Chapter 140 : ကျောင်းပြောင်းလာသော ကျောင်းသား(၃)
ထန်ကျစ်ဟွား ပြောသည့် သူငယ်ချင်းအသစ်ဆိုသည်မှာ ချောင်ဟုန်ယဲ့ ဖြစ်၏။
ထိုနေ့က ဟယ့်ကျားစစ်သည် လူတစ်ယောက်အား ကယ်လာပြီးနောက် သူမက ထန်ကျစ်ဟွားဆီသို့သွား၍ သူမ၏ ကြီးမြတ်၍ ဟီးရိုးဆန်သော အပြုအမူအား ထုတ်ကြွားခဲ့သည်။ အမှန်ပင်၊ သူမ ချောင်ဟုန်ယဲ့အား ဖော်ညွှန်းခဲ့သော စကားလုံးတိုင်းက နှိုင်းယှဥ်၍ မရအောင် ဒုက္ခရောက်နေသူတစ်ယောက်လိုပင်။
"သူက အာ..."
ဟယ့်ကျားစစ်က နှုတ်ခမ်းစူလိုက်၏။
"ဒါပေမယ့် ကျားစစ်က အစ်ကိုကျစ်ဟွားနဲ့ပဲ အတူတူ ထိုင်ချင််တာလေ။ ရှောင်ယဲ့က အရင်ကတည်းက ဒီကျောင်းကပဲဟာ။ သူ သေချာပေါက် သင့်တော်တဲ့ ထိုင်ခုံဖော်တစ်ယောက် ရှာနိုင်မှာပါ"
သူမကိုယ်သူမ "ကျားစစ်" ဟု ရည်ညွှန်းလိုက်သည်အား ကြားလိုက်ရသောအခါ ရှောင်ဟိုင်ချင်း၏ လက်သည် တုန်တက်သွား၏။
ကန်ကျင်းချန်နှင့် စူးချူသည်ပင် နှုတ်ခမ်းကို တင်းတင်းစေ့ထား၍ သူတို့ကြားသမျှအား လျှော်ပစ်နိုင်ရန် သမာဓိ ခိုင်ခိုင်မာမာ ထား၍ နေနေကြရသည်။
"ပြောင်ကော၊ ကျွန်မတို့ နေလည်စာအစား တခြား ပေါ့ပေါ့ပါးပါး တစ်ခုခု သွားစားရအောင်လေ"
စူးချူက သူမ၏ အသံကို ပျော့ပျောင်းအောင်လုပ်၍ ပြောလိုက်၏။
ထိုမိန်းကလေးပြောသော စကားများသည် ငါးနှင့်အသားလွှာများ အလျှံအပယ်ပါသော ထမင်းတစ်နပ်ထက်ပင် ပို၍ မူးနောက်သွားစေသည်။ အကယ်၍ သူတို့သာ နေ့လည်စာအတွက် အဆီများသော တစ်ခုခုကို စားပါက သူမ အန်ပင် အန်ထွက်လိမ့်မည်။ တကယ်တမ်း သူမ၏ အစာအိမ်သည် ယခုအချိန်ကတည်းကပင် အနည်းငယ် ကမောက်ကမ ဖြစ်နေပြီ ဖြစ်သည်။
ဤတစ်ကြိမ်၌ ကျင်းယွင်ကျောင်း အာရုံစိုက်မိလိုက်သော အချက်မှာ ကျန်သောသူများနှင့် ခြားနား၏။ ရှောင်ယဲ့....ချောင်ဟုန်ယဲ့သည်လည်း ဤအတန်းထဲ၌ ရှိသည်။ အဲဒီမိန်းကလေး ရည်ညွှန်းလိုက်တဲ့တစ်ယောက်က သူမများလား။
သူမကိုယ်သူ မင်းသမီးတစ်ပါးဖြစ်လာမည်ဟု အမြဲတမ်း ယုံကြည်ထားသော ချောင်ဟုန်ယဲ့ ကဲ့သို့သော လူမျိုးက တစ်စုံတစ်ယောက်အား သူမကို အမှန်တကယ် ဤသို့ခေါ်ခွင့်ပေးသည်ဆိုသည်အား ကျင်းယွင်ကျောင်း လုံးဝမယုံကြည်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခေါ်အဝေါ်မျိုးသည် သူတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် အခြားသူများကိုသာ ခေါ်ခွင့်ပေးသည်ဟု လူအများစုက မှတ်ယူကြသော်လည်း ချောင်ဟုန်ယဲ့၏ စိတ်ထဲ၌မူ ပထမဆုံးအနေဖြင့် အစေခံမိန်းကလေးတစ်ယောက်အား ခေါ်သည်ဟု တွေးမိမည်မှာ အသေအချာပင်။
ထန်ကျစ်ဟွားက ဟယ့်ကျားစစ်အား စိတ်မရှည်စွာဖြင့် ကြည့်လိုက်၏။
"ဒါဆိုလည်း ဒီမှာပဲထိုင်လိုက်။ ဒါပေမယ့် ဒါက နင်းမြို့တော် မဟုတ်ဘူးဆိုတာကို သတိရနော်။ ပိုပြီးတော့ ဆင်ဆင်ခြင်ခြင်နေ"
ဟယ့်ကျားစစ်က ပြုံးလိုက်၏။
"ကျွန်မ သိပါပြီ။ ဒါဆိုရင် ထျန်းရှန်းလော်မှာ နေ့လည်စာစားဖို့ ရှင် ကျွန်မကို အဖော်ပြုပေးမှာလား"
ကျင်းယွင်ကျောင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထျန်းရှန်းလော် ဟူသော ထိုစကားသုံးလုံးအား ကြားသည်နှင့် လီရှောက်ယွင်၏အကြောင်း တွေးမိခြင်းကနေ သူမကိုယ်သူမ, မကယ်တင်နိုင်ပေ။ သူမက ယခုအချိန်၌ ထိုသခင်လေးသည် သူမအား သေလောက်အောင် မုန်းတီးနေရမည်ဟူ၍သာ စဥ်းစားဆင်ခြင်လိုက်၏။ ထို့အပြင် လွန်ခဲ့သော နှစ်ရက်အတွင်း ဖုန်းခေါ်စဥ်အခါက တုလင်း၏ လေသံမှာလည်း အလွန်ထူးဆန်းနေသည်။
သူမ၏ အတွေးထဲ၌ နစ်မြုပ်နေသောကြောင့် ကျင်းယွင်ကျောင်းသည် ထန်ကျစ်ဟွား သဘောတူလိုက်၊မတူလိုက်ကိုပင် သတိမထားမိလိုက်ပေ။
သိပ်မကြာမီမှာပင် အေခန်းအခန်းသစ်မှ ကျောင်းသားများအားလုံးသည် သူတို့၏ ခုံများ၌ နေရာယူပြီးဖြစ်သည်။ ကျင်းယွင်ကျောင်း အံ့သြသွားသည်မှာ ချောင်ဟုန်ယဲ့နှင့် ကျန်ရှတို့ တစ်စားပွဲတည်း ထိုင်နေခြင်းပင်။ သူတို့၏ နေရာက ဟယ့်ကျားစစ်၏ နောက်တည့်တည့်၌ ဖြစ်၏။
သူမနှင့် ရင်းနှီးသော လူများသည် အားလုံးနီးပါး အတူတကွ ထိုင်နေကြသည်။ အနာဂတ်နေ့ရက်များက ပရမ်းပတာ ဖြစ်တော့မည်မှာ အသေအချာပင်။
ထိုင်ခုံနေရာများ အတည်ပြုပြီးသွားနောက် အတန်း၏ ကိုယ်စားပြုများအား သတ်မှတ်ပေးရမည့် အချိန်ပင်။ အတန်းထဲရှိ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းသည် ယခင်က အတန်း၏ ကိုယ်စားပြုများအဖြစ် သတ်မှတ်ခံခဲ့ရသည် ဖြစ်ရာ လူတိုင်းက တစ်ခုခုလုပ်ဖို့ ကြိုးစားရန် စိတ်အားထက်သန်နေကြသည်။
တစ်ဖက်၌မူ ကျင်းယွင်ကျောင်းသည် သူမ၏နေရာ၌ပင် ခေါင်းကိုငုံ့ထား၍ ဤအတန်းပိုင်အသစ် ဆရာကျီက သူမအား အာရုံစိုက်မိသွားမည်ကို ကြောက်နေ၏။ သူမသည် အမှန်တကယ်ပင် ဤကိစ္စမျိုးများအား စိတ်မဝင်စားပေ။
ဤဆရာကျီက ရှေးခေတ်မှ ပညာရှိတစ်ယောက်ကဲ့သို့ ခေါင်းအစ ခြေအဆုံး ဝတ်ဆင်ထားသည်။
စစချင်းမှာပင် သူသည် ကျီသာ့ယုံးဟုခေါ်သော တစ်ယောက်အား အတန်းခေါင်းဆောင် ခန့်လိုက်၏။ ဤကျောင်းသားသည် ကြံ့ခိုင်ပုံရကာ အနည်းငယ် ဝဖြိုးနေသော်လည်း သူ၏ ပုံပန်းသွင်ပြင်က အတော်လေး ကြည့်ကောင်းနေဆဲပင်။ ပုံပန်းသဏ္ဍာန်အား ခြုံငုံ၍ ပြောရလျှင် သူသည် အတော်လေးလည်း တာဝန်ယူ၊ တာဝန်ခံမှု ရှိပုံပေါ်သည်။ သို့ရာတွင် အတန်းခေါင်းဆောင်တစ်ဦး ဖြစ်နိုင်ရန်အတွက် သတ်မှတ်ထားသော နယ်ပယ်များရှိ၏။ ထို့နောက် တစ်ယောက်က ဂရုတစိုက်ဖြင့် ဤအတန်းခေါင်းဆောင် ကျီသာ့ယုံးသည် ဆရာကျီ၏ တူဖြစ်သည်ဟု ခပ်တိုးတိုးစောင်းပါးရိပ်ခြည်ပြောနေသည့် သတင်းတစွန်းတစကိုလည်း ကျင်းယွင်ကျောင်း ကြားလိုက်ရသည်။
သူမသည် ကိုယ်ခံပညာရပ်ကို စတင်လေ့ကျင့်ပြီးနောက် သူမ၏ အကြားစွမ်းရည်သည်လည်း ထက်မြက်လာခဲ့၏။ များသောအားဖြင့် အတန်းထဲမှ ခပ်တိုတိုးပြောသံများနှင့် ရေရွတ်သံများကို နားထောင်ရာ၌ သူမ အာရုံစိုက်ထားသရွေ့ ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ယခုအချိန်၌ မနာလို မရှုစိမ့်ဖြစ်နေသော ကျောင်းသားနှစ်ယောက်က ဆရာကျီ၏ နောက်ကွယ်၌ ထိခိုက်စေမည့်စကားများအား ပြောနေကြသည်ကို သူမ ကြားနိုင်၏။
ထိုသည်က မနာလိုခြင်းနှင့် အတင်းပြောခြင်းများသည် မိန်းကလေးကျောင်းသူများ၌သာ မဟုတ်ကြောင်း သက်သေပင်။
"ကျင်းယွင်ကျောင်း၊ မင်းက အတန်းရဲ့ဘာသာစကား ကိုယ်စားပြု လုပ်ရမယ်"
ဆရာကျီက အေးစက်သော အသံဖြင့် ကြေညာလိုက်၏။
ကျင်းယွင်ကျောင်းက ခေါင်းကို ဆတ်ခနဲ မော့လိုက်၍ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သင်ကြောက်သောအရာများက သင့်ဆီသို့ သေချာပေါက် လာလိမ့်မည် ဆိုသည်က အတိအကျပင်။ ကောလဟာလများက ပြောကြသည်မှာ ဤဆရာသည် အတန်းချိန်များအတွင်းတွင် သင်၏ ခန္ဓာကိုယ် တောင့်တင်းလာသည်အထိ အလွန်အမင်း စည်းကမ်း တင်းကြပ်သည်ဟူ၍ ဖြစ်၏။ ထို့ကြောင့် သူ၏ အတန်းကိုယ်စားပြုဖြစ်ရသည့် ဖိအားများမှာလည်း ပေါ့သေးသေး မဟုတ်မည်မှာ အသေအချာပင်။
အတန်းကိုယ်စားပြုများအားလုံး၏ တာဝန်များကို ခွဲဝေသတ်မှတ်ပြီးနောက် ဆရာကျီက ကိစ္စအနည်းငယ်ကို ပြောကြား၍ အတန်းအား ဤကဲ့သို့ပင် အဆုံးသတ်လိုက်၏။
သူတို့၏ အတန်းများမှာ ပြန်ခွဲထားပြီး အတန်းတိုင်း၏ စာသင်သည့် အစီအစဥ်များကလည်း မတူညီသောကြောင့် သူတို့သည် တစ်မနက်ခင်းလုံး ကိုယ်ပိုင်စာကြည့်ချိန်ဖြင့်သာ ကုန်ဆုံးကြရသည်။ ဆရာ၊ ဆရာမများသည်လည်း ရွေးခြယ်စရာ မရှိသောကြောင့် ကျောင်းသားတိုင်း သင်ခန်းစာများကို အမီလိုက်နိုင်ရန်အတွက် သူတို့အတန်းများကို ပြန်လည်၍ ပြင်ဆင်ရတော့၏။
"ကျင်းယွင်ကျောင်း၊ နင်တို့ရော နေ့လည်စာ သွားစားမယ် မဟုတ်လား။ ငါတို့နဲ့ အတူတူသွားစားကြတာပေါ့။ ကျားစစ်က ကြိုပြီးတော့ မှာထားပြီးသားပဲကို။ အဲဒီနေ့တုန်းက ထျန်းရှန်းလော်မှာပဲ အတူတူပဲလေ"
မနက်ခင်း အတန်းများပြီး၍ သူမ မတ်တပ်ထရပ်ရန် အခွင့်အရေးမရသေးမီမှာပင် ထန်ကျစ်ဟွားက သူမအား ယဥ်ယဥ်ကျေးကျေး ဖိတ်ကြားလာခြင်းဖြစ်လေသည်။