Chapter 128
Viewers 14k

Chapter 128 : ပစ္စည်းကောင်း


"အပြာနဲ့ အဖြူစပ် ကြွေအိုးလား"


အဖိုးအိုက အံအားသင့်သွားပြီးနောက် အသိစိတ်ပြန်ကပ်သွားသောအခါ ကျင်းယွင်ကျောင်း၏ လက်ထဲ၌ ပိုက်ထားသော ပစ္စည်းကို ညွှန်ပြရင်း မေးလိုက်၏။


သူမက ခေါင်းငြိမ့်ပြလိုက်ပြီး ပစ္စည်းကို စားပွဲပေါ်သို့ တင်လိုက်သည်။


"ကျွန်မ နောက်ကျသွားလို့ ဗွေမယူပါနဲ့ ရှင့်။ ဒီကို လာတဲ့လမ်းမှာ ကိစ္စလေးတစ်ခုနဲ့ ကြုံနေလို့ပါ။ ဒါပေမယ့် ရှင် မစိုးရိမ်ပါနဲ့။ ကျွန်မ အခုယူလာတာက ရှင် ကျွန်မရဲ့ပို့စ်မှာ မြင်ခဲ့ရတာနဲ့ အတူတူ တစ်ခုတည်းပါပဲ။ အရင်ဆုံး တစ်ချက်လောက် ကြည့်ကြည့်နိုင်ပါတယ်"


သူမက အိတ်ကို ဖွင့်လိုက်ရာ အဖိုးအိုက အလျင်အမြန်ပင် မျက်လုံးဝေ့ကြည့်လိုက်ပြီး ဂရုတစိုက် စစ်ဆေးလိုက်သည်။


အဖိုးအိုက စေ့စေ့စပ်စပ် စစ်ဆေးနေစဥ်တွင် ကျင်းယွင်ကျောင်းက ဘေး၌ ငြိမ်ငြိမ်သက်သက် ရပ်နေ၏။ သူက တံထွေးကို ကျယ်လောင်စွာ မြိုချလိုက်ပြီးနောက် ပြောလိုက်သည်။


"မဆိုးဘူး၊ မဆိုးဘူး။ ပုံစံက ကျက်သရေရှိတယ်၊ ပန်းချီအရည်အသွေးကလည်း အသေးစိတ်တယ်၊ ပြီးတော့ အလှဆင်ထားတဲ့ အဆင်ပုံစံမျိုးစုံကလည်း ထင်ရှားတယ်။ အရောင်စပ်ထားတာကလည်း ငြိမ်တယ်။ ပြီးရင် ကြွေထည်တစ်ခုလုံးရဲ့ အပြင်ဘက်အလွှာကို ထိန်းသိမ်းမှုကလည်း... ..."


အဖိုးအိုက ကျင်းယွင်ကျောင်း နားမလည်နိုင်သည့် စကားတသီတတန်းကြီးကို ပြောနေ၏။ သူသည် သူ၏ ဘေးရှိ လူငယ်လေးကို ဆွဲလိုက်ပြီး အိုးကိုညွှန်ပြ၍ ပြောလိုက်သည်ကိုလည်း သူမ မြင်လိုက်ရသည်။


"ကျစ်ဝေ့၊ ဒါကို လာကြည့်စမ်း။ ဒါက တကယ့်ကို အစစ်အမှန်ပဲ"


သူမက စောင့်ကြည့်နေရာ အဖိုးအို၏ ဘေးရှိ လူငယ်၏ အမူအယာသည်လည်း သူမနှင့် အတူတူပင်။ သူ၏ မျက်နှာတစ်ခုလုံးက 'နားမလည်ပါ' ဟူသော စာလုံးသုံးလုံးကို ရေးထားလုနီးပါး ...။


(T/N : တရုတ်လိုကျ သုံးလုံးတည်းမို့လို့ပါ။)


သို့သော် အဖိုးအိုက ၎င်းကို ဂရုမစိုက်ပေ။ အဓိပ္ပါယ်မရှိသော စကားအရှည်ကြီးအား သူ့ကိုယ်သူ ပြောနေပြီးနောက် 'ဒီလိုကြီးကျယ်တဲ့ ပစ္စည်းတစ်ခုကို သူမ ဘာလို့များ အခုမှ ရှာတွေ့တာလဲ' ဟု ပြောနေသည့်အလား သူ၏ အမူအယာများက ကမောက်ကမဖြစ်နေလေသည်။


မိနစ်နှစ်ဆယ်ထက်မနည်း ကြာပြီးသည့်နောက် နောက်ဆုံးတွင်တော့ အဖိုးအိုက တုံ့ပြန်လာခဲ့ပြီး ဤပစ္စည်းသည် သူ့အပိုင်မဟုတ်သေးကြောင်း သတိရသွား၏။


သူ၏ ကြမ်းတမ်းသော မျက်နှာတစ်ခုလုံးက အပြုံးများဖြင့် ပြည့်နေပြီး မွဲခြောက်ခြောက်မျက်ဝန်းများက အလင်းများ ဖြာနေသည်။ သူ၏ အပြုအမူတစ်ခုလုံးက စေတနာများ ယိုဖိတ်နေသည်ဟုပင် ပြောနိုင်၏။


ဘေးတွင်ထိုင်နေသော ထန်ကျစ်ဝေ့က သူ၏ အဖိုးအရင်းဖြစ်သူကို ကြည့်ရင်း အလွန်အမင်း ရှက်နေပြီဖြစ်သည်။ သူသည် လက်ရှိအချိန်၌ နတ်သူငယ်လေးတစ်ယောက်လိုပင်။ သူတို့ အိမ်၌ ရှိစဥ်က သူ၏ အဖိုးသည် အလွန်စည်းကမ်းတင်းကြပ်၍ ဘယ်သူကမှ သွားမရှုပ်ရဲသည်မှာ အသိသာပင်။ ယခုကရော။ သူသည် သူစိမ်းမိန်းကလေးတစ်ယောက်ဆီသို့ အူယားဖားယား ပြေးသွား၍ ပျော်ရွှင်စွာ ပြုံးပြနေသည်။ အပြင်လူတစ်ယောက်ကသာ သူတို့အား မြင်ပါက သူ့အစား ဤမိန်းကလေးက မြေးအရင်းဟုပင် တွေးကြလိမ့်မည်။


"လုံမလေး၊ ဒီပစ္စည်းက မင်းရဲ့မိသားစု အမွေအနှစ်လား"


အဖိုးအိုက မေးလိုက်သည်။


အကယ်၍ သူမ၏ မိိသားစု အမွေအနှစ်သာဆိုပါက ဆုံးဖြတ်ချက်ချရန် တာဝန်ရှိသူသည် ဤမိန်းမပျိုလေး မဟုတ်ပေ။ အုပ်ထိန်းသူတစ်ယောက်ဖြစ်ပါက ပို၍ ကောင်းမည်မှာ အသေအချာပင်။ သူက ဆုံးဖြတ်ပေးနိုင်လျှင်တောင်မှ သူသည် သူ၏ အာဏာကို အလွဲသုံးစား လုပ်မည့်သူ မဟုတ်။


ကျင်းယွင်ကျောင်းက ခေါင်းခါပြလိုက်၏။


"ကျွန်မ ဒါကို မြို့ထဲက စျေးကနေ ဝယ်လာခဲ့တာပါ။ ရောင်းတဲ့သူရဲ့ အမျိုးသမီးက ကျန်းမာရေးမကောင်းတော့ သူက ရွေးချယ်စရာမရှိတော့လို့ ဒါကို ရောင်းရတာ။ ကျွန်မအတွက် ကံဆိုးချင်တာလား၊ ကံကောင်းချင်တာလားတော့ မသိဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ခေါ်စျေးက အရမ်းမြင့်နေတော့ ဒါက နောက်ဆုံးမှာ ကျွန်မရဲ့လက်ထဲ ရောက်လာတယ်လေ"


အဖိုးအိုက သူမပြောသည်အား နားထောင်ပြီးနောက် အလွန်အံ့သြသွား၏။


"မင်း ဒါကိုဝယ်ဖို့ ဘယ်လောက်သုံးခဲ့ရတာလဲ"


သူသည် သူမအား မမေးဘဲ မနေနိုင်ချေ။ 


ကျင်းယွင်ကျောင်းက ရယ်လိုက်ပြီး သူ၏ မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား သူမက ပြန်၍ မေးလိုက်၏။


"ရှင် ဒီအိုးကို လိုချင်လား"


"ဒါပေါ့၊ ဘာလို့မလိုချင်ရမှာလဲ"


အဖိုးအိုက နစ်နာသူတစ်ယောက်အား ကာကွယ်နေသည့်အလား အလျင်အမြန်ပြောလိုက်သော်လည်း သူ နောက်ကျလွန်းသွားသည်အား သတိထားမိလိုက်၏။ ဤလုံမပျိုသည် သူမ ပေးခဲ့ရသောစျေးကို သိပြီးနောက် သူက သူ၏ ဝယ်မည့်စျေးကို လျှော့ပစ်လိုက်မည်ကို သိ၍ သူ့အား စမ်းသပ်နေခြင်းပင်။


"မင်းက ဆုံးဖြတ်ချက်ချနိုင်ရဲ့လား။ မင်းကို ကြည့်ရတာ အသက်တောင် မပြည့်သေးတဲ့ပုံပဲ။ တကယ်လို့ မင်းရဲ့မိဘတွေက မင်းနဲ့အတူမရှိရင်... ..."


သူသည်လည်း အခက်တွေ့နေသည်။


"ကျွန်မမှာ မိဘတွေမရှိတော့ပါဘူး။ ဒါကို ဝယ်ခဲ့တဲ့သူက ကျွန်မဖြစ်လို့ ကျွန်မမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိပါတယ်"


ကျင်းယွင်ကျောင်းက သူမ ချောင်ဝေ့မင်နှင့် မိသားစုအဆက်အသွယ် ဖြတ်တောက်ပြီးစီးခဲ့သည့် စာရွက်စာတမ်းများကို ထုတ်ပြ၍ ရှင်းပြလိုက်၏။


အဖိုးအိုက မျက်မှောင်ကြုံ့လိုက်၏။ မိဘတွေ မရှိတော့ဘူးတဲ့လာူ။ သူမသည် သိမ်မွေ့သော မိန်းမချောလေးတစ်ယောက် ဖြစ်ရာ ဤသည်က ရှက်စရာပင်။ ယခုအချိန်၌ ဤလုံမပျို အလွန်တည်ငြိမ်နေသည်အား မအံ့သြတော့ပေ။ သူမသည် တစ်ယောက်တည်း ရှင်သန်နေထိုင်ရခြင်းကို နေသားကျနေပုံပင်။


သူသည် ဤမိန်းကလေးအပေါ်၌ အနည်းငယ် ပို၍ ချစ်ခင်စိတ်များ ပေါက်ဖွားလာ၏။ တစ်ချိန်တည်းမှာပင် သူသည် အနည်းငယ်် ကရုဏာသက်နေမိသည်။


"ဒီလိုဆိုမှတော့ စျေးနှုန်းကို ဆွေးနွေးကြတာပေါ့။ ငါလည်း မင်းကို အခက်တွေ့အောင် မလုပ်ချင်ပါဘူးကွယ်။ တကယ်လို့ မင်းသဘောတူတယ်ဆိုရင် ခေါင်းညိတ်ပြလိုက်၊ မတူဘူးဆိုရင် ထပ်ပြီးတော့ ဆွေးနွေးတာပေါ့။ ဒီလို အဆင်ပြေရဲ့လား"


ကျင်းယွင်ကျောင်းက သဘောတူကြောင်း ဖော်ပြလိုက်သည်။


"ယွမ် သုံးဆယ့်ငါးသန်း"


စျေးနှုန်းကြောင့် ကျင်းယွင်ကျောင်း၏ နှလုံးသားက ဆောင့်ခုန်သွား၏။ အဘယ်ကြောင့် ဒါက... ...သူမ၏ အတိတ်ဘဝနှင့် ကွာခြားနေရသနည်း။ ထို့အပြင် တိုးပွားသွားသည့် ကွာခြားချက်က အလွန်ပင် ကြီးမားလှပေသည်။