Chapter 141 : ခရီးဇစ်ဆ်
ကျင်းယွင်ကျောင်း ထိတ်လန့်သွားသည်။ သူမ ထျန်းရှန်းလော်ဟု ကြားလိုက်သည်နှင့် ချက်ချင်းပင် ခေါင်းရမ်းလိုက်၏။
"ငါ့ကို ဖိတ်လို့ ကျေးဇူးပါနော်။ ဒါပေမယ့် ငါ စူးချူအတွက် ဆေးဖက်ဝင်ဟင်း ချက်ပေးဖို့ အိမ်ပြန်တာ ပိုကောင်းမယ်လို့ပဲ ထင်တယ်။ အဲဒါထက် ထျန်းရှန်းလော်က အစားအသောက်တွေက နည်းနည်း ဆီများလွန်းတယ်လေ"
စူးချူက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။ တစ်ခုခု မှားနေသလို ခံစားချက်က ရုတ်တရက် ပေါ်ထွက်လာသည်။ ခုနက သူမ 'ဆီများလွန်းတယ်' ဟူသော စကားကို ပြောစဥ်က သူမ၏ အသံသည် အလွန်နူးညံ့နေ၏။ တကယ်ပဲ ကျင်းယွင်ကျောင်း ပြောတာကို ကြားလိုက်ရတာလား။
"အပြင်က အစားအသောက်တွေနဲ့ယှဥ်ရင် ငါလည်း ယွင်ကျောင်း ချက်ကျွေးတာကိုပဲ ပိုစားချင်တယ်။ ကျွန်မကို ဒီတစ်ကြိမ်မှာလည်း ရှင့်အချက်အပြုတ်စွမ်းရည်ကို စမ်းသပ်ခွင့်ပြုပါ စာဖိုးမှူးကြီးကျင်းရှင့်"
ရှောင်ဟိုင်ကျင်းက ဟာသလုပ်လိုက်ပြီးနောက် ကျင်းယွင်ကျောင်း၏ အနားသို့ တိုးကပ်သွား၍ သူမဦးခေါင်းကို ကျင်းယွင်ကျောင်း၏ လည်တိုင်ကြား၌ ညှပ်လိုက်သည်။
"ကျွန်မ သဘောတူတယ်။ ကျွန်မလည်း ပြောင်ကျဲ ချက်တာကို ပိုစားချင်တာ"
စူးချူက မျက်လုံးများ မှေးကျဥ်းသွားသည်အထိ ပြုံး၍ ကျီကျီကျာကျာလေး ပြောလိုက်၏။
ဟာသပဲ။ ထျန်းရှန်းလော်ကို သွားမယ်ဟုတ်လား။ ဒါ ဒီကျားစစ်ဆိုတဲ့ မိန်ကလေးကို ရင်ဆိုင်ရမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား။ သူတို့သည် ကလေးငယ်များ မဟုတ်ကြတော့သော်လည်း သူမက ယောက်ျားလေးတစ်ယောက်၏ လက်မောင်းအား ဖက်ထားဆဲဖြစ်ပြီး ရှက်သလိုလို ရွံ့သလိုလို ပြုမူနေ၏။ ဘယ်လောက် ရွံစရာကောင်းသလဲ။ အကယ်၍ သူတို့သာ လိုက်သွားပါက သူတို့ အစားစားရမည်လား အန်ရမည်လားဆိုသည် သဲကွဲမည်မဟုတ်ပေ။
မိန်းကလေးသုံးယောက်စလုံးက ထိုသူ့အား ငြင်းပယ်လိုက်သဖြင့် ကန်ကျင်းချန်သည် ပို၍ပင် ပျော်ရွှင်သွားပြီး လက်မောင်းများကို ဆန့်ကာ သူက မိန်းကလေးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း ထုတ်ဖော်ပြသလိုက်သည်။
ထန်ကျစ်ဟွား၏ အမူအယာက အနည်းငယ် တောင့်တင်းသွား၏။ သူသည် ဤကဲ့သို့ ခပ်လွယ်လွယ်နှင့် ခပ်မြန်မြန် အငြင်းခံရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
သို့ရာတွင် သူသည် သူ၏ အဆင့်အတန်းမြင့်သောအပြုမူများအား ဟန်မပျက် ဆက်ထိန်းထားလိုက်ပြီး ပြုံးလိုက်သည်။
"ကြည့်ရတာ နင့်ရဲ့လက်ရာက အရမ်းအရသာရှိတဲ့ပုံပဲ။ အခွင့်အရေး ရှိမယ်ဆိုရင် နောက်တစ်ကြိမ် နင် ငါ့ကို ဖိတ်အောင် ကြိုးစားဦးမယ်"
ကျင်းယွင်ကျောင်းက ပြုံးပြလိုက်၏။ သူမ၏ အမူအယာများမှာ အကွာအဝေးတစ်ခုခြားနေဆဲပင်။
"နင့်နာမည်က ကျင်းယွင်ကျောင်းလို့ ခေါ်တာလား။"
ထန်ကျစ်ဟွား၏ နောက်ရှိ မိန်းကလေးက မတ်တပ်ထရပ်လိုက်သည််။
"ငါ့နာမည်က ဟယ့်ကျားစစ်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ နင်က အရမ်းလှတာပဲ"
သူမက ထိုသို့ပြောပြီးနောက် လက်တစ်ဖက်လှမ်း၍ ကျင်းယွင်ကျောင်းအား ဖက်လိုက်၏။
ထိုမိန်းကလေးက ရေမွေးစွတ်ထားပြီး ရနံ့က မစူးရှသော်လည်း ပြင်းလွန်းနေသေးသည်။ များသောအားဖြင့် ကျောင်းတွင် ရေမွေးစွတ်တတ်သော မိန်းကလေးမှာ အလွန်နည်း၏။ ဤကဲ့သို့သော ရနံ့မျိုးကို ရုတ်တရက် ရလိုက်ခြင်းက ကျင်းယွင်ကျောင်း၏ နှာခေါင်းကို ယားယံစေပြီး ခဏလေးအတွင်းမှာပင် ပြင်းပြင်းထန်ထန် နှာချေချင်စိတ်ကို ဖိနှိပ်၍ သူမကိုယ်သူမ မနည်းထိန်းချုပ်ထားလိုက်ရသည်။
သို့ရာတွင် သူမ၏ ခန္ဓာကိုယ်ကမူ ရှောင်ဟိုင်ချင်းဘက်သို့ ယိုင်သွား၏။
ဤမိန်းကလေး၏ စိတ်အားထက်သန်မှုက စူးချူ နှင့် လုံးဝပင် ကွာခြားသည်။ တစ်ဖက်လူ၌ ကောင်းသောရည်ရွယ်ချက်များရှိသော်လည်း ကျင်းယွင်ကျောင်းကမူ သူမအား နှစ်သက်စရာအချက် ရှာမတွေ့နိုင်သေးပေ။
"အို...ဟုတ်သားပဲ။ ငါ ကြားတာ နင်နဲ့ ရှောင်ယဲ့ နဲ့က ညီအစ်မတွေဆို။ တိုက်ဆိုင်လိုက်တာ၊ ငါ အရင်အပတ်တုန်းကတောင် ရှောင်ယဲ့ကို အပြင်မှာ ကူညီခဲ့သေးတယ်။ အဲဒီအချိန်တုန်းက သူ့ကို ဘယ်သူက လမ်းလေးပေါ်မှာ ပစ်သွားတယ်ဆိုတာကို သူကိုယ်တိုင်တောင် မသိခဲ့ဘူးလေ"
ဟယ့်ကျားစစ်က ထိုအကြောင်းနှင့်ပတ်သတ်ပြီး မသင့်တော်ဟု ခံစားမိပုံ မရသည့်အလား ပြုံး၍ ဆက်ပြောလာ၏။
"အို...ရှောင်ယဲ့က နင်တို့နဲ့ နေ့လည်စာ တူတူမစားဘူးလား"
သူမ၏ နောက်ရှိ ချောင်ဟုန်ယဲ့သည် ဒေါသထွက်ရမည်လား၊ ရှက်ရမည်လား မသိတော့သောကြောင့် မျက်နှာများ နီရဲနေ၏။
သူမ နေမကောင်းဖြစ်ခဲ့သည့်အကြောင်းအား လူတိုင်းသိသော်လည်း နောက်ကွယ်မှ အကြောင်းရင်းကိုမူ မည်သူမှ ရှင်းရှင်းလင်းလင်း မသိကြပေ။ ယခုအချိန်၌ ဟယ့်ကျားစစ်က ထိုအကြောင်းကို လူများစွာ၏ နောက်၌ ကျယ်လောင်စွာ ထုတ်ပြောလိုက်၍ လက်တွေ့၌ သူမတွင် ဂုဏ်သိက္ခာ တစိုးတစိမှပင် မကျန်တော့ပေ။
ယခင်ကသာ ဆိုပါက သူမ အနိုင်ကျင့်ခံခဲ့ရသည်ဟု ပြောနိုင်သေးသော်လည်း ယခုအချိန်၌မူ မတူတော့ပေ။ သူမက ငတုံး မဟုတ်။ သူမ၏ အတန်းဖော်များက သူမအား ယုံကြတော့မည် မဟုတ်ပါ။ ညဘက် နောက်ကျနေသည့်အချိန်တွင် သူမ လမ်းဘေး၌ စွန့်ပစ်ခံခဲ့ရသည့် အကြောင်းကို သိသွားပါက သူတို့သည် ကရုဏာစိတ်မဖြစ်ရုံသာမက သူမက မကောင်းသော အရာတစ်ခုခုကို ထပ်လုပ်ပြန်ပြီဟုပင် တွေးကြလိမ့်ဦးမည်။
ဤကဲ့သို့သော ကိစ္စများသည် သူမ လုပ်နေကျ နည်းလမ်းများ ဖြစ်ကြောင်း ချောင်ဟုန်ယဲ့ စိတ်ထဲမှ သတိထားမိသောကြောင့် ယခု ဟယ့်ကျားစစ်၏ စကားများကို ကြားသောအခါ ဟယ့်ကျားစစ်၌ ကောင်းမွန်သော ရည်ရွယ်ချက်များမရှိကြောင်း သူမ ခံစားမိလိုက်၏။
ဟယ့်ကျားစစ် သုံးသော နည်းလမ်းများအားလုံးသည် သူမ သုံးနေကျနှင့် စွန့်ပစ်လိုက်ရသော နည်းလမ်းများသာ ဖြစ်၍ ဤတစ်ကြိမ်၌ ကွာခြားသွားသည့်အချက်မှာ သူမက သားကောင်ဖြစ်နေခြင်းပင်။
သို့သော် သူမ ဆန့်ကျင်နိုင်ရဲ့လား။ အဖြေမှာ တစ်ခုတည်းပင်။ မဆန့်ကျင်နိုင် ဟူ၍သာ။
အရင်တစ်ခေါက် ဟယ့်ကျားစစ် ဆေးရုံသို့ သူမအား လူမမာမေးရန် လာစဥ်က ဟယ့်ကျားစစ်သည် သူမ၏ ဖခင်နှင့် တွေ့သွားခဲ့၍ ဤချမ်းသာသော မမလေးနှင့် သူငယ်ချင်းကောင်းဖြစ်လာရန် ဖခင်ဖြစ်သူက သူမအား ပြောခဲ့သည်။ ဟယ့်ကျားစစ်က အနာဂတ်တွင် သူမ၏ မိဘများအား ချောင်ဝေ့မင်၏ စက်ရုံသေးသေးလေး၌ ရင်းနှီးမြုပ်နှံခိုင်းမည်ဟု ကတိပြုခဲ့သောကြောင့် ယခုအချိန်တွင် ဟယ့်ကျားစစ်က သူ၏ ခရီးဇစ်ဆ် ဖြစ်နေ၏။ အကယ်၍ သူမသာ ဟယ့်ကျားစစ်ကို အပြစ်ပြုမိပါက လာမည့်နေ့ရက်များ၌ သူမ ကောင်းကောင်းမွန်မွန် မနေနိုင်မည်မှာ အသေအချာပင်။
(T/N: ခရီးဇစ်ဆ်ဆိုတာ သမိုင်းထဲက အရမ်းချမ်းသာတဲ့ ဘုရင်ကြီးပါ၊ သူက ချမ်းသာလွန်းလို့ သူ့ရဲ့နာမည်က ချမ်းသာကြွယ်ဝခြင်းရဲ့သင်္ကေတသဘောမျိုး ဖြစ်လာတဲ့အထိပါပဲ။ ကျိကျိတက် ချမ်းသာကြွယ်ဝတဲ့သူတွေကို ခရီးဇစ်ဆ် လို့ ခေါ်ညွှန်းလေ့ရှိပါတယ်။)