Chapter 138
Viewers 14k

Chapter 138 : ကျောင်းပြောင်းလာသော ကျောင်းသား(၁)


ရှောင်ဟိုင်ချင်း၏ အသံကျယ်ကျယ်အား နားထောင်ပြီးနောက် ကြေညာစာကပ်သည့် ဘုတ်အနီးရှိ ကျောင်းသားအားလုံးက "ချောင်ဟုန်ယဲ့" ဆိုသော နာမည်အား ရုတ်တရက် ကြည့်လိုက်ကြ၏။ မျှော်လင့်ထားသည့်အတိုင်း ဒုတိယနေရာက အခြားတစ်ယောက် ဖြစ်နေသည်။ မူလက နေရာမရွေ့သော ချောင်ဟုန်ယဲ့သည် အမှန်တကယ်ပင် နောက်ထပ် အဆင့်သတ်မှတ်ချက် ဘုတ်တစ်ခုတွင် ရှိနေပြီး တကယ့်ကို အဆင့် ၁၂၀ နေရာတွင်ပင်။


ဒုတိယနေရာကနေ ၁၂၀ မြောက်နေရာ၊ ကွာခြားချက်သည် ဂဏန်းတစ်လုံးတည်း ပြောင်းလဲရုံပင် မဟုတ်ချေ။


"ဒါပေမယ့် ချောင်ဟုန်ယဲ့က အေခန်းထဲမှာ နေရာချခံထားရတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"


တစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။ 


ထုတ်ပြန်ချက်တစ်ခုသည် တလိပ်လိပ်တက်လာသော စိတ်ခံစားမှုအလွှာသုံးခုစလုံးကို လှုံ့ဆော်ပေးလိုက်၏။ အဆင့်များက အမှန်တကယ်ပင် မဆိုးလှသော်လည်း ဝမ်းနည်းနေသည့် ကျောင်းသားများစွာရှိ၏။ အကြောင်းမှာ သူတို့သည် ရှုံးနိမ့်သွားသောကြောင့်ပင်။ သို့သော် ချောင်ဟုန်ယဲ့၏ အဆင့်များသည်လည်း သူတို့ကဲ့သို့ ညီတူမျှတူ ဆိုးသော်လည်း သူမက အေခန်းထဲ၌ အခိုင်အမာရှိနေသေးမည်ဟု သူတို့ တစ်ခါမှ တွေးမထားဖူးပေ။ ဘာကို အခြေခံတာလဲ။ သူတို့အားလုံးသည် ကျောင်းသားများ ဖြစ်ကြ၍ သူတို့၏ ရမှတ်များကို အခြေခံ၍ သူတို့အား အတန်းများခွဲကြသည်။ ဒါဆို သူတို့ကို ပိုပြီးတော့ ညီညီမျှမျှ မဆက်ဆံသင့်ဘူးလား။


ချက်ချင်းပင် သတ္တိရှိသော ကျောင်းသားအချို့က ရုံးခန်းထဲသို့ ဖြေရှင်းချက်တောင်းရန်အတွက် ဝင်သွားကြသည်။


ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် ပခုံးတွန့်လိုက်ကြသည်။ ချောင်ဟုန်ယဲ့ ဘယ်အခန်းမှာပဲရှိရှိ သူတို့ ဂရုမစိုက်ပေ။


ကံဆိုးစွာဖြင့် သိပ်မကြာမီမှာပင် ကျောင်းသားတစ်စုသည် ရုံးခန်းထဲမှ မောင်းထုတ်ခံလိုက်ရ၏။ ဆရာ၊ ဆရာမများပြောသည့်ပုံအရ ချောင်ဟုန်ယဲ့သည် နေမကောင်းဖြစ်နေချိန်၌ စာမေးပွဲဖြေခဲ့သည်။ ထို့အပြင် ယခင်က သူမ၏ အဆင့်များက အလွန်ကောင်းခဲ့၏။ ထို့ကြောင့် ယခုတစ်ကြိမ် သူမ အဆင့်ကျသွားခြင်းက သူမသည် အေခန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရန် မထိုက်တန်ဟု ဆိုလိုခြင်း မဟုတ်ခဲ့။


ကျောင်းသားများသည် ကျောင်း၏ ဆုံးဖြတ်ချက်ကို မဖီဆန်နိုင်သော်လည်း ဤသို့ဖြစ်ပြီးနောက် သူတို့သည် ချောင်ဟုန်ယဲ့အား ပို၍ပင် မုန်းတီးစက်ဆုပ်သွားကြ၏။


အထူးသဖြင့် အေခန်း အခန်းသစ်မှ ကျောင်းသားများသည် သူတို့အား အစော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အခန််းများက တရားဝင် မ,စသေးသော်လည်း သူတို့သည် ချောင်ဟုန်ယဲ့အပေါ်၌ အထင်ကောင်း အမြင်ကောင်း မရှိတော့။


အခန်းများ ပြန်ခွဲပြီးသည့်နောက် အတန်းပိုင်ဆရာဆရာများလည်း အလိုလျောက်ပင် ပြောင်းသွားသည်။ ဆရာအသစ်၏ နောက်ဆုံးအမည်မှာ ကျီဖြစ်ပြီး အသက်ငါးဆယ်ခန့်ရှိသော လူကြီးတစ်ယောက် ဖြစ်၏။ သူသည် စည်းကမ်းတင်းကြပ်ရုံသာမက နာမည်ကောင်းလည်း ရှိသည်။ အခြားဆရာများကြား၌ သူသည် လုပ်သက်အရှည်ကြာဆုံးသူ ဖြစ်၏။ သူသည် ပို၍ ရှေးရိုးဆန်သော အမြင်လည်းရှိကာ အခြားကျောင်းသားများအား အကြိမ်ပေါင်းများစွာ ပို၍ ဖိအားပေးတတ်သည်။


ကျောင်းသားများသည် စာသင်ခန်းအပြင်ဘက် ကော်ရစ်ဒါတွင် ပြည့်နေပြီး ဆရာကျီက ရှေ့၌ မတ်တပ်ရပ်နေသည်။ မှန်ထူထူ မျက်မှန်တစ်လက်ကို ဝတ်ဆင်ထားပြီး သူက အလွန်အမင်း ကြမ်းတမ်းသော အမူအယာဖြင့် အဆင့်စာရင်းကို ကြည့်လိုက်၏။


"မင်းတို့ထဲက ဘယ်တစ်ယောက်က ကျင်းယွင်ကျောင်းလဲ"


ဆရာကျီက မေးလိုက်၏။ သူ၏ အသံမှာ အနည်းငယ် အက်ရှနေသည်။


ကျောင်းသားအများစုမှာ ကြောက်လွန်း၍ တုန်ယင်နေကြ၏။ ဆရာပြောလိုက်သည်အား ကြားသည်နှင့် သူတို့သည် ကျင်းယွင်ကျောင်း၏ အဆင့်နေရာအား ချက်ချင်းပင် လက်လွှတ်လိုက်ကြတော့သည်။


"ကျွန်မပါ၊ ဆရာ့ကို နှုတ်ဆက်ပါတယ်ရှင့်"


ကျင်းယွင်ကျောင်း ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်၏။


ဆရာကျီက မျက်လုံးပင့်လိုက်ပြီး သူမအား တစ်ချက်ကြည့်လာ၏။ သူမ၏ ပြုမူပြောဆိုပုံသည် သဘာဝဆန်၍ ချုပ်ထိန်းထားမှုမရှိသော်လည်း တစ်ချိန်တည်း၌ တောင့်တင်း မနေပေ။ သူက သူမအား အနည်းငယ် ကျေနပ်သွား၍ ခေါင်းငြိမ့်ပြလိုက်သည်။


"အရမ်းကောင်းတယ်။ ထိုင်ခုံတစ်ခုံ သွားရွေးလိုက်ပါ။ မင်းရဲ့ထိုင်ခုံဖော် ဖြစ်မယ့် ကျောင်းသားတစ်ယောက်ကိုလည်း မင်း ရွေးလို့ရတယ်"


ဤတစ်ကြိမ် အခန်းများ ပြန်ခွဲသည့်အချိန်တွင် စူးချူနှင့် ကန်ကျင်းချန်သည်လည်း သူမ၏ အတန်းဖော်များ ဖြစ်လာကြ၏။ သို့ရာတွင် ဤဝမ်းကွဲမောင်နှမ နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ အလွန်ကောင်းသည်။ ထို့ကြောင့် သူမသည် သူတို့နှစ်ယောက်ကို ခွဲပစ်ရန် ရည်ရွယ်ချက်မရှိခဲ့။ သူမက တွေဝေခြင်းမရှိဘဲ ရှောင်ဟိုင်ချင်းကိုသာ ရွေးခြယ်လိုက်သည်။


ဤသို့ဖြင့် မိန်းကလေးနှစ်ယောက်သည် အတန်းထဲရှိ အကောင်းဆုံး ထိုင်ခုံနေရာများကို အပိုင်စီးလိုက်ကြလေတော့၏။


ဤအခန်းထဲရှိ ကျောင်းသားများအားလုံးသည် ထိပ်တန်းကျောင်းသားများ ဖြစ်ကြသည်။ ယခင်က သူတို့အားလုံးသည် သူတို့၏ အခန်းဟောင်းများထဲ၌ အကောင်းဆုံးထိုင်ခုံနေရာများကို အပိုင်စီးခဲ့ကြသည်။ ယခုအခါ သူတို့ကို အနောက်၌ ထိုင်ရန် နေရာချပေးခံရတော့မည်ဟု တွေးလိုက်သောအခါ သူတို့အားလုံးသည် ထိတ်လန့်စပြုလာ၏။


ချောင်ဟုန်ယဲ့သည်က ကူကယ်ရာမဲ့အဖြစ်ဆုံးပင်။ ယခင်က သူမသည် တစ်ကျောင်းလုံး၏ ဒုတိယနေရာဖြစ်ခဲ့သော်လည်း ယခုအခါ သူမသည် အေခန်းတစ်ခန်းလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။ သူမ၏ ရင်ထဲ၌ အမုန်းတရားများ ပွက်ပွက်ဆူလာ၍ သူမသည် ထိုင်ခုံဖော်ကို ရွေးခြယ်ရာ၌ ကျောင်းပြောင်းလာသည့် ကျောင်းသူ၏ နောက်သို့ လိုက်ရုံသာ တတ်နိုင်တော့၏။


ကျင်းယွင်ကျောင်းက စာသင်ခန်းထဲ၌ ထိုင်ရင်း အတန်းပိုင်ဆရာက ကျောင်းသားများ၏ အမည်များအား တစ်ယောက်ချင်းခေါ်နေသည်ကို နားထောင်နေလိုက်သည်။


"ကန်ကျင်းချန်"


“ကျီသာ့ယုံး"


“လျှိုဟန်းဟန်"


“ကျန်ရှ"


……



“ထန်ကျစ်ဟွား"


ရင်းနှီးနေသော နာမည်တစ်ခုအားကြားလိုက်ရ၍ ကျင်းယွင်ကျောင်းသည် ကြောင်အ,သွား၏။ မူလက သူမသည် နာမည်တူ၊ မျိုးရိုးတူ အခြားတစ်ယောက်ဖြစ်မည်ဟုသာ ထင်လိုက်သော်လည်း သူမ ခေါင်းမော့ကြည့်လိုက်သည့်အခိုက်၌ အမှန်တကယ်ပင် အဖိုးထန်၏ မြေးဖြစ်ကြောင်း သိရှိသွားသည်။


ဒါဆို သူက ကျောင်းပြောင်းလာတဲ့ ကျောင်းသားလား။


ထန်မိသားစု၏ လုပ်ရည်ကိုင်ရည် နည်းလမ်းများမှာ ကြွယ်ဝလှ၏။ လွန်ခဲ့သော နှစ်ရက်ပင် ကျောင်း၏ ရှယ်ယာရှင်တစ်ဦးထံမှ ဤတစ်ကြိမ် အတန်းများ ပြန်လည်နေရာချထားပေးရန် တောင်းဆိုခဲ့သည်ဟု သူမ ကြားခဲ့ပြီး ယခုအချိန်၌ ထန်ကျစ်ဟွား မြင်လိုက်သဖြင့် ကောက်ချက်တစ်ခု ဆွဲထုတ်ချဖို့ရာ ကျင်းယွင်ကျောင်းအတွက် မခက်ခဲတော့။


ထန်ကျစ်ဟွားသည် ထိုင်ခုံဖော်တစ်ယောက်ကို မရွေးခြယ်ဘဲ အခန်းထဲသို့ တစ်ယောက်တည်း ဝင်လာသည်ကို သူမ မြင်လိုက်ရသည်။ သူ၏ ရည်ရွယ်ချက်မှာ အလွန်သိသာပြီး သူက ကျင်းယွင်ကျောင်းရှိရာ နေရာသို့ ဦးတည်၍ တည့်တည့်မတ်မတ် လျှောက်လှမ်းလာကာ အဆုံး၌ ကျင်းယွင်ကျောင်း၏ ဘေး၊ ကြား၌ လူနှစ်ယောက်စာခန့် အကွာအဝေးရှိသည့် လျှောက်လမ်းလေးသာခြားသော နေရာ၌ ထိုင်လိုက်၏။


(T/N: ဘေးဆိုပေမယ့် ကြားထဲမှာ လျှောက်လမ်းခြားတဲ့နေရာပါ။ ကပ်လျက်မဟုတ်ဘဲ ဟိုဘက် ဒီဘက်ပေါ့။)