Chapter 139 : ကျောင်းပြောင်းလာသော ကျောင်းသား(၂)
ယနေ့ ထန်ကျစ်ဟွားသည် ယခင်ကထက်ပင် ပို၍ ဖြူဖျော့နေသည်။ ကျင်းယွင်ကျောင်း၏ မေးခွန်းများပါသော အကြည့်များကို ခံစားမိသောအခါ သူက ပြုံးလိုက်၏။
"ကြည့်ရတာ ငါ နင့်ကို ဒုက္ခပေးရတော့မယ်နဲ့ တူတယ်"
ထန်ကျစ်ဟွား၏ အပြုအမူသည် လူကြီးလူကောင်းဆန်ကာ အားနည်း၍ ချူချာနေသော မင်းသားလေးတစ်ပါးအလားပင်။
ကျင်းယွင်ကျောင်း၏ နောက်ရှိ ထိုင်ခုံကို ရွေးခြယ်ထားသော ကန်ကျင်းချန်က ထိုဖြစ်ရပ်ကို မြင်သောအခါ မျက်မှောင်မကြုံ့မိဘဲ မနေနိုင်တော့ချေ။
သူသည် ကျောင်းပြောင်းလာသော ကျောင်းသားများ အကြောင်းကို စုံစမ်းပြီး ဖြစ်၏။ ကျောင်းပြောင်းလာသည်မှာ နှစ်ယောက်ဖြစ်သည်။ တစ်ယောက်မှာ ထန်ကျစ်ဟွားဟုခေါ်၍ ကျန်တစ်ယောက်မှာ ဟယ့်ကျားစစ်ဟု ခေါ်၏။
ထန်ကျစ်ဟွား၏ အဖိုးဖြစ်သူသည် နင်းမြို့တော်တွင် အချမ်းသာဆုံးဖြစ်ပြီး ဟယ့်ကျားစစ်သည်လည်း နင်းမြို့တော်ရှိ အခြားမိသားစုတစ်ခုမှ လူချမ်းသာ သမီးတစ််ယောက်ဖြစ်သည်။ သူမ၏ အဒေါ်ဖြစ်သူက သူ့အား ပြောပြသည်မှာ မိသားစုနှစ်စု၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်သော်လည်း ဟယ့်မိသားစုက စီးပွားရေးကျသွား၍ သူတို့၏ ဂုဏ်ကျက်သရေသည် အတိတ်ကနှင့် မနှိုင်းယှဥ်နိုင်တော့ပေ။ ဟယ့်မိသားစုက ဟယ့်ကျားစစ်အား ဟွားနင်ခရိုင်သို့ ပို့လိုက်သည့် အကြောင်းအရင်းမှာ ထန်ကျစ်ဟွားကြောင့်ဖြစ်သည်။ သူတို့က ငယ်စဥ်ကတည်းကပင် သူတို့နှစ်ဦးကြားရှိ ခံစားချက်များ တိုးတက်လာနိုင်ရန် မျှော်လင့်ထားကြ၏။ ထိုရည်ရွယ်ချက်များ၏ အဓိပ္ပါယ်အား အခြားလူသိအောင် ထုတ်ပြောပြရန်ပင် မလိုတော့ချေ။
ကန်ကျင်းချန်က သူ၏ အကြည့်များကို အတန်း၏ အပြင်ဘက်သို့ ဦးတည်လိုက်ရာ ထန်ကျစ်ဟွားနှင့် ကျင်းယွင်ကျောင်းအား စိုက်ကြည့်နေသည့် မိန်းကလေးတစ်ယောက်ကို အမှန်တကယ်ပင် မြင်လိုက်ရသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းအား ကြည့်နေသော သူမ၏ အကြည့်များက သတ်ပစ်ချင်နေသည့်အလားပင်။ ဤသည်က ကန်ကျင်းချန်ကို အမှန်တကယ် သူမအား မနှစ်သက်ဖြစ်စေသည်။
"ယွင်ကျောင်း၊ ငါတို့တွေအားလုံး တစ်တန်းတည်းမှာ အတူတူရှိနေနိုင်တယ်ဆိုတာ ရှားရှားပါးပါးပဲ။ နေ့လည်ကျရင် ငါတို့လေးယောက် နေ့လည်စာ အတူတူစားကြမလား"
ကန်ကျင်းချန်က ရုတ်တရက် ထမေးလိုက်၏။
လေးယောက်။ ဤသည်က အလိုအလျောက် စူးချူ၊ ရှောင်ဟိုင်ချင်း၊ ကျင်းယွင်ကျောင်းနှင့် သူ့ကိုယ်သူ ရည်ညွှန်းလိုက်ခြင်းပင်။
ထန်ကျစ်ဟွား အတွက်ကတော့......
ထန်ကျစ်ဟွား ဟွားနင်ခရိုင်သို့ လာသည့် ရည်ရွယ်ချက်ကို ကန်ကျင်းချန် မသိသော်လည်း ကျင်းယွင်ကျောင်းအတွက်မူ သူနှင့် ဝေးဝေးနေသည်က ပိုကောင်း၏။ ထို ဟယ့်ကျားစစ်သည် အလွယ်တကူ ရန်စသင့်သည့်သူ မဟုတ်ပေ။ ကျင်းယွင်ကျောင်း၏ အန္တရာယ်အာရုံခံနိုင်စွမ်းကို နှိုးဆွပေးရန်က သူ၏ ရည်ရွယ်ချက် မဟုတ်သော်လည်း သူမ၏ အချိန်နှင့် ခွန်အားများကို မသက်ဆိုင်သောသူများထံတွင် မဖြုန်းတီးမိစေရန် သူမျှော်လင့်မိသည်။ ထိုမျှသာမကဘဲ သူမ၏ ဂုဏ်သတင်းသည်လည်း နောက်ဆုံး၌ ပြန်လည်၍ ပိုမိုကောင်းမွန်လာပြီဖြစ်ရာ အကယ်၍ အနာဂတ်၌ တစ်စုံတစ်ခု ထပ်မံ၍ ဖြစ်ပျက်ပါက သူတို့က ထိုအတွက် လျော်မပေးနိုင်ပေ။
"အိုခေ၊ အိုခေ။ ပြောင်ကျဲ၊ လွန်ခဲ့တဲ့ နှစ်ရက်လုံး အစ်မက ရှောင်ဟိုင်ချင်းနဲ့ပဲ တတွဲတွဲလုပ်နေပြီးတော့ ကျွန်မကိုတောင် ဂရုမစိုက်ဘူး။ ကျွန်မဖြင့် ပျင်းလွန်းလို့ သေတော့မယ်"
စူးချူ၏ မျက်လုံးလေးများက တလက်လက် တောက်ပနေပြီး သူမ၏ စိတ်ထဲ၌ အရသာရှိသော ဟင်းပွဲများကို တစ်ပွဲပြီး တစ်ပွဲစဥ်းစားနေပြီး ဖြစ်သည်။ နောက်ဆုံးတော့ ယနေ့ညအတွက် သူမ၏ အစာစားချင်စိတ်က ထက်သန်လာခဲ့ပြီ။
ကျင်းယွင်ကျောင်းသည် စူးချူအား ဘာလုပ်ရမှန်း တကယ့်ကို မသိတော့ချေ။ စူးချူ၏ စရိုက်လေးသည် ချစ်စရာကောင်း၍ သူမထက်လည်း အနည်းငယ် ပို၍ ငယ်၏။ စူးချူသည် သူမကို နေ့စဥ် နေ့တိုင်း ချစ်စရာကောင်းအောင် ချွဲ၍ သူမအား ဆက်၍ တောင့်မခံနိုင်အောင် လုပ်လိမ့်မည်ပင်။
"နေ့လည်စာစားဖို့ အိမ်ပြန်ကြတာပေါ့။ ငါ ချက်ကျွေးမယ်"
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။
နွေဦး၏ လေပြည်လေးက သန့်စင်ပေးလိုက်သည့်အလားပင်။ ဤသည်မှာ ထန်ကျစ်ဟွား ခံစားလိုက်ရသမျှ အရာရာ။
ယခင် သူတို့ တွေ့ခဲ့စဥ်က သူမသည် ရေခဲအလား အေးစက်လှသည်။ သူမ ပြုံးလိုက်လျှင်ပင် အကွာအဝေး အနည်းငယ် ရှိနေသည့်ပုံပေါ်နေသေး၏။ အေးစက်ကာ တသီးတခြားဆန်လှပြီး ပေါင်းရသင်းရလွယ်ကူမည့် မပေါ်။ သို့ရာတွင် ယခုအချိန်၌ လုံးဝကွာခြားနေသည်။ သူမသည် အလွန်အမင်း သိမ်မွေ့လှ၏။ အစက သူမနှင့် သိမ်မွေ့မှုသည် ဘယ်သောအခါမှ အတူတကွ ပေါင်းစပ်၍ ရလိမ့်မည်မဟုတ်ဟု သူ တွေးခဲ့မိသော်လည်း အဖြစ်မှန်က သူမ၏ သိမ်မွေ့သောပုံစံသည် မျက်လုံးများကိုပင် နီရဲလာစေသော မြင်ကွင်းလေးတစ်ခုဖြစ်ကြောင်း သက်သေပြသွားသည်။
ဤအပြုံးသည် စူးချူ၏ ရှေ့၌သာ အများဆုံး ပြုံးလေ့ရှိခြင်း ဖြစ်၏။ သူမ စူးချူနှင့် မျက်နှာချင်းဆိုင်လိုက်သည့်အခါတိုင်း ဤအပူအပင်ကင်းသော မိန်းကလေးက ကျင်းယွင်ကျောင်းအား စိတ်အပန်းပြေစေပြီး သူမ၏ အကာအကွယ်နံရံများကို ပြေလျော့စေကာ ဤမိန်းကလေး သယ်ဆောင်လာပေးသည့် ပျော်ရွှင်မှုများနှင့် ကြင်နာမှုများအား သူမ ခံစားကြည့်နိုင်သည်။
"ကောင်းလိုက်တာ၊ အစ်မ ချက်တဲ့ဟင်းတွေက ကျွန်မ အကြိုက်ဆုံးပဲ။ ပြောင်ကော ချက်တဲ့ဟင်းတွေထက် အဆထောင်ပေါင်းများစွာ ပိုကောင်းတယ်။ အို...ဟုတ်သားပဲ၊ အဲဒါက ဆေးဖက်ဝင်တဲ့ ဟင်းဆိုရင် ပိုကောင်းမယ်။ ကျွန်မ မကြာခင်က ဝက်ခြံတွေ ထွက်လာတာ"
သူမ စကားပြောနေစဥ်မှာပင် သူတို့အုပ်စု၏ ရှေ့၌ သူစိမ်းမိန်းကလေးတစ်ယောက် ပေါ်လာ၏။
ရှင်းပြစရာ မလိုလောက်အောင်ပင် သူမက ထန်ကျစ်ဟွား၏ ဘေးရှိ ထိုင်ခုံ၌ တိုက်ရိုက် ဝင်ထိုင်လိုက်သည်။
"အစ်ကိုကျစ်ဟွား၊ ကျွန်မကြားတာ ဟွားနင်ခရိုင်မှာ ထျန်းရှန်းလော်လို့ ခေါ်တဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်တဲ့။ အထူးသဖြင့် အတွင်းပိုင်း ပတ်ဝန်းကျင်အပြင်အဆင်က ကောင်းတယ်တဲ့။ နေ့လည်ကျရင် သွားကြရအောင်လေ။ ဘယ်လိုလဲ"
ဝင်ထိုင်လိုက်ပြီးနောက် ထိုမိန်းကလေးက ထန်ကျစ်ဟွား၏ လက်မောင်းကို ဖက်လိုက်၍ ပျံ့တံ့တံ့ နံ့တံ့တံ့ ပြုမူလိုက်၏။
ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်က ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထလာသည်။
သူမသည် ၎င်းအား ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်း မဟုတ်သော်လည်း ဤကဲ့သို့သော အသံအနေအထားမျိုးကို သူမ နားမထောင်နိုင်ပေ။
သူမက ယဥ်ကျေးနေသေးသောကြောင့် အပြင်ဘက်၌ ၎င်းကို ထုတ်မပြပေ။ သူမက လွယ်အိတ်ပြင်ရန်အတွက် ခေါင်းလှည့်လိုက်စဥ်တွင် သူမ၏ဘေးနား၌ ထိုင်နေသည့် ဤကဲ့သို့ ဇာတ်လမ်းမျိုးကို ပို၍ပင် သည်းမခံနိုင်သော ရှောင်ဟိုင်ချင်းက မျက်မှောင်ကြုံ့၍ သူမ၏ နားများကို ပိတ်လိုက်ဖွင့်လိုက် လုပ်နေသည်။ ကျင်းယွင်ကျောင်းနှင့် တစ်ဖက်လူက အချင်းချင်း သိနေကြသည်ကို မြင်သောကြောင့် သူမသည်လည်း ဆက်၍ ငြိမ်ငြိမ်လေး နေနေ၏။
ဆန့်ကျင်ဘက်အနေနှင့် မျက်မှောင်ကြုံလိုက်၍ သူ၏ လက်မောင်းကို ဆွဲခွာလိုက်သူမှာ ထန်ကျစ်ဟွား ဖြစ်သည်။
"ကျားစစ်၊ နင် သူငယ်ချင်းအသစ် မရသေးဘူးလား။ ဘာလို့ ဒီမှာ ငါနဲ့လာထိုင်နေတာလဲ"