Chapter 131
Viewers 20k

Chapter 131 : အစ်ကိုကြီးတစ်ယောက် ပေါ်ထွက်လာခြင်း


ကျင်းယွင်ကျောင်းသည် အဖိုးထန်၏ သံသယအား ခံစားမိသော်လည်း သူမ၏ အသက်အရွယ်အရ သူ၏ သံသယကို ဖြေဖျောက်ရန် လွယ်လွယ်ကူကူ မဖြစ်နိုင်ပေ။ သူမက ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ရိုးရိုးပင် မေးလိုက်သည်။


"ထန်ကျစ်ဟွား၊ ငါ့ကို နင့်ရဲ့ဆေး တစ်ချက်လောက် ပေးကြည့်နိုင်မလား"


ထန်ကျစ်ဟွားသည်လည်း ကျင်းယွင်ကျောင်း၌ အမှန်တကယ် စွမ်းရည်ရှိ၊ မရှိကို သိချင်နေသည်ဖြစ်ရာ သူမက မေးလာသည်နှင့် ဆေးပုလင်းလေးအား ချက်ချင်းပင် ကမ်းပေးလိုက်၏။


ကြွေပုလင်းလေးသည် အဖြူရောင်ဖြစ်၍ ထိလိုက်သည်နှင့် အေးမြနေကာ အနည်းငယ် ရှေးဆန်သောပုံစံရှိသည်။ ၎င်းအား အနံ့ခံကြည့်ရန်အတွက် အဖုံးဖွင့်နေစဥ် သူမ၏ မျက်နှာ၌ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။


"မာဟွမ်၊ ဖုကျစ်၊ ကန်ကောင်း၊ ချန်ကျူ့ ..."


မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက ပါးစပ်ဟ၍ ဆေးပင်အမည် ဆယ်မျိုးနီးပါးကို အစဥ်လိုက် ရွတ်ဆိုလိုက်သည်။


ဆေးလုံး၏ အရွယ်အစားသည် သိပ်မကြီးသော်လည်း ၎င်းကို အလွန် ပြည့်စုံစေ့စပ်စွာ ပြုလုပ်ထား၏။ ဆေးလုံးအတွင်း၌ တွေးတောစိတ်ကူးမှုပေါင်းများစွာနှင့် အားထုတ်မှုပေါင်းများစွာ ထည့်သွင်းထားသည်။ ဤအာဟာရဖြစ်စေသည့် နည်းလမ်းသည် သူမ၏ ကျောက်စိမ်းဝိညာဥ်ထဲ၌ မှတ်တမ်းတင်ထားသော နည်းလမ်းကဲ့သို့ ထိရောက်မှုမရှိသော်လည်း ၎င်းက ပြိုင်ဘက်ကင်း အသက်ကယ်ဆေးနည်းတစ်မျိုး ဖြစ်နေဆဲပင်။ ဤသည််မှာ သမားတော်က အရည်အချင်းရှိကြောင်း သက်သေပင် ဖြစ်၏။


ကျင်းယွင်ကျောင်း တိတ်ဆိတ်သွားသည်ကို မြင်သည်နှင့် အဖိုးထန်သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားသည်။


သူနှင့် မြေးဖြစ်သူသည် အသက်ကယ်ဆေးအကြောင်းကို အသေးစိတ်မသိပေ။ သူ၏ မြေးဖြစ်သူသည်ပင် ပါဝင်ပစ္စည်းနှစ်မျိုး၊ သုံးမျိုးကိုသာ အကြမ်းဖျင်း မှတ်မိသော်လည်း မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက သူမ၏ အနံ့ခံအာရုံ အားကိုးနှင့်ပင် ပါဝင်ပစ္စည်း တစ်မျိုးချင်းစီတိုင်းကို မှန်ကန်စွာ ခွဲခြားနိုင်ခဲ့သည်။


အဖိုးထန်က ကျင်းယွင်ကျောင်း သူမ၏ နေရာလွတ်နယ်မြေထဲ၌ အချိန်များစွာ ကုန်ဆုံးခဲ့သည်ဟု မသိသည်က သဘာဝပင်။ အထဲ၌ ပေါက်ရောက်ကြီးပြင်းနေကြသော ဆေးပင်များ၏ အနံ့ကို သူမ အဘယ်ကြောင့် မသိဘဲနေမည်နည်း။ ထို့အပြင် ကျောက်စိမ်းထဲ၌ ဤဆေးနည်းကို ဖော်ပြထားသည်။ သူမ ထိုအကြောင်းအား တွေးလိုက်သည်နှင့် အလျင်အမြန်ပင် ခန့်မှန်းချက်တစ်ခုကို ထုတ်နိုင်ပြီး ၎င်းက ခက်ခဲလွန်းခြင်းလည်း မရှိပေ။


"လုံမလေး၊ မဟုတ်ဘူး...မစ္စကျင်း၊ တကယ်လို့ မင်းသာ ကျစ်ဝေ့ကို ကူညီနိုင်ရင် ငါ ဘယ်လိုတောင်းဆိုမှုကိုမဆို လက်ခံနိုင်တယ်"


အဖိုးထန်က ခပ်မြန်မြန် ပြောလိုက်၏။


သူ့ မိသားစုကံတရားသည် သူ၏ မြေးဖြစ်သူထက်တော့ ဘယ်တော့မှ ပို၍ အရေးမကြီးပေ။


"ကျွန်မ အချိန်နည်းနည်းလိုပါတယ်"


ကျင်းယွင်ကျောင်းက သတိပေးလိုက်သည်။


"အချိန်က ပြဿနာမဟုတ်ဘူး"


အဖိုးထန်က ချက်ချင်းပင် သဘောတူလိုက်ပြီး ထပ်ပြောလိုက်၏။


"ဒီလိုဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ မင်းက ရိကျုံးအထက်တန်းကျောင်းက ဟုတ်တယ်မလား။ ငါ ဒီနေ့ ကျစ်ဝေ့ကို အိမ်ပြန်ခေါ်သွားလိုက်မယ်၊ နောက်ထပ် နှစ်ရက်လောက်နေရင် လက်ရှိ သူ့ကို ကုပေးနေတဲ့ သမားတော်ရဲ့နေရာမှာ မင်းကို အစားထိုးလိုက်မယ်။ ပြီးတော့ ငါ မင်းကို ဆေးကုခ တစ်လုံးတစ်ခဲတည်း ပေးပါ့မယ်။ တကယ်လို့ မင်းသာ ကျစ်ဝေ့ကို တကယ် ကုပေးနိုင်ရင် အနာဂတ်မှာ မင်းရဲ့ အကျိုးစီးပွားက ထန်မိသားစုရဲ့အကျိုးစီးပွား ဖြစ်လာလိမ့်မယ်။ ငါတို့ကို မင်းကို ကျေးဇူးတင်လို့ လုံလောက်မှာကို မဟုတ်ပါဘူး"


ကျင်းယွင်ကျောင်းက ဤအဖိုးအိုသည် အလွန်ရက်ရောလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။ သို့ရာတွင် သူမသည် ထန်မိသားစုထံမှ ဘာကိုမှ ဘယ်တော့မှ မမျှော်လင့်ခဲ့ဖူးသည်က အမှန်။ 


အစောပိုင်းက ယွမ်သန်းသုံးဆယ်ကျော်သည်လည်း မျှတသော အရောင်းအဝယ်ပမာဏ ဖြစ်သည်ဟုသာ ယူဆထား၍ အသက်ကယ်ခြင်းကို သူမ၏ အသက်မွေးကြောင်းနှင့် ဝါသနာဟူ၍သာ မှတ်ယူထားသည်။ အများဆုံး သူမသည် ဆေးကုသခအချို့ကိုသာ လက်ခံလိမ့်မည်ပင်။ လူတစ်ယောက်ကို ကယ်တင်ခဲ့သောကြောင့် ဤမိသားစုအပေါ် တစ်သက်လုံး အာဏာသက်ရောက်ခြင်းမှာမူ မမျှတပေ ထို့အပြင် ဆေးကုသမှုသည် စပင် မစရသေး။


ယခုအချိန်၌ အဖိုးထန်အား ရှောင်လွှဲငြင်းပယ်ပါက အသုံးမဝင်ကြောင်းကို ကျင်းယွင်ကျောင်း သိ၏။ ထို့ကြောင့် သူမသည် ထပ်၍ စကားအများကြီး ပြောမနေတော့ပေ။


ညစာစားခြင်း ပြီးဆုံးသွားသည်။ ကျင်းယွင်ကျောင်းသည်လည်း ထန်ကျစ်ဟွား၏ အခြေအနေအား လုံးစေ့ပတ်စေ့ နားလည်ရန် အခွင့်ကောင်း ယူလိုက်ပြီးနောက် သီးသန့်ခန်းထဲမှ ထွက်လာခဲ့ကြ၍ လမ်းခွဲရန် ပြင်လိုက်သည်။


အောက်ထပ်သို့ ရောက်ရောက်ချင်းမှာပင် သူမသည် လီရှောက်ယွင်အား မြင်လိုက်ရ၏။


အမှန်ပင်၊ ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်က သူမအား အထူးတလည် ထွက်တွေ့သည်ဟု မသိခဲ့ပေ။ ဤနေရာသည် သူ၏ ပိုင်နက်ဖြစ်သည်။ ကျင်းယွင်ကျောင်း ရောက်လာသောအခါ သူ့အား သတင်းပို့မည့်သူရှိသည်က သဘာဝပင်။ ယခင်က ကျင်းယွင်ကျောင်း၏ ယဥ်ကျေးပျူငှာမှုတို့ကို ပြန်သတိရရင်း လီရှောက်ယွင်သည်လည်း ရှေ့သို့ နောက်တစ်လှမ်း ထပ်မံ၍ မတိုးချင်ခဲ့၊ သို့သော် သူမသည် အဖိုးအိုတစ်ယောက်အပြင် ကျောင်းသားလေးတစ်ဦးနှင့်ပါ ညစာအတူစားနေသည်ဟု ဝန်ထမ်းက ပြောလာသည်အား ကြားလိုက်ရသောအခါ သူသည် အနည်းငယ် မပျော်မရွှင်ဖြစ်လာသည်။


ဤမိန်းကလေးသည် ငယ်ရွယ်သေး၏။ ဤကဲ့သို့ အပေါ်ယံ၌ အရာရာပြည့်စုံသော ကောင်ငယ်လေးများနှင့် အီစီကလီလုပ်ခြင်းကို ရှောင်ရှားနိုင်ရန်မှာ ခက်ခဲလိမ့်မည်။


မဖြစ်ပေ။ သူမ၏၊အမြင်အာရုံအား ဖုံးကွယ်ထားသည်များကို သူ ဖယ်ရှားပေးရမည်။


လီရှောက်ယွင်၏ မျက်လုံးများက ထန်ကျစ်ဟွားအား ခြေဆုံးခေါင်းဆုံး အကဲဲဖြတ်နေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ကောင်လေး၏ ရုပ်ရည်သွင်ပြင်က မဆိုးကြောင်း သိနိုင်ပြီး သူ၏ မျက်နှာကလည်း အနည်းငယ် သွေးရောင်လွှမ်းနေ၏။ သူက မျက်မှောင်ကြုံ့နေရင်း ကျင်းယွင်ကျောင်း လှေကားပေါ်မှ အောက်ထပ်သို့ ခြေချလိုက်သည်ကို စောင့်နေကာ သူမအား သူ့ဘက်သို့ ဆွဲလိုက်တော့သည်။


ထို့နောက် အဖိုးအိုအား ပြုံးပြလိုက်ရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။


"နှစ်ယောက်လုံး မင်္ဂလာပါ။ ကျွန်တော်က ယွင်ကျောင်းရဲ့ အစ်ကိုပါ။ ခင်ဗျားတို့နှစ်ယောက်က....."