Chapter 134 : အမှောင်ထဲ၌ စမ်းတဝါးဝါး
ထိုအခိုက်တွင် သူမ၏ စိတ်ထဲ၌ ကြီးစိုးနေသော အတွေးမှာ ချောင်ဝေ့မင်၏ လက်သရမ်းသော မြင်ကွင်းများသာဖြစ်၏။ အထူးသဖြင့် သူသေသောနေ့က ဖြစ်ပျက်ခဲ့သည်များကိုပင်။ ထိုလက်တစ်စုံက သူမရှေ့၌ ဘယ်ညာလှုပ်ရှားနေပြီး သူ၏ ရမ္မက်ဇောကပ်နေသော မျက်နှာက သူမအား ပို၍ ပျို့အန်စေသည်။ ချောင်ဝေ့မင် သွေးအိုင်ထဲ၌ လဲကျနေကာ ထပ်ပြီး ထ,မလာနိုင်တော့သည့် ပုံရိပ်အား မြင်မှသာ သူမ ပို၍ ခံစားရသက်သာလာ၏။
ကျင်းယွင်ကျောင်းက ရုတ်တရက် သူမကိုယ်သူမ အမှန်တကယ်ပင် အတော်လေး သွေးဆာနေသော လူတစ်ယောက်ဟု ခံစားလိုက်ရသည်။ လတ်ဆတ်သောသွေးများအကြောင်းကို တွေးလိုက်ပါက အနည်းဆုံးတော့ သူမ၏ ခံစားချက်များက ထွက်ပေါက်တွေ့သွားသလို ခံစားရ၏။ များများတွေးပါက သူမသည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။
သူမက ခဏမျှ အမောဖြေနေ၍ စိတ်များ ပြန်လည်တည်ငြိမ်လာပြီးနောက် အပြစ်ကင်းစင်စွာဖြင့် တစ်ချက်ငေးမောကြည့်လိုက်ကာ သူမ၏ ပါးစပ်ကို သုတ်လိုက်၏။
သူမသည် လီရှောက်ယွင်ကဲ့သို့သော လူတစ်ယောက်အား ကြည့်ရုံနှင့်ပင် ဤကဲ့သို့သော တုံ့ပြန်မှုများ ရှိနေရာ အနာဂတ်၌ ပို၍ ဆိုးဝါးလာလိမ့်မည်လား။
ယခုအချိန်၌ ကျေးဇူးတင်ရမည်မှာ သူမသည် ဆယ့်ခြောက်နှစ်ပင် မပြည့်သေးခြင်းပင်။ သူမ၏ အထက်မှ တိုက်တွန်းမည့် လူကြီးမိဘများလည်း သူမတွင် မရှိပေ၊ သူမသည် ယောက်ျားတစ်ယောက် မရှာခဲ့လျှင်တောင် ဤဘဝ၌ ကောင်းမွန်စွာ နေထိုင်နိုင်နေဆဲပင်။
ကျင်းယွင်ကျောင်း ဤအကြောင်းကိုသာ တွေးတောနေစဥ် သူမ၏ နောက်ဘက် သိပ်မဝေးသော နေရာမှ သူမအား ကြည့်နေသော ယောက်ျားတစ်ယောက်ရှိသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။ သူမသည် သူမ၏ နောက်၌ ဖြစ်ပျက်နေသည်များကို မမြင်ချင်ယောင်ဆောင်လိုက်ကာ သူမ၏ မြင်ကွင်းထဲသို့ မောင်းလာသော တက္ကစီလေးတစ်စီးကို မြင်လိုက်သည်နှင့် ချက်ချင်းပင် လက်ပြ၍ တားလိုက်တော့၏။ သူမ၏ နောက်မှ စိုက်ကြည့်နေသော အကြည့်များကို မခံစားမိသည့်အလား သူမ၏ စိတ်ကို သူမပြင်ဆင်၍ ထွက်သွားတော့သည်။
လီရှောက်ယွင်၏ နှုတ်ခမ်းများက ခပ်တင်းတင်းဖြစ်သွား၏။ ခုနက ကျင်းယွင်ကျောင်း၏ တိုက်ခိုက်မှုများသည် သူ့ကို ပြင်းပြင်းထန်ထန် အသားမနာစေပေ၊ နာကျင်မှုက လျော့ပါးသက်သာသွားပြီဖြစ်၏။ သို့သော် သူ၏ နှလုံးသားကတော့......
လီရှောက်ယွင်၏ ခံစားချက်များက ရှုပ်ထွေးနေသည်။ သို့သော် သူ၏ အပြင်ပန်းပုံစံသည် မည်သည်ခံစားချက်ကိုမှ မဖော်ပြဘဲ ဓါတ်လှေကားထဲသို့ ဝင်သွားလေ၏။
ထို့နောက် ဝန်ထမ်းများက ချက်ချင်းစုဝေးသွားကြတော့သည်။
"ဘော့စ်က အရမ်းသနားစရာကောင်းတာပဲ။ သူ သေလောက်အောင် နာကျင်နေပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ချင်နေသေးတယ်"
ဝန်ထမ်းကျားက လီရှောက်ယွင် ထွက်သွားရာဘက်သို့ ကရုဏာသက်စွာ စိုက်ကြည့်နေသည်။
"ငါတို့ရဲ့ဘော့စ်က ဓါတ်လှေကားထဲမှာတော့ နာလွန်းလို့ လူးလိမ့်မနေလောက်ဘူး မဟုတ်လား"
ဝန်ထမ်းယီက မနေနိုင်တော့ဘဲ မေးလိုက်၏။
သို့သော် သူတို့စိတ်ထဲ၌ စိတ်ကူးယဥ်ကြည့်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များက ချမ်းစိမ့်သွားပြီး မတုန်လှုပ်ဘဲ မနေနိုင်ချေ။ အကယ်၍ သူတို့၏ဘော့စ်ကဲ့သို့ လူများနှင့် မိုင်တစ်ထောင်ခန့် ခြား၍ နေသောသူက ဤကဲ့သို့သော ကိစ္စမျိုးကို အမှန်တကယ်သာ လုပ်ခဲ့ပါက ၎င်းသည် လူတစ်ယောက်အား ကြောက်လွန်းလို့ သေသွားစေနိုင်သည်။
"တကယ်လို့ မင်းတို့တွေ လူတစ်ယောက်အကြောင်းကို ပြောချင်တယ်ဆိုရင် အဲဒါက ခုနက ခွန်အားရှိတဲ့ ကျောင်းသူလေးအကြောင်းပဲ ဖြစ်သင့်တယ်။ ခုနတုန်းက ကန်ချက်က တအားကို မိုက်လွန်းတယ်"
ဝန်ထမ်းပင်းက ကျင်းယွင်ကျောင်း၏ သတ္တိစွမ်းရည်များကြောင့် ကျရှုံးသွားပုံပင်။
(T/N: ဒါက သူတို့ရဲ့နာမည်အရင်းတွေ မဟုတ်ပါဘူးနော်။ 'ကျား၊ယီ၊ပင်း၊တင်း' အဲလို ကာရန်လေးနဲ့ လိုက်ပြီး ခေါ်လိုက်တဲ့သဘောပါ၊ အေ၊ဘီ၊စီ၊ဒီ လို့ အစဥ်လိုက် ခေါ်သလိုမျိုး။ )
ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည်လည်း ချောင်းမဆိုးဘဲ မနေနိုင်ခဲ့ချေ။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေ၏။
ထျန်းရှန်းလော်ရှိ လူများက သူမ၏ အကြောင်းကို သေချာပေါက် ဆွေးနွေးနေကြမည်ဖြစ်သည်။ သူမသည် ထိုနေရာမှ ဝေးဝေးနေရန် လိုအပ်သည့်ပုံပင်။ သူမက သူတို့၏ဘော့စ်ကို အပြစ်ပြုမိခဲ့၏။ ထို့ကြောင့် အနာဂတ်၌ သူမ မှာသော အစားအသောက်ထဲတွင် "အပိုပါဝင်ပစ္စည်းများ" ပါနေမည်လား၊ မပါဘူးလားဆိုသည်ကို မည်သူသိမည်နည်း။
(T/N : တံထွေးထွေးထည့်တာတို့၊ ဝမ်းနှုတ်ဆေးတို့ဘာတို့ ခတ်မှာစိုးလို့ 😂)
သံသယကို ပျောက်စေနိုင်သည့် တစ်ခုတည်းသောကိစ္စမှာ သူမ ယနေ့ရရှိခဲ့သည့် တစ်စုံတစ်ခု ဖြစ်၏။ လီရှောက်ယွင်အတွက်မူ သူမသည် ယနေ့မှစ၍ သူနှင့် ပို၍ ဝေးဝေးနေရန် လိုအပ်သည်။ ဤကဲ့သို့ဖြစ်ပြီးနောက် သူသည်လည်း သူမအား ထပ်၍ မမြင်ချင်တော့လောက်ဟု သူမ ခန့်မှန်းလိုက်၏။
ကျင်းယွင်ကျောင်းသည် ဝမ်ရှင်းဟွားယွမ့်သို့ ပြန်လာပြီးနောက် သူမ၏ နေရာလွတ်နယ်မြေထဲသို့ ချက်ချင်းဝင်လိုက်၍ ဝိညာဥ်ကျောက်စိမ်းအပိုင်းကို ဆက်၍စုပ်ယူလိုက်သည်။ ဤသို့ဖြင့် ဒုတိယမြောက် ဝိညာဥ်ကျောက်စိမ်းအပိုင်းကို တစ်ညတည်းနှင့်ပင် စုပ်ယူပြီးစီးသွား၏။ သူမ၏ အရှိန်သည်လည်း ယခင်ကထက်ပို၍ သိသိသာသာ မြန်ဆန်လာသည်။
နောက်နေ့မနက်တွင် သူမသည် လုပ်ရိုးလုပ်စဥ်အတိုင်း ကျောင်းမသွားမီတွင် သူမ ငှားထားသော ခြံသို့ ပထမဆုံး သွားလိုက်၍ တုလင်းလိုချင်သော ပါဝင်ပစ္စည်းအသီးအနှံများအားလုံးကို ပြင်ဆင်လိုက်၏။
ဤပါဝင်ပစ္စည်းများအား သူမငှားရမ်းထားသော ကားဒရိုင်ဘာက တိုက်ရိုက် ပို့ဆောင်ပေးသည်။ ဤဒရိုင်ဘာသည်လည်း ရက်အနည်းငယ်ခန့် အတွေ့အကြုံရှိပြီးဖြစ်သဖြင့် အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်နိုင်၏။ ထို့အပြင် သူ၏ အကျင့်စရိုက်မှာလည်း ရိုးရှင်း၍ ရိုးသားသည်၊ ဖြောင့်မှန်သည်၊ ထို့ကြောင့် ကျင်းယွင်ကျောင်းက ထပ်မံ၍ တုလင်းအား သူမ၏ ပစ္စည်းပို့သောနေရာကို သူနှင့် အစား ထိုးကာ သဘောတူစာချုပ်,ချုပ်ရန် ပြောခဲ့သည်။ သူက သူမ၏ ထုတ်ကုန်များအား အလွဲသုံးစားလုပ်မည်ကိုလည်း မကြောက်မိပေ။
ထို့နောက် ကျင်းယွင်ကျောင်းသည် ကျောင်းသို့ ရောက်သည်နှင့် ရှောင်ဟိုင်ချင်းထံမှ ဆီးဖမ်းခံလိုက်ရပြီး ရှောင်ဟိုင်ချင်းက သူမအား ချောင်ဟုန်ယဲ့ ဆရာမဆီမှ ပျက်ကွက်ခွင့်တစ်ရက်ယူသွားသည့်အကြောင်း ပြောပြလာသည်။
"နင်က ဒီမှာမရှိတော့ မမြင်လိုက်လို့၊ ချောင်ဟုန်ယဲ့ရဲ့ အဖြူရောင်ဂါဝန်တစ်ခုလုံးက အမည်းရောင်ဖြစ်လုနီးပါးပဲ။ သူ့ရဲ့ခြေထောက်က ဒဏ်ရာအကြီးကြီးနဲ့၊ မျက်နှာကလည်း ခရမ်းရောင်ပေါက်နေတာ။ သူရဲ့မျက်လုံးတွေက ကြောင်စီစီဆိုတော့ အရူးနဲ့တောင် တူတယ်။ သူ ဘာလို့ အရမ်းနောက်ကျမှ အပြင်ထွက်သွားတယ်ဆိုတာ ဘယ်သူမှတောင် မသိဘူး"
ရှောင်ဟိုင်ချင်းက ထိုမြင်ကွင်းအား ပြန်ပြောပြနေရင်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
ကျင်းယွင်ကျောင်းက အစပိုင်း၌ အံ့သြသွားပြီးမှ ရုတ်တရက် ထရယ်လိုက်၏။ မနေ့ညက ချောင်ဟုန်ယဲ့သည် အမှောင်ထဲ၌ စမ်းတဝါးဝါးဖြင့် တစ်ယောက်တည်း အချိန်အကြာကြီး လမ်းလျှောက်ခဲ့ရသည်ဟု သူမ လက်ခံပေးလိုက်ရမလား။