Chapy 130
Viewers 14k

Chapter 130 : ဆေးအိုးကြီး(၂)


စင်စစ် သူမသည် သမားတော်တစ်ယောက် ဖြစ်နေပြီး ဖြစ်သည်။ အိမ်သို့ပင့်ဖိတ်သည်များအား မသွားနိုင်သေးသော်လည်း သူမသည် မကြာခဏပင် အဖိုးကန်နှင့် လိုက်သွားပြီး အတွေ့အကြုံယူလေ့ရှိ၏။ ကံဆိုးစွာဖြင့် အခွင့်အရေးများက အကြိမ်အရေ အကန့်အသတ်ရှိရာ သူမ၌ အတွေ့အကြုံများများစားစား မရှိခဲ့ပေ။ ယခုအချိန်၌ လူနာတစ်ယောက်က သူမ၏ ရှေ့တည့်တည့်၌ ထိုင်နေသည်ဖြစ်၍ သူမအနေနှင့် ဆက်ကာ လျစ်လျူရှုနေဖို့ရာ မဖြစ်နေနိုင်တော့။


ကျင်းယွင်ကျောင်းက သူမ အနည်းငယ် ရိုင်းပျသွားကြောင်း သတိပြုမိလိုက်၍ ချက်ချင်း ရှင်းပြလိုက်သည်။


"ဒါက ဒီလိုပါရှင့်၊ တကယ်တော့ ကျွန်မ ဆေးပညာကို နည်းနည်း လေ့လာဖူးပါတယ်"


သို့ရာတွင် သူမသည် သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ဖို့လိုသေး၏။ ထို့ကြောင့် သူ့အား ကုသပေးနိုင်သည်ဟု ထင်ရာမြင်ရာ ရမ်းသမ်းပြောပစ်လိုက်ပါက သူမအတွက် ကောင်းမည်မဟုတ်ပေ။


သူမသည် ဝိညာဥ်ကျောက်စိမ်း၏ ဒုတိယအပိုင်းကို စုပ်ယူပြီးစီးလုနီးပါးဖြစ်လျှင်တောင်မှ ထန်ကျစ်ဝေ့၏ ရောဂါသည် သူငယ်စဥ်ကတည်းက စွဲကပ်လာခဲ့ပုံပေါ်သည်။ သူမ၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုပါက အခြေအနေသိပ်မကောင်းပေ။


"မင်းက အရင်က ဆေးပညာကို လေ့လာဖူးတာလား"


ယခုအချိန်၌ အဖိုးထန်က ပို၌ပင် အံ့သြသွား၏။ ခုနကတည်းက သူမနှင့် စကားပြောနေခဲ့ခြင်းဖြစ်သဖြင့် သူမက အဓိပ္ပါယ်မရှိလျှောက်ပြောတတ်သူဟု သူ မခံစားမိသော်လည်း သူ၏ မြေးနှင့် သက်တူရွယ်တူလေးတစ်ယောက်က ယခင်က ဆေးပညာကို လေ့လာခဲ့ဖူးသည်ဟု တွေးကြည့်ရန်မှာမူ....။ ၎င်းသည် ယုံကြည်ရန် အနည်းငယ် ခက်ခဲ၏။


အဖိုးထန်ပင် ဤကဲ့သို့ဖြစ်နေရာ ထန်ကျစ်ဟွားက သာ၍ပင် ဆိုးနေသေးသည်။


လူကြီးနှင့် လူငယ် မြေးအဖိုးနှစ်ယောက်က သူမအား အချိန်တစ်ခုကြာအောင် စိုက်ကြည့်နေရာ အကြည့်ခံရသူသည် အနည်းငယ် ရှက်ရွံ့စပြုလာ၏။


"တကယ်လို့ အဖိုးထန် မယုံကြည်ဘူးဆိုရင်လည်း ဒါကို မေ့လိုက်ပါ။ ကျွန်မက မေးကြည့်ရုံပါပဲ"


ကျင်းယွင်ကျောင်းက သူမ၏ တောင်းဆိုချက်ကို ပြောင်းလဲလိုက်သည်။


နင်းမြို့တော်၌ ထန်မိသားစုသည် နှစ်ခုမရှိနိုင်သည့် မိသားစုကြီးဖြစ်၏။ ထန်မိသားစု၏ မြေးများ ထိတွေ့ဆက်ဆံရသည့် ဆရာဝန်များမှာအား နိုင်ငံထဲမှ အတော်ဆုံး ဆရာဝန်များဖြစ်ကြသည်မှာ သဘာဝပင်။ ဤတောင်းဆိုချက်က ပို၍အထင်လွဲသွားစေမည်မှာ အသေအချာပေ။


ကျင်းယွင်ကျောင်းသည် အဖိုးထန်က သူမအား ငြင်းပယ်လိမ့်မည်ဟု ထင်ထားသော်လည်း သူက ရုတ်တရက် ရယ်မောလိုက်ပြီး မျှော်လင့်မထားသည်အား ပြန်ဖြေလာ၏။


"ကျစ်ဝေ့၊ ဒီလုံမလေးကို တစ်ချက်ကြည့်ခွင့်ပြုလိုက်ပါကွယ်"


အဖိုးထန်က သိချင်နေပြီး မျှော်လင့်ချက်အနည်းငယ်ပင် ရှိနေသည်။ သူ ဤကဲ့သို့ခံစားချက်မျိုးကို မခံစားရသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ အထူးသဖြင့် ကလေးတစ်ယောက် အပေါ်၌ ဖြစ်သည်။


ထန်ကျစ်ဟွားသည် အနည်းငယ်စိတ်ရှုပ်သွားသော်လည်း သူသည် အလွန်နာခံမှုရှိသူဖြစ်၏။ သူက ကျင်းယွင်ကျောင်း၏ ဘေးသို့ ရွေ့ထိုင်လိုက်ကာ စဥ်းစားနေပြီးနောက် ပုံမှန်လုပ်ရိုးလုပ်စဥ်များအတိုင်း လိုက်နာကာ သူ၏ လက်ကောက်ဝတ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။


ထန်ကျစ်ဟွားသည် အလွန်အသားဖြူသည်ဟု ကျင်းယွင်ကျောင်း သတိထားမိလိုက်၏။ ဤကဲ့သို့ ဖြူဖျော့မှုမျိုးသည် အခြေအနေတစ်ခုကြောင့် ဖြစ်လာခြင်းပင်။


နှောင့်နှေးခြင်းမရှိဘဲ သူမသည် သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် လက်လှမ်းလိုက်ပြီးနောက် အံ့သြမှုလှိုင်းတစ်ခုက သူမအား ရိုက်ခတ်သွားသည်။ သူ၏သွေးခုန်နှုန်းက အားနည်းနေသော်လည်း အသက်ဓါတ်မျှင်မျှင်ကလေး ရှိနေ၏။ သူသည် အတွင်းပိုင်း၌ အားနည်းလှပြီး အဓိကကျသော အာဟာရဓါတ်များက အလုပ်မလုပ်နိုင်ပေ။ သို့သော် သူသည် အာဟာရပြတ်၍လည်း မရ။ ထို့အပြင် သူ၏ လက်ရှိအခြေအနေနှင့် ပုံမှန်အသားအရောင်မှာ သူ အချိန်ဇယားနှင့် သောက်နေရသော ဆေးများကြောင့်သာ ဖြစ်ရမည်၊ သို့သော် ဆေးကလည်း ပြဿနာ၏ ရင်းမြစ်ကို မဖြေရှင်းနိုင်ပေ။


ထန်ကျစ်ဟွားသည် အမှန်တကယ်ပင် ငယ်စဥ်ကတည်းက ဤရောဂါကို ခံစားခဲ့ရသည်။ သူသည် အအေးဓါတ်၊ အပူဓါတ်နှင့် မည်သည့်လှုံ့ဆော်မှုကိုမှ ခံနိုင်ရည်မရှိပေ။ သူ၏ အစားအသောက်နှင့် စိတ်ခံစားချက်များကို ထိန်းချုပ်ထားပါက အပေါ်ယံ၌ သူသည် အခြားလူများကဲ့သို့ပင်။ သို့သော် သူ၏ ရောဂါ ပြင်းပြင်းထန်ထန် ထဖောက်ပါက ငရဲတံခါးဝရှေ့၌ ရင်ဆိုင်ရလိမ့်မည်။ ကံကောင်းပါက သူပြန်လာနိုင်မည်။ ကံဆိုးစွာဖြင့် ရမ်းကုဆရာဝန်တစ်ယောက်နှင့် တွေ့ခြင်း သို့မဟုတ် လှုံဆော်မှုက ပြင်းထန်လွန်းပါက အမှန်တကယ်ပင် သူ၏နောက်ဆုံးဝင်သက်ကို ရှုရှိုက်ရလိမ့်မည်သာ။


ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်၏။ အဖိုးထန်က ၎င်းကို မြင်သောအခါ သူမ အမှန်တကယ်ပင် တစ်ခုခုအား သိမြင်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။


"ဘယ်လိုလဲ"


အဖိုးထန်၏ စကားလုံးများက ခံစားချက်အစစ်အမှန်များကို သယ်ဆောင်လာ၏။


"ကျွန်မ သူ့ကို အချိန်တိုအတွင်းမှာတော့ ကုသမပေးနိုင်ဘူး။ ဒါပေမယ့်..."


ကျင်းယွင်ကျောင််းက ခဏမျှ တွန့်ဆုတ်နေသည်။ သူမကျောက်စိမ်းအပိုင်းအနည်းငယ်ကို စုပ်ယူပြီးပါက ရောဂါကို ကုသနိုင်လိမ့်မည်ဟု သူ့ကိုပြောဖို့ကျ သိပ်မကောင်းဘူး မဟုတ်လား။ ထို့ကြောင့် သူမက ဆင်ခြေတစ်ခုရှာလိုက်သည်။


"တကယ်လို့ သူသာ သူ့ရဲ့ခန္ဓာကိုယ်ကို ထိန်းညှိဖို့အတွက် ကျွန်မရဲ့ နည်းလမ်းကို ဖြည်းဖြည်းချင်း လိုက်နာသွားရင် တစ်နှစ်အတွင်းမှာ သူပြန်ကောင်းလာနိုင်ပါတယ်"


ဝိညာဥ်ကျောက်စိမ်းအပိုင်းများကို စုပ်ယူနေသည့် သူမ၏ လက်ရှိအရှိန်အရဆိုပါက တစ်နှစ်အတွင်း သူမ၏ အဆင့်သည် ယနေ့အဆင့်နှင့် နှိုင်းယှဥ်ပါက ကောင်းကင်ဘုံနှင့် ငရဲကဲ့သို့ ဖြစ်လာလိမ့်မည်။


သို့ရာတွင် သူမ၏ လက်ရှိမှတ်ဥာဏ်များအရ သူ၏ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေမည့် နည်းလမ်းများရှိနေသေးသည်။ သူမသည် သူ၏ ခန္ဓာကိုယ်က လက်ခံနိုင်သည့် ပမာဏကို ဖြည်းဖြည်းချင်း တိုးပေးနိုင်၏။


သူမ၏ အမြင်၌ သူမ၏ ဤစကားများတွင် အနည်းငယ် တွန့်ဆုတ်မှုနှင့် နောင်တများပါနေသည်။ သို့ရာတွင် ထန်မြေးအဖိုးအတွက်မူ ၎င်းက ကောင်းကင်ဘုံမှလာသော စကားသံအား ကြားလိုက်ရသည့်အလားပင်။


တစ်နှစ်တဲ့လား။ တစ်နှစ်ဟူသည် ဘာမှမကြာ။ ထန်ကျစ်ဟွားသည် ဆယ်နှစ်ကျော်ခန့် နာမကျန်းဖြစ်နေခဲ့၍ ဤအချိန်အတောအတွင်း သူ သောက်သုံးခဲ့ရသော ဆေးပမာဏက မရေမတွက်နိုင်အောင်ပင်။ သူသည် သုံးကြိမ်ခန့် အသက်လုခဲ့ရသော အတွေ့အကြုံများပင် ရှိသည်။ ဆရာဝန်များက သူ၏ အခြေခံ အားနည်းနေသည်ဟု ပြောသောကြောင့် သူသည် သူ၏ အသက်ကို တစ်ရက်ပြီးတစ်ရက် ဆွဲဆန့်နိုင်ရန်အတွက် ဆေးများစွာကိုသာ မှီခိုနိုင်ရုံသာ တတ်နိုင်ခဲ့သည်။


သို့ရာတွင် ဤသည်က သူတို့အတွက် သတင်းကောင်းဖြစ်သော်လည်း အဖိုးထန်သည် သဘောထားလွန်ဆွဲနေမိ၏။


ဤစကားများကို သူ ယုံကြည်သင့်လား...မယုံကြည်သင့်ဘူးလား။


အကယ်၍ သူသာ ထိုစကားများကို မယုံကြည်မိ၍ ကျင်းယွင်ကျောင်း၌ မြေးဖြစ်သူအား ကုသနိုင်စွမ်း အမှန်တကယ် ရှိနေလျှင်ရော။ ထိုသို့ဆိုပါက သူသည် သူ၏မြေး ကျန်းမာလာမည့် အခွင့်အရေးတစ်ခုကို ဆုံးရှုံးရလိမ့်မည်။ သို့သော် သူသည် သူမကို ယုံကြည်မိ၍ မြေးဖြစ်သူ၏ အခြေအနေက ပိုဆိုးလာလျှင်ရော။ ထိုသို့သာဆိုပါက နောင်တရရန်ပင် နောက်ကျလွန်းသွားပေမည်။ ထို့ထက် တစ်ဖက်လူက မိန်းကလေးငယ်လေးတစ်ယောက်သာ ဖြစ်နေခြင်းပင်။