Chapter 127
Viewers 14k

Chapter 127 : ပြန်ပေးဆွဲခြင်း 


ဖုန်းချပြီးနောက် ကျင်းယွင်ကျောင်းက ဒရိုင်ဘာအား မိန်းလမ်းမကြီးမှ မသွားခိုင်းဘဲ ထိုအစား ထျန်းရှန်းလော်၏ အနီးရှိ လမ်းကြားလေးတစ်ခုထဲသို့ မောင်းဝင်ရန် တောင်းဆိုလိုက်သည်။ စင်စစ် တစ်စုံတစ်ယောက်အား ပြန်ပေးဆွဲပါက ဖြတ်သွားဖြတ်လာများ၏ မျက်လုံးများအောက်၌ ဖြစ်ပျက်ရန်မှာ မဖြစ်နိုင်ပေ။


ဒရိုင်ဘာသည် သိချင်စိတ်များ ပြည့်နေသော်လည်း ၎င်းမှာ ကာစတန်မာ၏ တောင်းဆိုချက်ဖြစ်ရာ သူက သူမ၏ ညွှန်ကြားချက်များအား လိုက်နာရမည်မှာ အမှန်ပင်။ အထူးသဖြင့် အစောပိုင်းက သူမ လူတစ်ယောက်အား ရိုက််လိုက်သည့်ပုံမှာ အတော်လေး အထင်ကြီးစရာဖြစ်၏။ သူမသည် အတော်လေး ငယ်ရွယ်ပုံပေါက်သော်လည်း ဖုန်းပြောနေစဥ်၌ သူမ၏ ထူးဆန်းသော လေသံကို သူကြားခဲ့ရသည်၊ သူ ထိုအကြောင်းကို များများစားစား မတွေးရဲပေ။ ကျင်းယွင်ကျောင်း ကားပေါ်မှ ဆင်းသွားသောအခါ သူသည် သူမ၏ လုံခြုံရေးအတွက် သတိပေးရန် ကားတံခါးပေါက်မှ ခေါင်းထုတ်၍ပင် ပြောလိုက်သေးသည်။


နေဝင်သွားပြီဖြစ်ရာ စင်စစ် လှပသော မိန်းကလေးငယ်လေးတစ်ယောက်က ဤကဲ့သို့ လမ်းကြားလေးတစ်ခုထဲ၌ ရှိနေခြင်းက အလွန်အန္တရာယ်များလှ၏။


သူမ ကားပေါ်မှ ဆင်းလာပြီးနောက် အခြားကားတစ်စီးသည်လည်း ရပ်သွားကြောင်း သိသိသာသာပင် ခံစားမိလိုက်သည်။ သူမက ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် အကွေ့တစ်ခုအား ကွေ့လိုက်၏။ သူမ၏ အနောက်မှ သတိရှိရှိ လှမ်းနေသော ခြေလှမ်းများ၏ ပဲ့တင်သံကို ကြားနေရရာ သူမ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုက မသိမသာ ပေါ်ထွက်လာသည်။


ဟွားဇယ်က နောက်မှ တစ်ယောက်လိုက်လာသည်ဟု ပြောပြီးသားဖြစ်ရာ သူမသည် လမ်းကြားလေးထဲ၌ ဆက်မနေတော့ပေ။ သူမက အရှိန်မြှင့်၍ လမ်းကြားလေးများ၏ ဝင်္ကပါထဲမှ ထွက်လိုက်သည်။


ထိုအချိန်၌ သတိကြီးကြီးထား၍ နောက်ကလိုက်နေသော ချောင်ဟုန်ယဲ့သည် အတော်လေး သောကရောက်နေ၏။ ကျင်းယွင်ကျောင်း လမ်းလျှောက်သည်မှာ မြန်လွန်းလှပြီး လမ်းကြားကလည်း ခြောက်ခြားဖွယ်ရာကောင်း၍ သူမအား ကြောက်ရွံ့လာစေသည်။


အချိန်တိုလေးအတွင်းမှာပင် ကျင်းယွင်ကျောင်း ပျောက်ကွယ်သွား၏။ သူမသည် သူမ ဝင်ရောက် ပျောက်ကွယ်သွားသည့် လမ်းခွဲနေရာနှင့်ပတ်သတ်ပြီး ချောင်ဟုန်ယဲ့အတွက် သဲလွန််စလေးတစ်ခုမျှပင် ချန်မထားခဲ့ပေ။ ဤသည်က ချောင်ဟုန်ယဲ့အား ပို၍ ဒေါသထွက်စေပြီး သူမသည် ထွက်သွားရန် ကြံလိုက်ကာ နောက်ပြန်လှည့်လိုက်သည်။ သို့သော် သူမ ခေါင်းလှည့်လိုက်သည်နှင့် လူတစ်ယောက်က သူမ၏ ပါးစပ်အား တင်းတင်းကြပ်ကြပ် ပိတ်လိုက်ပြီးနောက် ကားတစ်စီးပေါ်သို့ ဆွဲခေါ်သွားတော့၏။


သူမ ပြန်ပေးဆွဲခံလိုက်ရတာလား။


သိမ်မွေ့နူးညံ့သော ချောင်ဟုန်ယဲ့သည် ဤကဲ့သို့ တစ်ခါမှ မကြုံဖူးရာ မျှော်လင့်ထားသည့်အတိုင်း သူမ မူးမေ့သွားသည်။


သူမ အသိစိတ်ပြန်ကပ်သည့်အချိန်တွင် သူတို့သည် မြို့ပြင်ဆင်ခြေဖုံးတစ်နေရာ၌ ရောက်နေကြ၏။ ညီအစ်ကိုအချို့က ခြံပျက်နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။


ဟွားနင်ခရိုင်သည် ချမ်းသာကြွယ်ဝ၍ လူနေထူထပ်သည်ဟု ယူဆ၍ရသော်လည်း လူသူအရောက်အပေါက်နည်းသည့် နေရာများလည်း ရှိနေသေး၏။ အထူးသဖြင့် ဟွားဇယ်နှင့် သူ၏ ညီအစ်ကိုများ ရှာတွေ့ခဲ့သည့် ထီးတည်း တည်ရှိနေသော ဤကဲ့သို့နေရာမျိုးပင်။


ညအချိန်ဖြစ်ပြီး ဤနေရာကို အုတ်ဂူကျောက်တိုင်များက ဝန်းရံထားသည် ဖြစ်ရာ ပုံမှန်အားဖြင့် လမ်းကျဥ်းလေးအတိုင်း လာတတ်သူ မရှိပေ။ ၎င်းတိတ်ဆိတ်နေခြင်းက ချောင်ဟုန်ယဲ့အား

"ကု...ကု" ဟူသော လေတိုးသံများကိုပင် ကြားစေသည်။ သူမ၏ ခြေထောက်အောက်ရှိ ပေါင်းပင်များနှင့် ရောနေသော ရွှံဗွက်များက တစ်စုံတစ်ယောက် သူမ၏ အောက်သို့ လိုက်လာသည့်အလား ထင်မှတ်စေ၏။ သူမ၏ ဒူးများ ပျော့ခွေလာသည်အထိပင် ကြောက်ရွံ့ထိတ်လန့်နေသည်။ သူမသည် ဤတစ်ကြိမ်တော့ မူးမလဲရဲချေ။ အကယ်၍ သူမသာ ထပ်၍မေ့လဲသွားပါက နောက်တစ်ကြိမ် သတိရလာသောအခါ သူမ အဆုံးသတ်သွားမည်လားဆိုသည်ကို မည်သူသိမည်နည်း။ အထီးကျန်သော တစ္ဆေတစ်ကောင်ပင် ဖြစ်သွားနိုင်သည်။


ဘယ်နေရာသို့ ရောက်နေမှန်းပင် မသိသောကြောင့် သူမသည် ခန္ဓာကိုယ်ကို တောင့်ထားပြီး လမ်းအတိုင်း လျှောက်လာခဲ့၏။ လမ်းသည် မဆုံးနိုင်တော့မည့်အလား ရှည်လျားလှသည်။ လမ်းဘေး၌ အိမ်ထောင်စုအချို့ရှိသော်လည်း အိမ်ထောင်စုတစ်စုနှင့်တစ်စု အတော်လေး အလှမ်းကွာဝေးနေ၍ သူမသည် သူတို့အား ခပ်ကျဲကျဲသာ မြင်ရ၏။ တစ်ဖက်တွင်လည်း မီးရောင်ခပ်မှိန်မှိန်များက အတော် ကြောက်စရာကောင်းလှသည်။


ချောင်ဟုန်ယဲ့က ဂါဝန်အဖြူတစ်ထည်ကို ဝတ်ဆင်ထား၏။ မူလက သူမသည် ကုတ်အင်္ကျီတစ်ထည်ကိုပါ ဝတ်ထားသော်လည်း ၎င်းကို ဟွားဇယ်၏ ညီအစ်ကိုများက ယူသွားကြပြီဖြစ်သည်။ ထို့ကြောင့် သူမသည် အတော်လေး ချမ်းနေ၏။


သူမ၏ ရှည်လျား ဖြောင့်စင်း၍ ဝဲကျနေသော ဆံပင်များက ကားစီးလာသော တစ်လျှောက်လုံး လူးလိမ့်နေရသောကြောင့် အလွန်ရှုပ်ပွနေသည်။ ထို့အပြင် သူမသည် တစ်လမ်းလုံး ရှိုက်သံများ ဆို့နင့်လာသောကြောင့် သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များက အဆက်မပြတ်စီးကျနေ၏။ သူမ၏ ပုံစံမှာ ကြောက်စရာကောင်းနေသည်။


ချောင်ဟုန်ယဲ့သည် တောင်ပေါ်လမ်း၌ ပြိုင်ကားနှစ်စီးနှင့် တွေ့ခဲ့၏။ သို့သော်လည်း ... ... ...


သူတို့က သူမအား ကြောက်ရွံ့သွားကြ၏။


အကယ်၍ တစ်စုံတစ်ခုကိုသာ အပြစ်တင်ရမည်ဆိုပါက သူမ၏ သွေးရောင်ရဲနေသော မျက်ဝန်းများကိုသာ အပြစ်ပုံချရပေမည်။ သူမ၏ အကြည့်များတွင် ဖုံးကွယ်ထားသော အာဃာသများ ရှိနေသည်နှင့် တူနေသည်။ သူမသည် အကြောက်လွန်၍ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သူမ၏ အဖြူရောင်ဂါဝန်နှင့် ဆံပင်အရှည်ကြီးကို ပေါင်းစပ်လိုက်ပါက သူမသည် သရဲမတစ်ကောင်နှင့် တူနေသည်မှာ အသေအချာပင်။ မည်သူက သူမအား ချဥ်းကပ်ရဲမည်နည်း။


ခြေလှမ်းတိုင်းက အခက်အခဲတစ်ခုစီနှင့်ပင်။ အချိန်ပိုကုန်လာသည်နှင့်အမျှ အပူချိန်ကလည်း ပို၍အေးစက်လာ၏။ ချောင်ဟုန်ယဲ့သည် ရူးချင်လာပြီး လဲပြိုကျလုနီးနီးပင်။


ကံဆိုးစွာဖြင့် ကျင်းယွင်ကျောင်းသည် ဤမြင်ကွင်းအား မမြင်လိုက်ရပေ။ အကယ်၍ သူမသာ ချောင်ဟုန်ယဲ့၏ ဒုက္ခကို သိသွားပါက သူမ ဘယ်လောက်တောင် ရယ်မောနေမည်အား မပြောနိုင်ပေ။


သူမသည် ချိန်းဆိုထားသော ထျန်းရှန်းလော်၏ သီးသန့်ခန်းသို့ ရောက်သောအခါ လူကြီးတစ်ယောက်နှင့် သူ၏ ဘေးတွင် ထိုင်နေသော သူမနှင့် ရွယ်တူဝန်းကျင်ခန့် လူငယ်လေးတစ်ယောက်အား မြင်လိုက်ရသည်။


"နင်က...စားပွဲထိုးလား"


ကောင်လေးက သူမအား တစ်ချက်ကြည့်လိုက်ပြီး ထိတ်လန့်သွား၏။ သူက ဤစားပွဲထိုးမလေးက ငယ်သေးသည့်အကြောင်းကို တွေးနေသော်လည်း နောက်တစ်ခေါက် ထပ်ကြည့်လိုက်သောအခါ သူမက စားပွဲထိုးတစ်ယောက်နှင့် မတူသလို ခံစားလိုက်ရပြန်သည်။ အကြောင်းမှာ ဤနေရာရှိ စားပွဲထိုးများအားလုံးက တူညီဝတ်စုံများကိုသာ ဝတ်ဆင်ကြရ၍ပင်။


ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်ပြီး သီးသန့်ခန်းထဲသို့ တည်တည်ငြိမ်ငြိမ် ဝင်လာသည်။ ထို့နောက် သူမ၏ အကြည့်များကို အဖိုးအိုဘက်သို့ လှည့်၍ ပြောလိုက်၏။


"ရှင်က မစ္စတာထန် ဖြစ်ရမယ်။ ကျွန်မက ရှင်နဲ့ချိန်းထားတဲ့ ရောင်းမယ့်သူပါ"


သူမ၏ စကားဆုံးသည်နှင့် သူမ၏ ရှေ့ရှိ လူကြီးနှင့် လူငယ် မြေးအဖိုးနှစ်ဦးစလုံး တစ်ပြိုင်နက် တောင့်တင့်သွားသည်ကို မြင်လိုက်ရသည်။