Chapter 135: စောဒတက် တိုင်တန်းခြင်း
ကျင်းယွင်ကျောင်းသည် ထိုကိစ္စကို ဖြစ်စေခဲ့သော်လည်း ချောင်ဟုန်ယဲ့မှာမူ တစ်ယောက်တည်း လမ်းအကြာကြီး လျှောက်ခဲ့ရပြီး နောက်နေ့ မနက် အရုဏ်တက်မှ ပြန်ရောက်လာသည်အား သူမ မသိခဲ့ပေ။
ထိုနေရာသည် လူသူကင်းမဲ့၍ ပတ်ဝန်းကျင်၌လည်း ရွံ့ဗွက်များထူထပ်နေသော လမ်းများမှလွဲ၍ အခြားမရှိ၊ လမ်းအချက်ပြ ဆိုင်းဘုတ်လေးတစ်ခုကိုပင် ရှာတွေ့ရန် လုံးဝမဖြစ်နိုင်ချေ။ ချောင်ဟုန်ယဲ့သည် ရွေးခြယ်စရာမရှိသောကြောင့် သူမကိုယ်သူမ စိတ်ကိုပြင်ဆင်အားတင်း၍ ရှေ့သို့ဆက်၍ လမ်းလျှောက်လာခဲ့ရသည်။ အကယ်၍ သူမ ရပ်လိုက်ပါက အဖြူရောင်စက္ကူစများ တလွင့်လွင့် ပြန့်ကျဲနေသည့် လမ်းဘေးရှိ အုတ်ဂူအထိမ်းအမှတ်တိုင်များဆီမှ တိုက်ခတ်လာသည့် နိမိတ်မရှိသော လေပြေများကို ခံစားမိလိမ့်မည်။ လေတိုးသံများက သူမ၏ အရေပြားအား တိုးဝှေ့နေကြသည်။ သူမ ကြာကြာမနေရဲပေ။
စင်စစ် သူမသည် မိန်းကလေးငယ်လေးတစ်ဦးသာ ဖြစ်နေသေးသည်။ သူမ ငယ်စဥ်ကတည်းက ကာယချိန်များတွင် ပါဝင်ခဲ့သည်ကလည်း အလွန်နည်းပါး၏။ ထို့ကြောင့် သူမ၏ လမ်းလျှောက်နှုန်းကလည်း အလွန်နှေးကွေးသည်။
အထူးသဖြင့် သူမ ပို၍လမ်းလျှောက်လေလေ ပိုပင်ပန်းလာလေလေပင်။ အဆုံး၌ သူမသည် လမ်းလျှောက်နေသော်လည်း ထပ်ခါထပ်ခါ ရပ်တန့်နေရသည်။ ကောင်းကင်ကြီးက မှောင်မဲနေသောကြောင့်လည်း အကြိမ်များစွာ ခလုတ်တိုက်ခဲ့၏။ နေအလင်းရောင် ထွက်ပေါ်လာမှသာ အရာအားလုံးက ပို၍ ထင်ထင်ရှားရှား ဖြစ်လာပြီး ကြင်နာတတ်သော ကားသမားတစ်ဦးက သူမအား ကျောင်းသို့ လိုက်ပို့ပေးခဲ့၍ ထိုအချိန်ကျမှ ချောင်ဟုန်ယဲ့က သူမသည် ဆန့်ကျင်ဘက်အရပ်သို့ လမ်းလျှောက်နေခဲ့မိကြောင်း သိတော့သည်။ သူမသည် အော့အန်၍ မူးမေ့သွားချင်သလို ခံစားလိုက်ရ၏၊
သူမအတွက် ကံဆိုးသည်မှာ တစ်ညလုံး လေအေးများနှင့် ထိတွေ့ခဲ့ရပြီး ကြောက််ရွံ့ထိတ်လန့်နေခဲ့သောကြောင့် သူမ ကျောင်းသို့ ရောက်သောအခါ အပြင်းဖျား ဖျားတော့သည်။ ယခုအချိန်၌ သူမသည် ကျောင်းဆေးခန်းထဲ၌ အနားယူနေရ၏။
အစပိုင်း၌ ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့သည် မုန်းစရာကောင်းသော်လည်း စင်စစ် သူမသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည်ဟု တွေးခဲ့သည်။ အတိတ်ဘဝ၌ သူမ ဖြတ်သန်းခဲ့ရသည့် ခါးသီးမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ချောင်ဟုန်ယဲ့သာ ပို၍ လိမ္မာပါးနပ်လာလျှင် သူမသည် သူတို့ဖြစ်ခဲ့သော ကိစ္စများကို ပျော်ပျော်ကြီး ချန်ထားခဲ့ကာ သူမနှင့် ထပ်ပြီး ပတ်သတ်တော့မည်မဟုတ်ပေ၊ သို့သော် ချောင်ဟုန်ယဲ့က သူမကိုယ်သူမ ကျင်းယွင်ကျောင်း၏ တံခါးဝသို့ အရောက်ပို့ခဲ့သည်။
ကျင်းယွင်ကျောင်းသည် မည်သူကိုမှ အန္တရာယ်မပြုချင်ခဲ့။ သို့သော် သူမသည် အခြားသူများက သူမအား အကွက်ချကြံစည်မည်အား ထိုင်စောင့်နေရန်လည်း ဆန္ဒမရှိချေ။ ချောင်ဟုန်ယဲ့၏ ကလိမ်ကကျစ်ကျသော စရိုက်သည် ပြောင်းလဲရန် ခက်ခဲသည်ဖြစ်ရာ ယခုအချိန်မှစ၍ သူမ ရင်ဆိုင်ရသော မည်သည့်အခက်အခဲပင်ဖြစ်စေ ထိုသည်က သူမဆီသို့ သူမကိုယ်တိုင် ယူဆောင်လာခြင်းပင်။ ယခင်ကသာ ဤကဲ့သို့ ဖြစ်ပါက ဘီခန်းမှ ကျောင်းသားများသည် သူမဆီသို့ အုပ်စုလိုက် ကောက်ခါငင်ကာ လူမမာ လာမေးကြမည်ဖြစ်သော်လည်း ဤတစ်ကြိမ်၌မူ သူတို့ ဤသို့မလုပ်ကြတော့။ လူတိုင်းနီးပါးက သူမအား မြွေတစ်ကောင်၊ ကင်းတစ်ကောင်ကဲ့သို့ ရှောင်ရှားနေကြသည်။
သူမ၏ အဖျားက ဆိုးလွန်းလှသည်ဖြစ်ရာ သူမအား ကျောင်းဆေးခန်းသို့ ပို့ပြီး တစ်ရက်ကြာသွားပြီးသည့်တိုင် ပြန်ကောင်းမလာသေးချေ။ ကျောင်းက သူမ၏ အခြေအနေမကောင်းသည်အား မြင်သွားရာ ဆေးရုံသို့ တိုက်ရိုက်ပို့လိုက်တော့သည်။
သို့သော် ဉာဏ်အလင်းမပွင့်သေးသည့် လက်တစ်ဆုပ်စာ လူတစ်စုတော့ ကျန်ရှိနေသေး၏။
ဥပမာ၊ အေခန်းမှ ကျန်ရှဖြစ်သည်။
ကျင်းယွင်ကျောင်းက ပညာမပေးသည်မှာ အချိန်တစ်ခုကြာသွား၍ ဖြစ်နိုင်၏။ ကျန်ရှ၏ ပင်ကိုစရိုက်က ပြန်လည်ထွက်ပေါ်လာသည်။ သူက အရာအားလုံးသည် ကျင်းယွင်ကျောင်း၏ အမှားဟု ဆက်တွေးနေသေး၏။
ထိုနေ့၌ပင် ကျန်ရှသည် သူ၏ မုန့်ဖိုးဖြင့် ပန်းစည်းတစ်စည်းဝယ်၍ ဆေးရုံသို့ အပြေးအလွှားသွားတော့သည်။
အထဲ၌ ချောင်ဝေ့မင်က ဒေါသထွက်နေသော အမူအယာဖြင့် ချောင်ဟုန်ယဲ့အား မျက်မှောင်ကြုံ့၍ ကြည့်နေ၏။
ဤကလေးမသည် အမှန်တကယ်ပင် ခွင့်လွှတ်ချင်စရာ မဟုတ်ပေ။
သူမ ဖြစ်နေသည်မှာ သာမန်အဖျားတစ်ခုသာဖြစ်၍ သေစေနိုင်လောက်သည့် ရောဂါလည်း မဟုတ်။ ဘယ်နေရာ၌မဆို သူမ အနားယူနိုင်သည်။ သို့သော် ယခုအခါ အိပ်ယာခလည်း ပိုက်ဆံကုန်၏။ ဆေးသွင်းခလည်း ပိုက်ဆံကုန်၏။ အစားအသောက်အတွက်လည်း ပိုက်ဆံကုန်၏။ ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် ပိုက်ဆံကို မည်သို့ဖြုန်းတီးရမည်မှန်း သိနေပြီဖြစ်ရာ အနာဂတ်မှာသာ ဆိုရင်ရော။
ချောင်ဝေ့မင်က ယနေ့အထိ ဂျင်ဆင်း၏ အကြောင်းကို တွေး၍ သတိရနေဆဲပင်။ ညစဥ် ညတိုင်း အိပ်ချိန်ရောက်လျှင် ကျင်းယွင်ကျောင်းက ထိုဂျင်ဆင်းအား တစ်ကိုက်ချင်း မြိုချနေသည်ကို သူ မြင်ယောင်နေ၏။ ယခုအချိန်၌ ပိုက်ဆံကုန်ကျသည့် ခေါင်းစဥ်များက များလာသည်ဖြစ်ရာ သူသည် တစ်ကိုယ်လုံး နေရာအနှံ့ နာကျင်သလို ခံစားနေရသည်။
ကျန်ရှက မျက်နှာပေါ်၌ ရိုသေလေးစားသော အမူအယာဖြင့် အခန်းတံခါးဖွင့်၍ ဝင်လာ၏။ သူသည် ချောင်ဝေ့မင်၏ အကြင်နာတရားကင်းမဲ့နေသော အမူအရာကို လုံးဝ မမြင်လိုက်နိုင်ပေ။
"ချောင်ဟုန်ယဲ့၊ ငါ နင့်ဆီကို ငါတို့အတန်းကိုယ်စား လူမမာ လာမေးတာ။ နင် မကြာခင် နေကောင်းလာဖို့ မျှော်လင့်ပါတယ်"
ကျန်ရှက ပြုံး၍ ပန်းစည်းကို ကမ်းပေးလိုက်သည်။
ချောင်ဝေ့မင်က မျက်မှောင်ကြုံ့လိုက်၏။ သူက အတန်းတစ်တန်းလုံးကို ကိုယ်စားပြုတာတောင် ပန်းစည်းလေးတစ်စည်းပဲ ယူလာတာလား။
သို့ရာတွင် သူသည် သူ၏ ဒေါသများအား အပြင်လူတစ်ယောက်အပေါ်၌ ဖွင့်ထုတ်လိုက်သည်အထိတော့ ဂယောက်ဂယက် ဖြစ်မနေသေးပေ။ သူက သဟဇာတဖြစ်အောင် ကြိုးစားလိုက်သော်လည်း သူ၏ သမီးဖြစ်သူသည် ဘီခန်းမှ ဖြစ်ကြောင်းကို တွေးမိလိုက်၍ မနေနိုင်ဘဲ မေးလိုက်သည်။
"ယဲ့အာ၊ ငါ ဘာလို့ နင့်ရဲ့အတန်းဖော်တွေ တစ်ယောက်မှ နင့်ဆီ သတင်းလာမေးတာကို မမြင်ရသေးတာလဲ"
ချောင်ဟုန်ယဲ့က ဆေးရုံကုတင်ပေါ်၌ လဲလျောင်းနေပြီး သူမ၏ မျက်နှာက ဖြူဖျော့နေ၏။
သူမ ရှင်းပြရန် ဟန်ပြင်နေစဥ်မှာပင် ကျန်ရှ၏ ရယ်သံကို ကြားလိုက်ရ၏။
"ဒါတွေအားလုံးက ကျင်းယွင်ကျောင်းကြောင့်ပဲ မဟုတ်လား။ ဦးလေး၊ ဦးလေးလည်း သူ့ကို ထိထိရောက်ရောက် ဆုံးမသင့်တယ်ဗျ။ သူက ဘာလို့ ချောင်ဟုန်ယဲ့ကို ဆက်ပြီးတော့ အနိုင်ကျင့်နေရတာလဲ။ ဒီရက်တွေမှာ ကျောင်းက လူတွေက ချောင်ဟုန်ယဲ့ရဲ့ စရိုက်နဲ့ပတ်သတ်ပြီး ဆိုးဆိုးဝါးဝါးတွေပဲ ပြောနေကြတာ၊ ပြီးတော့ သူတို့က သူ့ကို ဝိုင်းကြဥ်ထားကြတယ်လေ။ ဘယ်လောက် ရှင်းပြနေနေ ဘယ်သူမှ နားမဝင်ဘူး။ အိုး...ဟုတ်သားပဲ၊ သူ့ရဲ့ထိုင်ခုံကို နည်းလမ်းပေါင်းစုံနဲ့ အနောက်ကို ပြန်ဆွဲပို့နေကြတာကလည်း သူ့ရဲ့အဆင့်တွေအပေါ် ဆိုးဆိုးဝါးဝါး လွှမ်းမိုးမှု ဖြစ်သွားသေးတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က စာမေးပွဲမှာဆိုရင် သူက အတန်းထဲမှာတောင် အဆင့်က တစ်ဆယ်အောက်ကိုရောက်သွားတာလေ"