Chapter 133 : မြက်နုစားနေသော နွားအိုကြီး
လီရှောက်ယွင်က စကားဆုံးသည်နှင့် အကြိမ်ရေအနည်းငယ်ခန့် ခြောက်ကပ်ကပ် ချောင်းဆိုးပြလိုက်သည်။ သူ၏ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းအစုံက သူ၏ စကားများထဲတွင် မုသားတစ်လုံးမှမပါဟု ကျင်းယွင်ကျောင်းအား သက်သေပြနေသည့်အလား စိုက်ကြည့်နေ၏။
လက်ရှိအချိန်၌ နှစ်ဦးသားသည် အတော်လေးနီးကပ်စွာ ရပ်နေကြသည်။ ကျင်းယွင်ကျောင်း၏ ဦးခေါင််းက သူ၏ မေးစေ့နှင့် တတန်းတည်း ဖြစ်နေ၏။ သူမ၏ ပိန်ပါးလျသော ပုံရိပ်က လီရှောက်ယွင်အား ပို၍ပင် အရပ်ရှည်၍ ခံ့ညားသွားစေသည်။
ကျင်းယွင်ကျောင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ခပ်ဖျော့ဖျော့ရနံ့တစ်မျိုးရနေ၏။ ၎င်းအနံ့က မနှစ်မြို့စရာတော့ မကောင်းပေ။ သူ၏ သိမ်မွေ့၍ သာယာသော အသံကိုပါ ထည့်ပေါင်းလိုက်ပါက လူများကို မကောင်းသော ရည်ရွယ်ချက်များထားရှိစေရန် ခက်ခဲစေသည်။ သူ၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်များအား မြင်သောအခါ သူမက အလျှော့ပေးလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
လီရှောက်ယွင်က လက်ကမ်းပေးလိုက်သည်။ သူ၏ လက်ချောင်းများမှာ ရှည်လျား သွယ်လျနေသော်လည်း အသားမာများကို မြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးထဲတွင် အံသြမှုများ လျှပ်တပြက် ဖြတ်ပြေးသွားသည်။
တုလင်းက သူ့အား သခင်လေးလီဟု ခေါ်ညွှန်း၍ သူသည် အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် ထျန်းရှန်းလော်အား စီမံအုပ်ချုပ်နိုင်၏။ ထို့အပြင် သူသည် မြို့တော်မှ လူတစ်ယောက်ဖြစ်ပြီး သူ၏ မိသားစုအခြေအနေသည် အတော်လေး ကောင်းမွန်သည်။ သို့သော် သူမ၏ ထင်မြင်ချက်အားလုံးက သူ၏ လက်ပေါ်ရှိ အသားမာများက ပြောပြနေသည်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ ဒါက ကာယအလုပ်ကြမ်း လုပ်ရလို့ ကျန်ခဲ့တာတွေတော့ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား။
သို့ရာတွင် သူမ၏ သိချင်စိတ်က မပြင်းထန်ပေ။ အခိုက်အတန့်မျှ နားမလည်နိုင်ဖြစ်သွားရုံသာ ဖြစ်၏။ သူမက ဆက်လက်၍ သူ၏ သွေးခုန်နှုန်းကို စိတ်ရှည်လက်ရှည် စမ်းသပ်ပေးနေလိုက်သည်။ သို့သော် သန်မာ၍ အားအင်ပြည့်ဝနေသော သွေးခုန်နှုန်းကို စမ်းပြီးသည့်နောက် ကျင်းယွင်ကျောင်းသည် ပြောစရာစကား ကင်းမဲ့သွား၏။
"သခင်လေးလီ၊ ရှင့်ရဲ့ ခန္ဓာကိုယ်က အရမ်းကို ကျန်းမာပါတယ်"
ကျင်းယွင်ကျောင်းက ခပ်တည်တည်ပြောလိုက်ပြီး တိတ်ဆိတ်သွားပြန်သည်။
အလွန် ကျန်းမာရုံတင်ပဲ မဟုတ်။ ပြသာနာတစ်ခုမှပင် မရှိ။ သူပြောတဲ့ ပြင်းထန်တယ်ဆိုတာက ဘယ်နေရာမှာလဲ။ သူက နှာချေရုံပဲလေ၊ တစ်ယောက်ယောက်က သူ့အကြောင်းကို တွေးနေလို့ နေမှာပေါ့။
လီရှောက်ယွင်က စိတ်ကြီးဝင်နေသော အရိပ်အယောင်နှင့် နှုတ်ခမ်းတွန့်၍ ပြုံးလိုက်၏။ သူ၏ ခန္ဓာကိုယ်၏ ကျန်းမာသန်စွမ်းမှုအား ထုတ်ကြွားလိုက်ရသည့် အလားပင်။
"ရှင်လည်း ဘာမှမဖြစ်ဘူးဆိုတော့ ဒါဆိုရင် ကျွန်မ အရင်ပြန်တော့မယ်"
ကျင်းယွင်ကျောင်းက သူ့အား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"ခွင့်မပြုပါဘူး"
လီရှောက်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်၏။ အဆုံးသတ်၌ သူ၏ လေသံအား ပြတ်သားနေသော လေသံကို ပြန်လျှော့ချလိုက်ပြီး အပြင်ဘက်ရှိ မှောင်မဲနေသော ကောင်းကင်ကြီးအား ညွှန်ပြလိုက်၏။
"ဒီအချိန်မှာ မင်းလို မိန်းကလေးက တစ်ယောက်ထဲ ပြန်တာ မလုံခြုံဘူး။ ကိုယ် တစ်ယောက်ကို မင်းအတွက် အခန်းတစ်ခန်း ဖွင့်ခိုင်းလိုက်မယ်။ ဒါကြောင့် ဒီမှာပဲနေ။ မနက်ဖြန် မနက်ရောက်ရင် ကိုယ် မင်းကို ကျောင်းလိုက်ပို့ပေးမယ်"
သူ့အားကြည့်နေသော ကျင်းယွင်ကျောင်း၏ အကြည့်များက ထူးဆန်းသွားသည်။
သူတို့နှစ်ဦးစလုံးသည် အကြိမ်ရေအနည်းငယ်သာ တွေ့ဖူး၍ အချင်းချင်း ရင်းနှီးသည်ဟုပင် မယူဆနိုင်ချေ။ သူ့ရဲ့ဒီသဘောထားက နည်းနည်းတော့ ထက်သန်လွန်းမနေဘူးလား။ သူမက သူ့မှာရှိတဲ့ ညီမတွေ ဘာတွေနဲ့များ တူနေတာကြောင့်လား။ မဟုတ်မှ...သူ၏ ပျားပိတုန်းများ၊ လိပ်ပြာများ ရေးခြယ်ထားသကဲ့သို့သော မျက်နှာကို ကြည့်ရင်း သူမသည် ချက်ချင်းပင် မသတီစွာ ခံစားလိုက်ရ၏။ ဒါ နွားအိုတစ်ကောင်က မြက်နုစားချင်နေတဲ့ အခြေအနေတော့ မဖြစ်နိုင်ဘူး မဟုတ်လား။
ကျင်းယွင်ကျောင်း၏ စိတ်သည် အသက်ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်အရွယ် ကလေးတစ်ယောက်၏ စိတ်မဟုတ်ပေ။ ဤ မသက်မသာဖြစ်ရသော စိတ်စေတနာကောင်းရှိသည့် အမူအယာများကြောင့်လည်း သူမက အထိခံလိမ့်မည် မဟုတ်ပေ။
လီရှောက်ယွင်က သူမ၏ တိတ်ဆိတ်နေခြင်းကို ပြောစရာစကားမရှိခြင်းဟု မှတ်ယူလိုက်သည်။ သူက လက်လှမ်းလိုက်ပြီး ပြန်ဆွဲခေါ်လိုသော ရည်ရွယ်ချက်ဖြင့် ကျင်းယွင်ကျောင်းအား လှမ်းထိလိုက်၏။
သူ၏ မူလရည်ရွယ်ချက်များသည် လူကြီးလူကောင်းဆန်ကာ ယဥ်ကျေး၍ ကျင်းယွင်ကျောင်းအား ထူးဆန်းသောအရာတစ်ခုခုကို လုပ်ချင်၍ မဟုတ်ပေ။ သူ၏ လက်က သူမ၏ ပခုံးအား ထိလိုက်သော်လည်း သူသည် သူမနှင့် သင့်လျော်သော အကွာအဝေးတစ်ခု၌ ရှိနေဆဲပင်။ ၎င်းက ခပ်ဖွဖွလေး ထိလိုက်ခြင်းသာ ဖြစ်၏။ ထို့အပြင် သူသည် အမျိုးသမီးများနှင့် နီးလွန်းခြင်းကို ဘယ်သောအခါမှ မနှစ်သက်ခဲ့။ သို့သော် ကျင်းယွင်ကျောင်းက ငယ်ရွယ်သေးသည်ဖြစ်ရာ ထိုလုပ်ရပ်တွင် သူ၏ အတွေးများက ထိုသဘောသို့ ဦးတည်သွားခြင်းလည်း လုံးဝ လုံးဝ မရှိ။ ဤသည်က သူ၏ ဘဝ၌ ပထမဆုံးအကြိမ် ထိုသို့ပြုမူဖူးခြင်း ဖြစ်သည်။
သို့သော် ကျင်းယွင်ကျောင်း၏ မျက်လုံးထဲ၌ ၎င်းက လုံးဝခြားနားသော အပြုအမူတစ်ခုဖြစ်သွား၏။
အတိတ်ဘဝ ချောင်မိသားစုနှင့် နေခဲ့ရစဥ်က ချောင်ဝေ့မင်သည်လည်း မရည်ရွယ်ချက် မပါသော အကြည့်တစ်ချက်နှင့် သူမအား မတော်တရော် ပြုမူခဲ့သည်။ လီရှောက်ယွင်၏ ပုံပန်းသွင်ပြင်သည် အလွန်ဆွဲဆောင်မှုရှိသော်လည်း ဤလုပ်ရပ်မျိုးသည် သူမ၏ လုံခြုံမှုရှိသော အကွာအဝေးအား ကျော်လွန်သွားပြီး သူမ၏ အတိတ်မှ ဆိုးဝါးသော အမှတ်တရများအား ပြန်လည်ယူဆောင်လာပေးသည်။ ရုတ်ချည်းပင် သူမ၏ ဗိုက်ထဲမှ ပျို့တက်လာပြီး လီရှောက်ယွင်အား ချက်ချင်း တွန်းဖယ်ပစ်လိုက်တော့၏။ နောက်ထပ် တပြိုက်နက်ပင် သူ၏ ဝမ်းဗိုက်အောက်ပိုင်းသို့လည်း ဒူးဖြင့် တိုက်ပစ်လိုက်သည်။
လီရှောက်ယွင်က သူမထံမှ ဤကဲ့သို့ပြင်းထန်သောတုံပြန်မှုကို အဘယ်မှာ မျှော်လင့်ထားမည်နည်း။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သော်လည်း ကျင်းယွင်ကျောင်း၏ တိုက်ခိုက်မှုက သူ့အား ထိသွားဆဲပင်။ ရုတ်တရက် ဆောင့်တက်လာသော နာကျင်မှုက သူ၏ ခန္ဓာကိုယ်အောက်ပိုင်းရှိ အားအနည်းဆုံးနေရာဆီမှ ချက်ချင်း ပြန့်နှံ့လာ၏။
သူ၏ မျက်နှာက ရုတ်ချည်း မဲမှောင်သွားပြီး နားမလည်နိုင်သော အမူအယာဖြစ်သွားသည်။ သူက ကျင်းယွင်ကျောင်းအား ကြည့်ရန် ပြန်သွားလိုက်သော်လည်း သူမသည် ထျန်းရှန်းလော်၏ တံခါးများကိုဖြတ်၍ အပြင်ဘက် တဟုန်ထိုးထွက်သွားကာ အကြိမ်ရေ အနည်းငယ်မျှ ခပ်ခြောက်ခြောက် အန်နေ၏။ သူမ၏ ရွံရှာနေသော အမူအယာက သေချာပေါက် အတုအယောင် မဟုတ်ပေ။
လီရှောက်ယွင်၏ မျက်နှာအမူအယာက သူ မတူထူးကဲစွာ စိတ်ဝင်စားသွားပုံရပြီး သူတို့၏ နောက်ရှိ စားပွဲထိုးတစ်စုမှာမူ အံသြထိတ်လန့်နေကြသဖြင့် လှုပ်တောင် မလှုပ်နိုင်ကြပေ။ သီးသန့်ဆန်ပြီး ထိကိုင်၍မရသော ကောင်းကင်ကြီးနှင့်တူသည့် လီရှောက်ယွင်က နာကျင်နေသော်လည်း ဝန်မခံချင်သည့် အမူအယာကို ထုတ်ပြမိနေသဖြင့် သူတို့သည် တစ်ချိန်တည်းမှာပင် ရယ်ရမလို၊ ငိုရမလို ဖြစ်နေကြသည်။
ရယ်ချင်ရသည့်အကြောင်းအရင်းမှာ သူတို့ဘော့စ်၏ လက်ရှိအမူအယာက အလွန်ချစ်စရာကောင်းနေသောကြောင့်ပင်။ သို့ရာ၌ သူတို့အား ငိုချင်စေသည့် အကြောင်းမှာ သူတို့ဘော့စ်၏ အမူအယာနှင့် ပျို့အန်နေသည်အား အမှန်တကယ်ပင် မြင်သွားသူအချို့ရှိသောကြောင့်ပင်ဖြစ်သည်။