ပထမ အစပိုင်း၌ ချောင်ဟုန်ယဲ့သည် ၎င်းကို သည်းခံနေသေး၍ သူမအား အဖော်ပြုပေးခဲ့၏။ သို့သော် အချိန်ကြာလာပြီးနောက်တွင်ရော...။ ဤအားနည်းလှသော ဝန်ထုပ်ဝန်ပိုးကြီးအား အဝေးသို့ လွှင့်ပစ်ချင်သော အတွေးများမရှိရန်မှာ ခက်ခဲလှသည်။


ကျင်းယွင်ကျောင်းက ဆက်လက်၍ အငြင်းပွားနေလိုစိတ်မရှိပေ။ ဤကဲ့သို့သောလူမျိုးနှင့် စကားပြောနေပါက ဘာကိုမှ ရှင်းလင်းနိုင်မည် မဟုတ်။ ချောင်ဟုန်ယဲ့၏ သုံးလောကအမြင်များသည် သူမနှင့် လုံးဝမတူညီကြောင်း သူမ အတော်လေး သေချာသွား၏။ 


"နင်က နင့်ကိုယ်နင် စည်းကျော်နေရတာကို ကြိုက်နေတာလား။ ငါ ကန့်ကွက်စရာတော့မရှိပါဘူး။ ဒါပေမယ့် ခွေးကောင်းတွေက လမ်းမပိတ်တတ်ဘူးနော်"


ကျင်းယွင်ကျောင်းက တက္ကစီတစ်စီးကို တားရန် လက်ဆန့်လိုက်သည်။


ချောင်ဟုန်ယဲ့က ရင်ထဲက တင်းကြပ်နေသည်များကို အောင့်ခံရင်း လက်သီးကို တင်းတင်းဆုပ်၍ ရှေ့တိုးကာ သူမ၏ လမ်းကို ဆက်ပိတ်နေသည်။ သူမ ခြေထောက်ကို ရွေ့လိုက်စဥ်မှာပင် ကျင်းယွင်ကျောင်းက သူမအား ဘေးမှ ဆောင့်ကန်လိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပတ်သုံးပတ်မျှပင် လိမ့်သွားသည်။


"ငါ့ကို နင်လိုသလို လွယ်လွယ်နဲ့ ပုံသွင်းလို့ရမယ့်သူလို့ ထင်မနေနဲ့။ နင်က ငါ့အတွက် အတားအဆီးတစ်ခု ဖြစ်လာရင် အနည်းဆုံး နင့်ကို ဘေးကနေ ဆောင့်ကန်ရုံတင်တော့ ငါလုပ်မှာ မဟုတ်ဘူးနော်"


ကျင်းယွင်ကျောင်းက သူမအား ငုံ့ကြည့်လိုက်သည်၊ နောက်ထပ်တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် တက္ကစီဆီသို့ တည့်တည့်ဦးတည်သွား၍ သူမအား ဖုန်တောထဲ၌ ချန်ထားခဲ့၏။


ချောင်ဟုန်ယဲ့က မကျေမနပ်နှင့် အံကြိတ်လိုက်သည်။ သူမသည် ခဏမျှ တွေးနေမိနောက် တရွတ်ဆွဲ၍ ထရပ်လိုက်ကာ ကျင်းယွင်ကျောင်း၏ နောက်သို့ တက်ရန် အခြားတက္ကစီတစ်စီးကို ခေါ်၍ တက်လိုက်သည်။


မကြာမီ ကောင်းကင်ကြီး မှောင်တော့မည့်အချိန်တွင် ကျင်းယွင်ကျောင်း သွားချင်နေသည့် နေရာအား သူမ သိချင်နေ၏။


ကျင်းယွင်ကျောင်း တက္ကစီပေါ်သို့ တက်လိုက်သည်နှင့် ဒရိုင်ဘာက သူမအား ထူးဆန်းသော အမူအယာဖြင့် ကြည့်နေသည်။ ခုနလေးတင်မှ ဖြစ်သွားသည့် သွက်လက်သော ကန်ချက်အား ကြောက်ရွံ့နေသည့်ပုံပင်။


သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဒရိုင်ဘာနှင့် စကားစမြည်ပြောနေရန် အချိန်မရှိပေ၊ ထွက်လာပြီး နှစ်မိနစ်တောင် မကြာသေးခင်မှာပင် သူမသည် ဟွားဇယ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။


"ကျုပ် ချောင်ဟုန်ယဲ့ကို နောက်ယောင်ခံလိုက်ဖို့ လွှတ်ထားတဲ့ ညီအစ်ကိုတွေက အခုလေးတင် သတင်းပြန်ပို့တယ်၊ သူက သူ့အစ်မနောက်ကို လိုက်ဖို့ တက္ကစီတစ်စီးပေါ်ကို တက်သွားတယ်တဲ့။ သူတို့ဘယ်သွားတာလည်းတော့ ကျုပ်တို့လည်း သေချာမသိဘူး။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ သူ့မှာ ကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးလို့တော့ ပြောနိုင်တယ်"


ဟွားဇယ်က ကျင်းယွင်ကျောင်းအား သူနှင့် ဆက်သွယ်နေသည့် ကောင်လေးဖြစ်မှန်း သတိမထားမိပေ။ တစ်ချိန်တည်းမှာပင် သူသည် ဤချောင်ဟုန်ယဲ့ အစ်မဖြစ်သူ၏ ခွန်အားကြောင့် အံ့အားသင့်နေသည်။


ကျင်းယွင်ကျောင်းက နောက်ကြည့်မှန်ကို ကြည့်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်း သူတို့နောက်သို့ အငှားကားတစ်စီးက မျက်ခြေမပြတ် လိုက်နေသည်။ အတွင်းထဲမှ ချောင်ဟုန်ယဲ့ဖြစ်ကြောင်းကို သူမ သံသယမရှိပေ။


ကျင်းယွင်ကျောင်းက သူမ၏ အသံကို အောပြီး ပြောလိုက်သည်။


"ခင်ဗျားရဲ့ညီအစ်ကိုတွေ နောက်ကနေ ဆက်လိုက်နေသေးရဲ့လား"


သူမသည် ယွမ်တစ်သိန်းပေးထားပြီးဖြစ်၏။ သူတို့က ဆီဖိုးအား တွက်ကပ်မနေနိုင်မည်မှာ အသေအချာပင်။


(T/N: အင်္ဂလိပ်ထွမ်စလိတ်တာက ရှေ့အပိုင်းတစ်ခုမှာ ထပ်တိုးပေးတဲ့ငွေကို ယွမ်တစ်သောင်းလို့ မှားရေးခဲ့မိပါတယ်တဲ့။ ယွမ်တစ်သိန်းက ပိုဖြစ်နိုင်တယ်လို့ ယူဆပါတယ်တဲ့။)


"အမှန်ပဲပေါ့"


ဟွားဇယ်က အနည်းငယ် ကျေနပ်နေ၏။ အကြောင်းမှာ သူ၏ ညီအစ်ကိုများသည် ဟွားနင်ခရိုင်တွင် အမှန်ကန်ဆုံးနှင့် တာဝန်အကျေဆုံး အုပ်စုဖြစ်သည်။ ကောင်မလေးတစ်ယောက်၏ နောက်ကို လိုက်ရုံမျှသာ ဖြစ်၍ သူတို့က သူမအား မျက်ခြေမပြတ်သွားနိုင်ပေ။


ကျင်းယွင်ကျောင်းက ပြုံးလိုက်၏။


"ဒါဆိုရင်တော့ ကောင်းတာပေါ့။ နောက် သူ တက္ကစီပေါ်က ဆင်းလာရင် သူ့ကို တော်တော်ဝေးဝေးကို ခေါ်သွားဖို့ နည်းလမ်းတစ်ခုလောက် တွေးထားပေးပါဦး။ သူက ဒီလောက်တောင် ဝနေတာ၊ လေ့ကျင့်ခန်းနည်းနည်းလောက်တော့ လုပ်ဖို့လိုတယ်"


ဘေး၌ ဒရိုင်ဘာရှိနေသောကြောင့် သူမ အသေးစိတ်မပြောနိုင်ပေ။ 


သို့သော် ဟွားဇယ်က မည်သူနည်း။ သူသည် မကောင်းမှုများစွာကို ပြုလုပ်ဖူးပြီးသားဖြစ်ရာ ထိုစကားကို နားမလည်ဘဲ နေလိမ့်မည်လား။