Chapter 137 : အတန်းခွဲခြင်း ဂယက်
ကျောင်းပြောင်းလာသော ကျောင်းသားပင် မရောက်လာသေးသော်လည်း အခန်းပြောင်းရမည့် သတင်းကတော့ တစ်ကျောင်းလုံးကို ပျံ့နှံ့သွားပြီ ဖြစ်သည်။
ကျောင်း၏ အလိုအရ ကျောင်းသားများကို အခန်းများစွာ ခွဲပစ်ရန် လိုအပ်၏။ အကောင်းဆုံးရမှတ်များနှင့် ကျောင်းသားများသည် အလိုအလျောက် တစ်ခန်းတည်းတွင် နေရမည်ဖြစ်သည်။ ထို့နောက် သောကြာနေ့တွင် တစ်ကျောင်းလုံး စာမေးပွဲကြီး ဖြေဆိုရမည်။
ကျင်းယွင်ကျောင်း၏ လုပ်ဆောင်ချက်သည် အမြဲတမ််း တည်ငြိမ်၍ သူမသည် မေးခွန်းများကို သူမ၏ စံနှုန်းနှင့်အညီ အပြည့်အဝဖြေခဲ့သည်။ သူမ စာမေးပွဲခန်းထဲမှ ထွက်လာသောအခါ မျက်နှာမကောင်းသော ရှောင်ဟိုင်ချင်းအား တွေ့လိုက်ရ၏။
ရှောင်ဟိုင်ချင်း၏ အဆင့်များသည် အမြဲတမ်း အလယ်အလတ်၏ အထက်ပိုင်းနားတွင်သာ တဝဲဝဲဖြစ်နေသည်။ ဤရက်ပိုင်းတွင် ကျင်းယွင်ကျောင်း၏ လွှမ်းမိုးမှုအောက်၌ သူမသည်လည်း စာအုပ်များစွာကို ဖတ်ခဲ့၏။ သို့သော် သူမ၏ ကိုယ်ပိုင်ထင်မြင်ချက်အရ ထိပ်ဆုံးကျောင်းသား ငါးဆယ်ထဲသို့ ဝင်ရန်မှာ သူမအတွက် ကွာဟနေသေးသည်။
အမှန်တကယ်က သူမသည် သူမ၏ အဆင့်များကို စိုးရိမ်နေခြင်း မဟုတ်၊ နည်းနည်းများများ သူမအတွက် ပြဿနာ မရှိပေ။ အဓိကအချက်မှာ သူမသည် အခြားအခန်းများသို့ အပို့ခံရပါက ကျင်းယွင်ကျောင်းထက် ပိုကောင်းသော သူငယ်ချင်းများကို ရှာနိုင်မည် မဟုတ်ခြင်းပေ။
ဤအချိန်တွင် သူမ၏ အမူအယာက ဒေါသများပြည့်နေ၏။ သူမ၏ မျက်ခုံးများက ဖြောင့်တန်းနေပြီး ထိုအဟုန်က ပတ်ဝန်းကျင်ရှိ ကျောင်းသားများအား နောက်ဆုတ်သွားစေသည်။ ထို့နောက် သူတို့သည် တည်ငြိမ်၍ သက်တောင့်သက်သာ ဖြစ်နေသော ကျင်းယွင်ကျောင်းအား ကြည့်လိုက်ကြ၏။ အနက်ရောင် မျက်ဝန်းတစ်စုံက ညှို့မှိုင်း၍ ကြည်လင်နေသည်။ သူတို့သည် ကျောင်းသားများအားလုံးနှင့် တူညီသော်လည်း သူတို့၏ အရှိန်အဝါကို ကြည့်လိုက်ပါက အခြားသူများနှင့် အမြဲတမ်း ကွဲပြားနေ၏။ သူတို့နှစ်ယောက် အတူရှိနေပါက အခြားသူများက အနားကပ်ရန်ပင် ကြောက်ရွံ့ကြသည်။
"နင်က ရယ်နေနိုင်သေးတယ်။ ငါ အခန်းကျသွားရင် ချောင်ဟုန်ယဲ့ကို နင်တစ်ယောက်တည်း ရင်ဆိုင်ရမှာနော်"
ရှောင်ဟိုင်ချင်းက မျက်လုံးလှန်လိုက်ပြီး သူမ၏ အသိတရားအား ကျိန်ဆဲပြောဆိုနေ၏။
ကျင်းယွင်ကျောင်းက စိတ်ကြီးဝင်စွာ ပြုံးလိုက်ပြီး သူမ၏ မျက်လုံးက တောက်လောင်နေသည်။
"နင် ငါ့ကို မယုံဘူးလား"
သူမသည် ရှောင်ဟိုင်ချင်းအား သူမ၏ အချစ်ဆုံး သူငယ်ချင်းဟု သတ်မှတ်ထား၏။ ပုံမှန်အားဖြင့် သူမသည် ရှောင်ဟိုင်ချင်းအား စာကျက်ရန် သတိမပေးသည့် အချိန်ဟူ၍ တစ်ချိန်မှ မရှိပေ။ သို့သော် ဟောင်ဖွာဖွာနှင့် ကျယ်ကျယ်လောင်လောင် အမူအကျင့်ကြောင့် ရှောင်ဟိုင်ချင်းက သူမကိုယ်သူမ ယခင်ကထက် ပိုတိုးတက်၍ ပိုကောင်းလာသည်ကို မသိခဲ့။ ထို့အပြင် အခန်းတွင်းစာမေးပွဲများက အဆင့် သတ်မှတ်မထားပေ၊ ထို့ကြောင့် တစ်ကျောင်းလုံး၌ သူတို့၏ အဆင့် သတ်မှတ်ချက်မည်မျှဆိုသည်ကို သိနိုင်မည့်နည်းလမ်းမရှိခဲ့။
ရှောင်ဟိုင်ချင်းက ထိပ်ဆုံးဆယ်ယောက်အတွင်း ဝင်ရန် အိပ်မက်ပင် မက်ဖို့မဖြစ်နိုင်ပေ၊ သို့သော် သူမအတွက် အဆင့်သုံးဆယ်ကျော်အတွင်း ဝင်ရန် ဖြစ်နိုင်သေးသည်။ ထို့ကြောင့် သူမ လုံးဝ စိတ်ပူရန် မလိုခဲ့။
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းကို ယုံရန် အစီအစဥ်မရှိပေ။
"ငါ ငါ့ရဲ့ကံကိုပဲ အားကိုးရတော့မယ်။ တကယ်လို့ ငါ အတန်းကျသွားရင်လည်း အများဆုံးတော့ ငါ အိမ်ပြန်ပြီး အဖေနဲ့ ဟိုမိန်းမဆီကနေ ကျောင်းကို လှူဖို့ ပိုက်ဆံနည်းနည်း တောင်းရုံပေါ့။ ဘာပဲဖြစ်ဖြစ်ဟာ ငါ အေခန်းမှာ နေကိုနေရမယ်။ နင့်ကို ဟိုစျေးပေါတဲ့ အပျက်မ ချောင်ဟုန်ယဲ့က အနိုင်ကျင့်ရင် ငါ သူ့ကို အရေခွံနွှာပစ်မယ်"
ထို့နောက် သူမက နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး အပြစ်ကင်းချင်ယောင်ဆောင်လိုက်၏။ ညစ်ညစ်ပတ်ပတ် ပြောခဲ့သည်က သူမ, မဟုတ်သည့်အလားပင်။
ရှောင်ဟိုင်ချင်းအား ကျင်းယွင်ကျောင်း နှစ်သက်သည်မှာ သူမ၏ ပွင့်လင်းဖြောင့်မှန်သော စရိုက်ကြောင့် ဖြစ်သည်။ ဤကဲ့သို့သော သူမ၏ အပြုအမူလေးများကို စောင့်ကြည့်ရသည်က ကျင်းယွင်ကျောင်းအား အတော်လေး ပျော်ရွှင်စေ၏။
အခန်းနေရာချထားမှုကို မကြေညာမီ နှစ်နာရီခန့်အလိုမှသာ ရမှတ်များကို တရားဝင် ထုတ်ပြန်လိမ့်မည်ဖြစ်သည်။ ယခုအချိန်၌ သူတို့နှစ်ယောက် စိုးရိမ်နေလျှင်လည်း အသုံးမဝင်ပေ။ ထို့ကြောင့် သူတို့သည် ဤဝန်ထုပ်ကြီးကို ဘေးသို့ ပစ်ချထားလိုက်ကြပြီး နှစ်ရက်လုံး ပျော်ရွှင်နေကြ၏။
တနင်္လာနေ့၌ တစ်ကျောင်းလုံး အုံးအုံးကျွတ်ကျွတ် ဖြစ်နေကြသည်။ ကြေညာချက်ကပ်သည့် ဘုတ်ပေါ်တွင် အဆင့်သတ်မှတ်ချက် ဇယားအရှည်ကြီးနှင့် ပြန်လည်စီစဥ်ထားသော အခန်းစာရင်း ရှိနေ၏။
ကျင်းယွင်ကျောင်းက မျက်စိကစားလိုက်ရာ လက်ရွေးစင် ကျောင်းသားများအတွက် အခန်းတစ်ခန်း စီစဥ်ပေးထားသည်အား တွေ့လိုက်ရသည်။ ယခုအချိန်၌ အခြားအတန်းမှ ကျောင်းသားများနှင့် ရောနှောသွားသော်လည်း အဆင့်များကတော့ ယခင်ကနှင့် အတူတူပင် ဖြစ်၏။ အကောင်းရော၊ အဆိုးရောပင်။
"ယွင်ကျောင်း ကြည့်၊ ငါက ဒီမှာပဲ။ ၂၈၊ ဟားဟားဟား၊ ငါ တကယ်ကြီး အဆင့် ၂၈ ရအောင် ဖြေခဲ့တာလား။ သေချာပေါက်ကို ဒီအဆင့်စာရွက်က မှားနေတာပဲ ဖြစ်ရမယ်၊ မဟုတ်လား"
ရှောင်ဟိုင်ချင်းက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
သူမသည် ထိပ်ဆုံးအဆင့် ၁၀၀ အတွင်း မကြာခဏ ဝင်လေ့ရှိ၏။ သူမ အဆော့မက်၍ စိတ်ရှုပ်နေသောအခါများ၌ အဆင့် ၂၀၀ ကျော်သို့ပင် ရောက်သွားတတ်သည်။ ဆရာမသည် သူမ၏ အများနှင့် မတူ တမူထူးခြားသော အောင်မြင်မှုများနှင့် အသားကျနေပြီ ဖြစ်သည်။
သို့ရာတွင် ဤတစ်ကြိမ်၌ ရုတ်တရက် အဆင့်တက်လာမှုက သိသိသာသာပင်။ ၎င်းက မယုံနိုင်စရာပင်ဖြစ်သည်။ ဤကဲ့သို့ တိုးတက်မှုမျိုးကို ယခင်က မမြင်ဖူးခဲ့ချေ။
ကျင်းယွင်ကျောင်းအား စိုက်ကြည့်နေသော ရှောင်ဟိုင်ချင်း၏ အကြည့်များက စိတ်အားထက်သန်လွန်းနေရာ ကျင်းယွင်ကျောင်းအား ကြက်သီးများပင် ထစေသည်။
"ကျင်းယွင်ကျောင်းက ပထမ ထပ်ရပြန်ပြီ"
သူတို့၏ ဘေးရှိ မိန်းကလေးက အထင်ကြီးစွာဖြင့် ပြောလိုက်၏။ သူမပြောလိုက်သည်နှင့် အချို့လူများက ကျင်းယွင်ကျောင်းအား လှည့်ကြည့်လာသည်။ သူတို့၏ မျက်လုံးများထဲရှိ မနာလိုအားကျမှုများက အထင်အရှားပင်။
သို့ရာတွင် ကျင်းယွင်ကျောင်း၏ အေးစက်သော အငွေ့အသက်များက ပြင်းထန်လွန်းလှရာ သူမ ရပ်နေသော နေရာမှ အချင်းဝက် တစ်မီတာအတွင်းတွင် ရှောင်ဟိုင်ချင်း တစ်ယောက်သာ ရှိနေနိုင်လေ၏။
ရုပ်ချောသည်၊ စိတ်ထားကောင်းပြီး အဆင့်လည်း ကောင်းသည်။ သာမန်မိန်းကလေးများ မနာလိုလွန်း၍ ရူးသွားနိုင်၏။ ချောင်ဟုန်ယဲ့ကဲ့သို့ လူများက ဥပမာပင်။
"ဟ"
ရှောင်ဟိုင်ချင်းက ရုတ်တရက် အဆင့်သတ်မှတ်ချက်စာရင်းကို လက်ညှိုးထိုးပြ၍ ပြုံးလိုက်သည်။
"ချောင်ဟုန်ယဲ့လည်း စာမေးပွဲလာဖြေတယ်လား။ သူက အဆင့် ၁၂၀ တောင်"