Chapter 132 : တွယ်ငြိစပြုလာသော
လီရှောက်ယွင်သည် မူလက သူမအား သူ့ကို ဦးလေးဟု ခေါ်စေချင်သည်။ စင်စစ် မျိုးဆက်တစ်ခုစာ ပို၍အသက်ကြီးသော နောက်ကွယ်၌ ယုံမှားဖွယ်ရာမရှိသော ဂုဏ်သိက္ခာတစ်ခုလည်း ရှိသည်လေ။ သူသည် ကျင်းယွင်ကျောင်း၏ စရိုက်ကိုလည်း နားလည်၏။ ထို့ကြောင့် သူမအား စိတ်မပျော်ရွှင်အောင် လုပ်မိမည့်အရေးကို ရှောင်ရှားကာ နောက်ဆုံးမိနစ်တွင်မှ သူ၏ စိတ်ကို ပြောင်းလိုက်သည်။
သူသည် အဖိုးရှုနှင့်လည်း သိပြီး အဖိုးရှုက ကျင်းယွင်ကျောင်းအား ဂရုစိုက်ပေးရန်ပင် သူ့ကို ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သေး၏။ ထို့အပြင် သူမထက် အသက်ရှစ်နှစ်၊ ကိုးနှစ်ခန့် ပိုကြီးသည့်အချက်ကိုလည်း ထည့်စဥ်းစားပါက သူ့ကိုယ်သူ အစ်ကိုကြီးတစ်ယောက်ဟု ယူဆလိုက်ခြင်းက မလွန်ကဲလွန်းပေ။
လီရှောက်ယွင်က ၎င်းကို ဖြစ်သင့်သည်ဟုသာ ယူဆလိုက်ပြီး ကျင်းယွင်ကျောင်းကမူ ချက်ချင်းပင် သူ့ကို စိတ်ရှုပ်စွာ စိုက်ကြည့်လာသည်။
အဖိုးထန်သည်လည်း အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ ခုနတုန်းက ဒီလုံမလေးက သူ့မှာ မိသားစုမရှိဘူးလို့ ပြောခဲ့တာ မဟုတ်လား။
"မိန်းကလေးကျင်းက တကယ်ပဲ အစ်ကိုတစ်ယောက် ရှိနေသေးတာလား။ ဒါဆိုရင် ကျုပ်ကပဲ တကယ့်ကို တောင်းပန်ရတော့မှာပဲ။ ဒီလုံမလေးနဲ့ ကျုပ်နဲ့က သိလာကြတာ နှစ်အတော်ကြာပါပြီ။ ဒီနေ့ ဒီမှာ ဆုံကြရုံပါပဲ။ သိပ်ပြီးတော့ ကိစ္စများများစားစား မရှိတာ အမှန်ပါ"
သူက ဒီကို ကြွေအိုးဝယ်ဖို့ လာခဲ့တဲ့အကြောင်းကို သေချာမပြောပြနိုင်ဘူး မဟုတ်လား။ တော်ကြာ သူက စျေးတွေပါ ဆက်မေးနေရင်ရော။ ဤသည်က လုံမလေးအတွက် ပြဿနာများကို ဖိတ်ခေါ်နိုင်သည်မှာ အသေအချာပင်။ လုံမလေးက သူ့မြေး၏ ရောဂါကို ကုသပေးရန်အတွက် ဒီရောက်နေသည်ဟုလည်း သူ မပြောနိုင်ပေ။ စင်စစ် ဤ ရုတ်တရက် ဘယ်နေရာကမှန်း မသိ ပေါ်ထွက်လာသော အစ်ကိုသည် သွေးနီးသော ဆွေမျိုးလား၊ သွေးဝေးသော ဆွေမျိုးလားဆိုသည်ကို မည်သူမှ သေချာမပြောနိုင်ပေ။
လီရှောက်ယွင်၏ မျက်လုံးများက မှေးစင်းသွားပြီး ...
"ဒါက......."
သူ၏ အကြည့်များ၏ ပစ်မှတ်သည် အလိုအလျှောက်ပင် ထန်ကျစ်ဟွား ဖြစ်လာ၏။
ထန်ကျစ်ဟွားသည် လူငယ်လေးတစ်ယောက်ပင် ရှိသေးသည်။ ယခုအချိန်၌ လီရှောက်ယွင်၏ ပုံစံက သူ့အား ထိတ်လန့်စေခြင်းမှ မရှောင်ရှားနိုင်ပေ။ သူ၏ မျက်နှာက ရုတ်တရက် နီရဲသွားကာ အဖိုးထန်သည် အမူအယာပြောင်းလဲခြင်းမရှိဘဲ ရယ်မောလိုက်သည်။
"ဒါက ကျုပ်ရဲ့မြေးပါ၊ မိန်းကလေးကျင်းနဲ့လည်း တစ်ကျောင်းတည်းပေါ့"
လီရှောက်ယွင်၏ နှုတ်ခမ်းများက ကွေးညွတ်သွား၏။ သူမရဲ့ ကျောင်းဖော်လား။
မတူဘူး။
သို့သော် သူတို့ဘာမှမပြောဘဲနှင့်ပင် သူက အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်သေးသည်။
ဤကောင်လေးသည် လက်ရှိ နင်းမြို့တော်၌ ရေပန်းအစားဆုံး အဝတ်အထည်ဘရန်းကို ဝတ်ဆင်ထားသည်။ သူ၏ လက်ကောက်ဝတ်ပေါ်ရှိ စမတ်နာရီမှာ ရိုးရှင်းပုံရသော်လည်း အနည်းဆုံး ယွမ်တစ်သောင်းမရှိဘဲ မဝယ်နိုင်ချေ။ ထို့အပြင် ဤတည်ငြိမ်အေးဆေးသော အဖိုးအိုသည် အဆင့်အတန်းမြင့်မြင့် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထား၏။ သူ၏ အဆင့်အတန်းက ရိုးရိုးရှင်းရှင်း မဟုတ်မည်ကတော့ အသေအချာပင်။ အနည်းဆုံး မဟုတ်သော်လည်း နောက်ဆုံးအနေဖြင့် သူ၏ ကားကိုလည်း လှမ်းကြည့်ပြီးဖြစ်သည်။
အနှစ်ချုပ်ရလျှင် သူတို့သည် ကျောင်းဖော်များဟုပြောပြော၊ ဘာပဲပြောပြော၊ အားလုံးက အလိမ်အညာများသာ ဖြစ်၏။
လီရှောက်ယွင်က မျက်ခုံးပင့်လိုက်ပြီး နှုတ်ဆက်စကားကို အနည်းငယ်ပို၍ သမားရိုးကျဆန်အောင် ပြောလိုက်ကာ ထိုလူနှစ်ယောက်အား လက်ဦးမှုယူ၍ လိုက်ပို့ပေးလိုက်သည်။ အစမှ အဆုံးအထိတိုင်အောင် သူသည် ကျင်းယွင်ကျောင်းနှင့် အလွန်ရင်းနှီးသကဲ့သို့ ပြုမူနေခဲ့၏။
လက်ရှိ ကျင်းယွင်ကျောင်း၏ စိတ်ထဲ၌ စကားလုံးတစ်လုံးသာ စိုးမိုးနေ၏။ 'ကြောင်လိုက်တာ'
"ဒီလူနှစ်ယောက်က နင်းမြို့တော်က မိသားစုကြီးတစ်ခုကပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
ကားလေး သူတို့၏ မြင်ကွင်းထဲမှ ထွက်သွားသည်နှင့် လီရှောက်ယွင်က ရုတ်တရက် ထမေးလိုက်သည်။ ထို့နောက် သူက ကျင်းယွင်ကျောင်း၏ အနားသို့ ပို၍ တိုးကပ်ရန် အခွင့်အရေးယူလိုက်ကာ တစ်ချက် အနံ့ခံကြည့်လိုက်ပြီး ဆက်မေးပြန်၏။
"မင်း ခုနက အဲဒီကလေးနဲ့ အတော်လေး နီးနီးကပ်ကပ် ထိုင်ခဲ့တာလား"
သူမ၏ အနားမှ ဆေးနံ့ ခပ်စူးစူးရနေသည်။
ယခင်ကလည်း သူမဆီက ဆေးနံ့လေး ရလေ့ရှိသော်လည်း ၎င်းအနံ့က ခပ်ပါးပါးနှင့် စိတ်ကိုကြည်လင်လန်းဆန်းစေ၏။ ၎င်းအနံ့အား ရှုရှိုက်ရခြင်းက သူ့ကို သက်တောင့်သက်သာ ဖြစ်စေသည်။ သို့ရာတွင် ဤတစ်ကြိမ်၌မူ များစွာကွာခြားမှုမရှိလျှင်တောင်မှ ၎င်းသည် ခုနက ကောင်လေး၏ ကိုယ်ပေါ်မှ ရနံ့နှင့် ဆင်တူနေ၏။
ကျင်းယွင်ကျောင်းက ကြောင်အနေပြီးမှ ...
"ရှင်က ဒါကိုပါ အနံ့ခံနိုင်တာလား"
သူ့ရဲ့အနံ့ခံစွမ်းရည်ကတော့ တကယ်ပဲ ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်တာပဲ။
လီရှောက်ယွင်က ဘဝင်မြင့်သွားဟန်ဖြင့် ဟမ့်ခနဲ ခပ်တိုးတိုး အသံပြုလိုက်ပြီး ဆက်ဖြေလိုက်သည်။
"ကိုယ်က ကုသခြင်းအနုပညာကို နားမလည်ဘူးဆိုရင်တောင်မှ မင်းရဲ့ ကျောင်းဖော်ဆိုတဲ့ အမျိုးသားက နာဖျားနေတဲ့ သရဲတစ်ကောင်ဆိုတာတော့ ပြောနိုင်သေးတယ်။ အပေါ်ယံအရ အားလုံးကောင်းနေတဲ့ ပုံပေါက်ပေမယ့် သူ့ရဲ့အကြည့်တွေက မောပန်းပြီးတော့ အသက်မဲ့နေတယ်။ နှုတ်ခမ်းတွေက ဖြူဖျော့လွန်းနေတယ်။ ပြီးတော့ သူ့ရဲ့အသားအရေကလည်း အသက်ဓါတ် ကင်းမဲ့နေတယ်။ ပြီးတော့ အဖိုးကြီးရဲ့ ကာကွယ်ပေးနေတဲ့ အမူအယာတွေကို ကြည့်ရင်လည်း သူ့ရဲ့ရောဂါက သေချာပေါက် ပေါ့သေးသေး မဟုတ်ဘူးဆိုတာ ကိုယ်ခန့်မှန်းနိုင်ပါတယ်။ အဲဒီအပြင် သူတို့မိသားစုရဲ့ အခြေအနေကလည်း သိပ်ဆိုးပုံမပေါ်ပါဘူး။ ဒါပေမယ့် မင်းက အခု ဒီမှာရောက်နေတာဆိုတော့ မင်း သူတို့နဲ့ မနီးစပ်လွန်းတာက ပိုကောင်းလိမ့်မယ်"
(T/N: နာဖျားနေတဲ့ သရဲဆိုတာ တကယ့်သရဲကို ပြောတာမဟုတ်ပါဘူးနော်။ သာမန်အအေးမိတာမျိုး ရောဂါအသေးအဖွဲ့မဟုတ်ဘဲ အမြဲတမ်း နာဖျားနေတဲ့သူ့ကို ပြောတာပါ။ နာတာရှည်ရောဂါလိုမျိုး။)
တကယ်တမ်း ဤမိန်းကလေးသည် အကြံအစည်များစွာရှိသူ မဟုတ်ပေ။
တစ်ဖက်လူက ကျင်းယွင်ကျောင်းအပေါ် မကောင်းသည့် ရည်ရွယ်ချက် တကယ်မရှိကြောင်း လီရှောက်ယွင် ထင်ထင်ရှားရှား သိနိုင်၏။ မှန်ပါသည်၊ သူက ဤတစ်ကြိမ်၌ ဘာအကြံအစည်မှ မရှိသော်လည်း နောက်တစ်ကြိမ်ဆိုလျှင်ရော။
ဤကဲ့သို့သော ဆက်ဆံရေးမျိုးသည် သူမ ကံကောင်းပါက သူမအတွက် အကူအညီဖြစ်လိမ့်မည်။ သို့သော် မကောင်းသော စိတ်ထားရှိပြီး သူမ၏ နောက်ကွယ်မှ အကွက်ချ ကြံစည်တတ်သူနှင့် တွေ့ပါက သူမ၏ ဘဝရော စည်းစိမ်ပါ ဆုံးရှုံးသွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားပါက ပြန်လှည့်စရာလမ်းရှိမည် မဟုတ်ပေ။
မူလက ကျင်းယွင်ကျောင်းသည် သူက သူမ၏ ကိုယ်ပိုင်ကိစ္စများကို လာအနှောက်အယှက်ပေးနေသည့်အတွက် အတော်လေး စိတ်ညစ်သွားသည်။ သို့သော် သူသည် အထက်စီးဆန်၍ စိတ်မြန်သော လူတစ်ယောက်ဖြစ်ရာ စကားလုံးများအားလုံးက ရိုးရှင်းပြီး နောက်ကွယ်၌ နက်ရှိုင်းသော အဓိပ္ပါယ်ရှိနေ၍ သူမအား သူ့နည်းသူ့ဟန်ဖြင့် သတိပေးနေရန် ကြိုးစားနေခြင်းဖြစ်သဖြင့် စျေးဆစ်လို့ရမည့်သူ မဟုတ်ပေ။
"ကျွန်မက သူ့ရဲ့ရောဂါကို ကုပေးဖို့ ကြိုးစားနိုင်တယ်။ သူ့လိုမျိုး ငယ်ငယ်ရွယ်ရွယ်လေးတစ်ယောက်က တစ်ခုခုဖြစ်သွားရင် သနားစရာလည်း ကောင်းတယ်လေ"
ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေးပင် ပြန်ဖြေလိုက်သည်။
လီရှောက်ယွင်က သူမအား ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီး မသဲမကွဲ ပြောလိုက်၏။
"ကိုယ် ဒီနေ့မနက်က နှာချေနေတာ။ ကိုယ့်ကို တစ်ချက်လောက် ကူညီပြီး ကြည့်ပေးပါဦး။ တော်ကြာ အဲဒါက ပြင်းထန်တဲ့ရောဂါအဖြစ် ပြောင်းသွားပြီး ကိုယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားလိမ့်မယ်။"