Chapter 129 : ဆေးအိုးကြီး(၁)
စျေးနှုန်းမှာ ယွမ်သန်းနှစ်ဆယ် အနည်းငယ် ကျော်ရုံမျှသာဖြစ်ကြောင်း သူမ မှတ်မိ၏။
သို့သော် အတိတ်ဘဝက ကြွေအိုးကို ဝယ်သွားသော ကုန်သည်သည် ကလိမ်ကကျစ်ကျ၍ လောဘကြီးကြောင်းကို ကျင်းယွင်ကျောင်း အသိပင်၊ အဖိုးအိုက သူ့ကို သဘောမကျသောကြောင့် စျေးနှုန်းကို လျှော့ချပစ်ခဲ့သည်လား။ တကယ်တမ်း ယခု သတ်မှတ်ပေးသော စျေးသည် အမှန်တကယ်ပင် ထိုက်တန်၍ သူတို့ကြား၌လည်း ပို၍ မျှတပေသည်။
သူမ၏ အံ့သြသွားသောအမူအယာများကို မြင်မှ အဖိုးအို၏ နှလုံးသားက မျှခြေသို့ပြန်ရောက်သွား၏။ ဤမိန်းကလေးသည် တံခါးအား ဖြတ်လျှောက်လာကတည်းက သူမ၌ ကိုယ့်ကိုကိုယ် ယုံကြည်မှုနှင့် တည်ငြိမ်အေးဆေးသော စိတ်ထားရှိနေသည်။ သူမ၏ ငယ်ရွယ်သော အသက်အရွယ်နှင့် မအပ်စပ်သည်မှာ အသိအသာပင်။ ဆန့်ကျင်ဘက်အနေဖြင့် ယခုအချိန်၌ သူမ၏ တုံ့ပြန်မှုက အတော်လေး သာမန်ဆန်နေ၏။ ယွမ် သုံးဆယ့်ငါးသန်း။ အကယ်၍ သူမသာ ထိုပမာဏကို ကြားပြီးနောက် တည်ငြိမ်နေသေးပါက ဤအဖိုးအိုးသည် အနည်းငယ် ရှက်ရွံ့မိပေလိမ့်မည်။
သူက မျက်လုံးများမှေးသည်အထိ ပြုံးလိုက်၏။ ကျင်းယွင်ကျောင်းက ခဏမျှသာ အံ့အားသင့်နေပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသည်။
၎င်းမှာ စျေးကောင်းဖြစ်ရာ မည်သူက ဤစျေးအား မဖြစ်သင့်ဟု ငြင်းပယ်မည်နည်း။
သူမက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သဖြင့် အဖိုးအိုက ကျေကျေနပ်နပ် ရယ်မော၍ ချက်ချင်းပင် အပြာနှင့် အဖြူစပ် ကြွေအိုးကို ယူကာ ပွေ့ထားလိုက်တော့သည်။ ကျင်းယွင်ကျောင်းထံ သူမ၏ ဘဏ်အကောင့်ကို မေးပြီးနောက် သူက ထန်ကျစ်ဝေ့အား ဖုန်းတစ်ကောခေါ်ဖို့ ပြောလိုက်ပြီး လက်ကျန်ငွေပမာဏအား စစ်ကြည့်လိုက်၏။ ငွေလွှဲပေးချေမှုက နောက်ဆုံးတော့ တရားဝင် ပြီးဆုံးသွားပေပြီ။
ယခုအချိန်၌ သူတို့သည် တရားဝင် စီးပွားရေးကိစ္စ ပြီးဆုံးပြီဖြစ်သဖြင့် အဖိုးအိုက စိတ်သက်သာရာ ရသွားသည်။ အချိန်ကိုက်ပင် စားပွဲထိုးများက ဟင်းပွဲများနှင့် ဝင်ရောက်လာကြ၏။ ဤနေရာ၌ ရောက်နေသည်မှာ နာရီဝက်ခန့်ကြာသွားပြီ ဖြစ်ရာ ကျင်းယွင်ကျောင်း၏ အစာအိမ်သည်လည်း ဟာလာဟင်းလင်းဖြစ်နေသည်။ သူမက နှစ်နှင့်ချီ၍ အစားမစားရသေးသကဲ့သို့ အားပါးတရ စားသောက်နေသလို တစ်ချိန်တည်းမှာပင် ကျက်သရေရှိမှုနှင့် သပ်ရပ်သန့်ရှင်းမှုလည်း ရှိနေသေး၏။
ထန်ကျစ်ဟွားက အနည်းငယ် အပြစ်ဆိုချင်နေသည်။
ခုနက၌ ကျင်းယွင်ကျောင်းအပေါ် အမြင်သည် တည်ငြိမ်အေးဆေး၍ ဟိတ်ဟန်ရှိ၏။ သူမ ပြုံးလိုက်သောအခါမှသာ လန်းဆန်း၍ သိမ်မွေ့နူးညံ့ပုံပေါ်သည်။ များသောအားဖြင့် ဤ ပုံစံမိန်းကလေးများသည် သူတို့၏ ပုံရိပ်ကို အဓိက အလေးထားသော်လည်း သူ၏ ခန့်မှန်းချက်သည် အမှန်တကယ် လွဲမှားနေလိမ့်မည်ဟု ဘယ်တော့မှ မထင်ခဲ့ဖူးပေ။ မည်သူကမှ ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများထဲမှ မှားနေသောအချက်ကို ထောက်မပြနိုင်ခဲ့။ သို့သော် ပုံမှန်အားဖြင့် သူမ စားသောက်နေသော အမြန်နှုန်းက သူတို့အား သဘောမကျစွာ စုပ်သပ်မိစေသည်ကတော့ အမှန်ပင်။ သူမသည် ယခင်က သူတွေ့ဖူးသော အခြား ချမ်းသာကြွယ်ဝသည့် အမျိုးသမီးများနှင့် လုံးဝကွာခြားပေသည်။
သူ၏ စိတ်ကူးထဲရှိ မိန်းကလေးများမှာ များသောအားဖြင့် သိမ်မွေ့၍ ချိုသာသော သို့မဟုတ် နုံအ၍ ချစ်စရာကောင်းသော ပုံစံမျိုးများ ဖြစ်၏။ သို့ရာတွင် ကျင်းယွင်ကျောင်းက ဤအမျိုးအစားနှစ်ခုထဲရှိ မည်သည့်အမျိုးအစားနှင့်မှ အံဝင်ခွင်ကျ မဖြစ်ပေ။
သို့သော် အသက်ကြီးသောသူများအတွက်မူ ကျင်းယွင်ကျောင်း၏ ပွင့်လင်းသော အမူအယာက အမှန်တကယ် ချစ်ခင် နှစ်သက်စဖွယ်ပင်။ လုပ်ယူထားခြင်း မဟုတ်ဘဲ သူမ၏ ပုံပန်းသွင်ပြင်ကလည်း နှစ်သက်စရာကောင်းနေ၏။
သူသည် နောက်တစ်ကြိမ် ထပ်မံ၍ သူမနှင့် စကားစမြည် စတင်ပြောခဲ့သည်။ ဤကဲ့သို့ဖြင့် ကျင်းယွင်ကျောင်းသည် မိန်းမကောင်းလေးတစ်ယောက်ဟု အဖိုးထန် ခံစားမိသွားသည်။ သူမသည် အခြေအနေနှင့် အချိန်အခါကို သိတတ်၍ ယဥ်ကျေးကာ အသိဥာဏ်ကြွယ်ဝ၏။ ထို့ကြောင့် သူမအပေါ် သူ၏ ချစ်ခင်နှစ်သက်မှုများက တဖြည်းဖြည်း တိုးပွားလာသည်။ ကျင်းယွင်ကျောင်းသည် ဟွားနင်ခရိုင်မှ ဖြစ်နေခြင်းက နှမြောစရာကောင်းလှ၏။ သို့မဟုတ်ပါက အဖိုးအိုသည် သူမအား သူ၏ အိမ်သို့ ဧည့်သည်တစ်ယောက်အဖြစ် လာလည်ရန် ဖိတ်ကြားချင်လှသည်။
ကျင်းယွင်ကျောင်းက အတော်လေး ဆွံ့အနေ၏။ သူမက သက်ကြီးဝါကြီးများနှင့် အတော်လေး နီးစပ်မှုရှိနေသည့် ပုံများလား။
ဖိုးဖိုးကန်၊ အဖိုးရှု၊ သူမ အရှေ့၌ရှိသော အဖိုးထန်အပါအဝင် တုလင်း၏ ဖခင်ဖြစ်သူကပင် သူမအား အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံကြ၏။
သုံးယောက်သား ညစာစားနေရင်း ထန်ကျစ်ဟွားက ရုတ်တရက် ဆေးပုလင်းတစ်လုံးကို ထုတ်ယူပြီး ဆေးလုံး အနည်းငယ်ကို ရေနှင့်မျှောချလိုက်သည်။
ကျင်းယွင်ကျောင်းက တုံ့ဆိုင်းသွား၏။ သူမသည် ခုနက ထန်ကျစ်ဝေ့အား မည်မည်ရရ မကြည့်မိခဲ့သော်လည်း ယခု သူ ဆေးသောက်သည်အား မြင်လိုက်ရသောအခါ သူ၏ အသားအရေက အမှန်တကယ် မကောင်းသည်ကို သူမ သတိထားမိသွားသည်။ သီးသန့်ခန်းထဲရှိ အပူချိန်က အနည်းငယ်မြင့်နေ၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ၏ မျက်နှာက အနည်းငယ် နီရဲနေ၏။ သို့သော် နှုတ်ခမ်းများက ဖျော့တော့နေဆဲပင်။
ကျင်းယွင်ကျောင်းက သူတို့အား ကြည့်နေသည်ကို သတိထားမိသွား၍ အဖိုးထန်က ရယ်လိုက်သည်။
"လုံမလေး၊ မင်း ဘာတွေကြည့်နေတာလဲ"
ကျင်းယွင်ကျောင်းက ချက်ချင်းပင် သူမ၏ အမူအယာကို ထိန်းချုပ်လိုက်ပေမယ့် အနည်းငယ် ရှက်ရွံ့သွား၏။
သူမသည် ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသော်လည်း အရွယ်ရောက်ခါနီး မိန်းမပျိုလေးတစ်ယောက်ဖြစ်ကြောင်းကို သူမ အခိုက်အတန့်အားဖြင့် မေ့လျောသွားခဲ့သည်။ ရွယ်တူယောက်ျားလေးတစ်ယောက်အား စိုက်ကြည့်မနေသင့်ပေ၊ သို့မဟုတ်ပါက အခြားလူများ အထင်လွဲသွားနိုင်၏။
ထင်သည့်အတိုင်းပင် ထန်ကျစ်ဟွား၏ မျက်နှာက နီရဲသွားသည်ကို သူမ မြင်လိုက်ရသည်။
"အဖိုးထန်၊ အထင်လွဲနေပါပြီ။ ကျွန်မက သူ ဆေးသောက်တာကို မြင်တော့ သိချင်သွားရုံပါပဲ"
ကျင်းယွင်ကျောင်းက ခပ်မြန်မြန် ဖြေရှင်းလိုက်၏။
အဖိုးထန်က သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်ကာ ရှင်းပြလာသည်။
"ငါ့ရဲ့ ဒီမြေးဖြစ်သူရဲ့ ခန္ဓာကိုယ်က ငယ်ငယ်ကတည်းက ချူချာတယ်။ အပြင်ပိုင်းမှာတော့ သူ နေကောင်းနေပေမယ့် တကယ်တမ်း သူက ဆေးအိုးကြီးတစ်အိုးလိုပါပဲ။ သူ ဆေးမသောက်မိလိုက်တာနဲ့ နောက်နေ့ကျ တစ်ခုခု ဖြစ်တော့တာပဲ"
ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်ပြီး မမေးဘဲ မနေနိုင်တော့ချေ။
"ကျွန်မ သူ့ကို တစ်ချက်လောက် ကြည့်လို့ရမလား"