Chapter 136 : အလဟဿ ပိုက်ဆံဖြုန်းတီးခြင်း
ကျန်ရှ၏ မူလရည်ရွယ်ချက်များမှာ အမှန်တကယ်ပင် အလွန်ရိုးရှင်းသည်။ ချောင်ဟုန်ယဲ့၏ ပြဿနာများကို ဦးလေးချောင်အား ပြောပြလျှင် သူသည် သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်သွားပြီး ကျင်းယွင်ကျောင်းအား ပြဿနာသွားရှာပေလိမ့်မည်။
ကျင်းယွင်ကျောင်း မည်မျှပင် ခွန်အားရှိသည်ဖြစ်စေ သူမသည် လူကြီးသူမများ၏ စကားကိုတော့ နားထောင်ရမည် မဟုတ်လား။
ထိုအခါကျမှ အလိုအလျောက် သူ့ဟာနှင့်သူ ပြန်ဖြစ်သွားကာ သူမက တောင်းပန်ပြီး ချောင်ဟုန်ယဲ့၏ ကောလဟာလများကို ရှင်းလင်းပေးလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့ သူ သဘောကျသည့် နတ်ဘုရားမသည် မည်သည့်မှားယွင်းစွပ်စွဲမှုကိုမှ ထပ်မံ၍ ခံစားရတော့မည်မဟုတ်ပေ။
သို့သော် သူသည် ချောင်ဝေ့မင်အား နားမလည်ခဲ့။
သူ့အတွက် သမီးတစ်ယောက်ဆိုသည်မှာ နှလုံးသား၏ ဘေးတွင်ထားရမည့် ဂွမ်းထိုးအနွေးထည်လေးတစ်ထည်နှင့် လုံးဝမတူပေ။ အလဟဿ ငွေဖြုန်းတီးမှုတစ်ခုသာ ဖြစ်၏။ ကျန်ရှပြောသည်အား နားထောင်ပြီးနောက် ဘီခန်းမှ ကျောင်းသားများ ချောင်ဟုန်ယဲ့ဆီသို့ သတင်းလာမမေးသည်မှာ သူမက ထိုလူစု၏ ဒေါသကို ရန်စထား၍ ဖြစ်ကြောင်းကို ချောင်ဝေ့မင် ခန့်မှန်းမိသွားသည်။ သူမ၏ အတန်းဖော်များနှင့် ဆက်ဆံရေးမကောင်းတော့သည့်အပြင် အဆင့်များလည်း ကျသွား၏။
သူမ ငယ်စဥ်ကတည်းက သူသည် သမီးဖြစ်သူအား အခြားကျောင်းသားများနှင့် ဆက်ဆံရေးကောင်းအောင် နေရန် သွန်သင်ထားခဲ့သည်။ အကြောင်းမှာ သူမသည် တစ်ယောက်ယောက်ကို အပြစ်ပြုမိကာ ဘက်ပေါင်းစုံမှ ဘေးအန္တရာယ်များအား ဖိတ်ခေါ်မိမည်ကို သူကြောက်သောကြောင့်ပင်။ တစ်နည်းအားဖြင့်ဆိုရလျှင် သူမ၏ ရုပ်ရည်နှင့် အရှိန်အဝါသည် အမှိုက်တစ်ခုသာ ဖြစ်၏။ သူမသည် ဆက်ဆံရေးကောင်းအောင် မလုပ်ရုံသာမက ဤအခြေအနေသို့ပင် ရောက်သွားလိမ့်မည်ဟု မည်သူကထင်မိမည်နည်း။
ဤသို့ဖြင့် သူ ထိန်းချုပ်ထားသော ဒေါသများက တဟုန်ထိုး ပေါက်ကွဲထွက်လာ၏။ ချောင်ဝေ့မင်သည် ဟန်ဆောင်ပန်ဆောင် လုပ်ရန်ပင် စိတ်မပါတော့ချေ။ သူက လက်လှမ်း၍ ပန်းများကို ဆွဲလုလိုက်ပြီး ဘေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူသည် ချောင်ဟုန်ယဲ့၏ လက်မှ ဆေးပုလင်းချိတ်ထားသော အပ်ကို ဆွဲဖြုတ်ပစ်လိုက်ပြီး သူမအား ကြမ်းတမ်းစွာ ဆွဲချလိုက်၏။
"ဆင်းစမ်း"
"အဖေ၊ အဖေ ဘာလုပ်တာလဲ။ ကျွန်မ ကြောက်လာပြီ"
ချောင်ဟုန်ယဲ့က ငိုကြွေးနေပြီး စိတ်အတွင်းကမူ ကျန်ရှအား အလွန်မုန်းတီးနေကာ သူသေသွားပါစေဟုပင် ဆုတောင်းနေသည်။
ဤကျန်ရှသည် ဤနေရာသို့ သူမအား လျှို့ဝှက်ဒုက္ခပေးရန် လာသည်မှာ အသေအချာပင်။ သူမကို အန္တရာယ်ပေးချင်နေသည့် ကျင်းယွင်ကျောင်းက သူ့အား လာဘ်ထိုး၍ လွှတ်လိုက်ခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်၏။
"လွှတ်လိုက်"
ထိုအခိုက်မှာပင် သူတို့သည် လှပသိမ်မွေ့သော ရုပ်ရည်နှင့် မိန်းကလေးတစ်ယောက် လူနာခန်း၏ တံခါးကို ဖြတ်၍ အထဲသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ နောက်၌ ချမ််းသာကြွယ်ဝသော အမျိုးသမီးတစ်ယောက် ပါလာ၏။
ချောင်ဝေ့မင်သည် ခဏမျှ ကြောင်သွားသည်။ သူ့၌ လူများကို ကောင်းစွာ အကဲဖြတ်နိုင်သော မျက်လုံးရှိ၍ သူ၏ ဗီဇသိစိတ်က သူ့အား ဤသားအမိနှစ်ယောက်သည် သာမန်လူမဟုတ်ကြောင်း ပြောပြနေ၏။ သူတို့က ချောင်ဟုန်ယဲ့၏ဘက်မှ ကူပြောပေးရန် ဆန္ဒရှိနေသည်ဖြစ်ရာ သူမအား အနည်းငယ် မျက်နှာသာ ပေးလိုက်သည်က ပိုကောင်းပေမည်။
သူတို့သည် ထိုမိန်းကလေးက ချောင်ဟုန်ယဲ့ဆီသို့ ပြေးသွားသည်အား စောင့်ကြည့်နေ၏။
"ချောင်ဟုန်ယဲ့၊ နင် အဆင်ပြေရဲ့လား"
"နင်လား"
ချောင်ဟုန်ယဲ့က အံ့သြထိတ်လန့်သွားသည်။ သူမ ပြန်ပေးဆွဲခံရ၍ လမ်းဘေး၌ စွန့်ပစ်ခံခဲ့ရသည့်နေ့က ဤမိန်းကလေး၏ မိဘများသည် သူမအား ကယ်တင်ခဲ့၏။
ထိုနေ့သည် သူမ အားအနည်းဆုံး၊ အပျော့ညံ့ဆုံးနေ့ဖြစ်၍ ထိုသနားစရာကောင်းသော ပုံရိပ်ကို ဖြတ်ထုတ်ပစ်လိုက်ချင်သည်။ ရိုးရိုးသားသား ပြောရလျှင် သူမသည် ထိုမိန်းကလေးအား ဘယ်တော့မှ ထပ်မတွေ့ချင်တော့ပေ။ သို့သော် ယခုအချ်ိန်၌ ထိုမိန်းကလေးက သူမ၏ ရှေ့၌ ရုတ်တရက် ပေါ်ထွက်လာသောအခါ သူမ, မပျော်ရွှင်ပေ။
ဤမိန်းကလေးသည် အနည်းငယ် ဟိတ်ဟန်များ၏။ သူမသည် ခေါင်းအစ ခြေအဆုံး ဘရန်းဒက်ပစ္စည်းများဖြင့်သာ ဖုံးအုပ်ထား၍ သူမ၏ ဆံပင်ကိုလည်း ခပ်ပုံ့ပုံ့ ထုံးဖွဲ့ထားသည်။ ချောင်ဟုန်ယဲ့အား ကုတင်ပေါ်သို့ ပြန်တင်ပေးရင်း သူမက ပြောလာ၏။
"ဒီနေ့ ငါတို့ ဟွားနင်ခရိုင်ကို လာတာက ငါ့ရဲ့ကျောင်းပြောင်းစာရွက်စာတမ်းတွေအတွက် လာဆွေးနွေးတာလေ။ တနင်္လာနေ့ကျ အခန်းတွေကို ပြန်စီစဥ်မှာဆိုတော့ နင် ငါနဲ့ တစ်တန်းတည်း နေချင်လား"
သူမသည် ဟွားနင်ခရိုင်သို့ ရောက်ခါစဖြစ်၍ နေရာဒေသကို ကျွမ်းကျွမ်းကျင်ကျင် နားမလည်သေးပေ။ မတော်တဆ တိုက်ဆိုင်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမသည် ချောင်ဟုန်ယဲ့နှင့် တွေ့ခဲ့သည်။ သူမအတွက် ပတ်ဝန်းကျင်အကြောင်းကို မေးမြန်းရန် ချောင်ဟုန်ယဲ့အား အနားတွင်ထားရလျှင်လည်း မဆိုးပေ။
ချောင်ဟုန်ယဲ့က အံ့သြထိတ်လန့်သွားပြီး မနာလိုဖြစ်သွားပြန်သည်။
ဤမိန်းကလေးသည် ခုနကမှ သူမအား ကူညီထားသည် ဖြစ်သော်လည်း သူမသည် ဤမိန်းကလေး၏ ရှေ့၌ နှစ်ကြိမ်ခန့် ဂုဏ်သိက္ခာကျသွားပြီးဖြစ်၏။ အနာဂတ်၌ အတူပြန်ရှိရန် သူမအတွက် ခက်ခဲသည်က သဘာဝပင်။ အဓိက အချက်မှာ သူမ၏ ဖခင်က ပိုက်ဆံလှူခဲ့သောကြောင့် သူမက သူမကိုယ်တိုင် အတန်းကို ရွေးနိုင်သည်တဲ့လား။ ထိုမိန်းကလေးက သူမနှင့် အတူနေချင်လျှင် ဘီခန်းသို့ တိုက်ရိုက်သွားလိုက်သည်က အဆင်မပြေဘူးလား။ အဘယ်ကြောင့် သူမက ထိုမိန်းကလေး၏နောက်သို့ လိုက်ရမည်နည်း။
သူမ၏ စိတ်ထဲ၌ ဤကဲ့သို့ တွေးနေသော်လည်း ချောင်ဟုန်ယဲ့အတွက် ၎င်းကို ကျယ်ကျယ်ထုတ်ပြောရန် မဖြစ်နိုင်ပေ။ သူမက အတတ်နိုင်ဆုံး ကြိုးစား၍ သိမ်သိမ်မွေ့မွေ့ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ငါတို့ကျောင်းကို ပြောင်းလာတာလား။ တိုက်ဆိုင်လိုက်တာနော်။ အရင်တစ်ခါက ငါ အဲဒီနေရာကနေ ထွက်လာနိုင်တာတွေ အားလုံးက နင်တို့မိသားစု ကူညီပေးတဲ့ ကျေးဇူးတွေကြောင့်ပါပဲ၊ ပြီးတော့ ငါ ခုထိ နင့်ကို ကျေးဇူးမတင်ရသေးဘူး။ ငါတို့ပြန်ရင် ငါ နင့်ကို ထမင်းတစ်နပ်လောက် ဧည့်ခံချင်တယ်။ ငါတို့ နှစ်ယောက် တရားဝင် သူငယ်ချင်းတွေ ဖြစ်လာတဲ့အထိမ်းအမှတ်လို့လည်း ယူဆနိုင်ပါတာပေါ့"
ထိုမိန်းကလေး၏ မျက်လုံးများ၌ အဖတ်မတန်သကဲ့သို့ အရိပ်အယောင်များ လျှပ်တပြက် ဖြတ်ပြေးသွား၏။ သူငယ်ချင်းတွေလား။ သူမက ဘာမှမဟုတ်တဲ့ ကပ်ပါးကောင်တစ်ကောင်ပဲကို။ သူမကိုယ်သူမ တအား မြင့်မြင့်မားမား တွေးနေတာလား။
မိန်းကလေး၏ ရုပ်ရည်မှာ နှစ်လိုဖွယ်ကောင်း၍ ချောမောသော်လည်း အနည်းငယ် မောက်မာ၍ ပလွှား၏။ ဤကဲ့သို့သော ရုပ်ရည်မျိုးကို ချောင်ဟုန်ယဲ့ အနှစ်သက်ဆုံး ဖြစ်သည်။ အမှန်ပင် သူမ၏ ဤပလွှားကြွားဝါသော စရိုက်က သူမ၏ နူးညံ့သိမ်မွေ့မှုနှင့် ချစ်စဖွယ်ကောင်းမှုများကို လျော့ပါးသွားစေသည်။