Chapter 142 : လူပြက်
ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ ပြောချင်သော်လည်း မပြောရဲဖြစ်နေသည့် ပုံစံအား သတိထားမိသွား၍ အလွန်အံ့သြသွားသည်။
သူမ၏ နောက်တွင်ရှိသော ရှောင်ဟိုင်ချင်းက ဟယ့်ကျားစစ်နှင့် ချောင်ဟုန်ယဲ့ ရင်းနှီးသည်ဟု ကြားပြီးနောက် ချက်ချင်းပင် သတိအနေအထား ဖြစ်သွား၍ ဟယ့်ကျားစစ်အား တားဆီးလိုက်၏။
"ချောင်မိသားစုမှာ ချောင်ဟုန်ယဲ့နဲ့ ချောင်ကျစ်ကျိုး ဆိုတဲ့ ဒီနဂါးနဲ့ ဇာမဏီလို အမြွှာနှစ်ယောက်ပဲရှိတာ၊ ပြီးတော့ ယွင်ကျောင်းနဲ့လည်း မျိုးရိုးနာမည်ကို မျှဝေမထားဘူး။ သူတို့က ဘယ်လိုလုပ်ပြီး ညီအစ်မတွေဖြစ်နိုင်မှာလဲ။ ဒီလောက်ဆို တော်ပြီ၊ ယွင်ကျောင်း၊ ငါ ဗိုက်ဆာလို့ သေတော့မှာပဲ။၊ သွားကြစို့၊ မြန်မြန်လေး"
ရှောင်ဟိုင်ချင်းက စကားပြောပြီးသည့်နောက် ထိုအရူးမအား သူမ၏ နောက်တွင် ချန်ထားခဲ့၍ ကျင်ယွင်ကျောင်းအား အခန်း၏ အပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။ စူးချူနှင့် ကန်ကျင်းချန်တို့သည်လည်း သူတို့၏ နောက်သို့ ခပ်မြန်မြန်ပင် လိုက်သွား၍ ကျောင်းပြောင်းလာသော ကျောင်းသားနှစ်ယောက်နှင့် ဝေးဝေးနေရန် စိတ်စောနေကြ၏။
ဟယ့်ကျားစစ်၏ မျက်လုံးများ၌ လှောင်ပြောင်နေသော အရိပ်အယောင်များ ပါဝင်နေပြီး သူမက အနည်းငယ် စိတ်တိုသွားဟန်ဖြင့် ပြောလိုက်သည်။
"အစ်ကို ကျစ်ဟွား၊ ဘာလို့ ဒီခရိုင်သေးသေးလေးထဲက လူတွေရဲ့စိတ်ထားက အရမ်းထူးဆန်းတာလဲ။ ကျွန်မလည်း ဘာမှမပြောဘဲနဲ့ သူတို့က ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေသေးတယ်"
ထန်ကျစ်ဟွားက မျက်မှောင်ကြုံ့၍ တုံ့ပြန်လိုက်၏။
"တော်လောက်ပြီ။ နင် ဒီကို ခေါင်းမာမာနဲ့ ပြောင်းလာတာကို ငါ မတားနိုင်ဘူး၊ ဒါပေမယ့် နင် ကျောင်းမှာ အရှုပ်တွေကို ဖန်တီးနေတာကတော့ လုံလောက်ပြီ။ နင် ကျင်းယွင်ကျောင်းနဲ့ ဝေးဝေးနေတာ ပိုကောင်းမယ်"
သူသည် ကျောင်းပြောင်းလာခဲ့သော်လည်း ကျင်းယွင်ကျောင်း၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နောက်ကွယ်မှ အကြောင်းပြချက်ကို အခြားတစ်ယောက်အား ဘယ်တော့မှ ပြောပြမည် မဟုတ်ပေ။ စင်စစ် သူမသည် အသက်ငယ်သေး၍ ဆေးကုသခွင့်လိုင်စင်လည်း မရှိသေး။ အကယ်၍ မိသားစုထဲမှ အခြားတစ်ယောက် သို့မဟုတ် အပြင်လူတစ်ယောက်ယောက်သာ သူမက သူ၏ သမားတော် ဖြစ်ကြောင်း သိသွားပါက သူတို့ ဘယ်လိုအရှုပ်အထွေးမျိုးကို ဖန်တီးလိမ့်မည်မှန်း သူ မခန့်မှန်းနိုင်ချေ။
ထို့ကြောင့် သူထုတ်ပြောနိုင်သည့် အကြောင်းပြချက်မှာ အလွန်ပင် ရိုးရှင်းပြီး ဟွားနင်ခရိုင်သို့ အနားယူရန် လာခဲ့သည်ဟူ၍ပင်။
မမျှော်လင့်ဘဲ ဟယ့်မိသားစုက ဟယ့်ကျားစစ်အား သူ့နောက်သို့ လိုက်ခွင့်ပြုမည်ဟု သူတစ်ခါမှ တွေးမထားခဲ့။ ပြီးလျှင် စာလေ့လာသည့် ပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ရန်အတွက် လက်ရွေးစင်ကျောင်းသားများအားလုံးကို စုစည်းပေးရန် သူတို့သည် ကျောင်း၌ပင် ငွေကြေးအများအပြား ရင်းနှီးမြုပ်နှံခဲ့သေးသည်။
ဟယ့်ကျားစစ်က အစွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့အား စိတ်အားထက်သန်စွာဖြင့် ကြည့်ကာ ဆက်ပြောလာ၏။
"အစ်ကိုကျစ်ဟွား၊ ကျွန်မရဲ့အဖေက ကျွန်မတို့နှစ်ယောက်လုံးကို အရမ်းစိုးရိမ်နေတယ်။ ဒီနေရာသေးသေးလေးက မီးခိုးတွေ၊ မြူခိုးတွေနဲ့ ပြည့်နေတာ။ ကျွန်မတို့ သူတို့နဲ့ အတူနေနေတာကိုက မှားနေတာ လုံလောက်ပြီ။ ကျွန်မတို့ကို ကိုယ့်ကိုကိုယ် နှိမ့်ချပြီးတော့ အဲဒီအဆင့်မကောင်းတဲ့သူ၊ လူဆိုးလူမိုက်တွေနဲ့ ပေါင်းသင်းဆက်ဆံရင်တောင်မှ သူတို့က ကျွန်မတို့ကို လမ်းမှားကို ဦးတည်သွားစေရင် ဘယ်လိုလုပ်မလဲ။ တကယ်တော့ ကျွန်မက ဒါတွေကို လျစ်လျူရှုနိုင်ပါတယ်။ ဒါပေမယ့် အစ်ကိုကျစ်ဟွား၊ အစ်ကို့ရဲ့ကျန်းမာရေးက မကောင်းဘူးလေ။ အဲဒီ အသိဉာဏ်မရှိတဲ့သူတွေက အစ်ကို့ကို ရန်စပြီး အပြစ်ပြုနေတာကို ကျွန်မ မကြည့်ချင်ဘူး"
ထန်ကျစ်ဟွားသည် ဟယ့်ကျားစစ်၏ အတွေးများကြောင့် ဘာပြောရမည်မှန်း မသိတော့သဖြင့် ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်သည်။
သူနှင့်ဟယ့်ကျားစစ်သည် အတူတကွ ကြီးပြင်းလာခဲ့၏။ သူတို့ ငယ်စဥ်က သူမသည် ချိုသာပြီး တွယ်ကပ်တတ်သော်လည်း အလွန်ကြင်နာတတ်သည်။ သို့ရာတွင် သူတို့ အသက်ကြီးလာသည်နှင့်အမျှ သူမ၌ တဖြည်းဖြည်း လွှမ်းမိုးချုပ်ကိုင်ချင်သော အတွေးများ ပို၍ ပို၍ များလာ၏။ သူတို့ နင်းမြို့တော်တွင်ရှိနေစဥ်က သူတို့၏ အပေါင်းအသင်း အသိုက်အဝန်းသည် အားလုံးအတူတူပင် ဖြစ်သဖြင့် သူသည် ထိုအကြောင်းနှင့် ပတ်သတ်ပြီး ဆိုးသည်ဟု မတွေးခဲ့ဖူးပေ။ သို့သော် ယခု သူတို့ ဟွားနင်ခရိုင်သို့ လာခဲ့ချိန်မှစ၍ သူတို့၏ စိတ်ထားများကိုလည်း ပြောင်းလဲသင့်ပြီဖြစ်သည်။
"နောက်တစ်ခါ နင် ဒီလိုမျိုး မပြောသင့်ဘူး။ ငါတို့ရဲ့အတန်းဖော်တွေက တော်တော်လေး ကောင်းတယ်။ တကယ်လို့ သူတို့က သခင်မလေးဆိုတဲ့ နင့်ရဲ့အဆင့်အတန်းနဲ့ယှဥ်လို့ မရဘူးလို့ တွေးထားရင် နင်းမြို့တော်ကို ပြန်သွားလိုက်။ ငါ့ရဲ့ကျန်းမာရေးက မကောင်းရင်တောင်မှ အချိန်တိုင်းစက္ကန့်တိုင်း ငါ့ရဲ့ခြေလှမ်းတိုင်းကို စောင့်ကြည့်ဖို့ နင့်ကို လိုစရာအကြောင်းမရှိဘူး"
ထန်ကျစ်ဟွား၏ အမူအယာက ပြောင်းလဲသွားပြီး တင်းမာသွားသည်။
သူက စကားဆုံးသည်နှင့် အချိန်ကို ကြည့်လိုက်ပြီး ချောင်ဟုန်ယဲ့အား နောက်တစ်ခေါက် ကြည့်လိုက်၏။
"နေ့လည်စာကို နင့်ရဲ့သူငယ်ချင်းအသစ်နဲ့ အတူတူ သွားစားတာက ပိုကောင်းလိမ့်မယ်။ ငါ ပြန်ပြီး အနားယူတော့မယ်"
စကားအနည်းငယ် ပြောရုံနှင့်ပင် ဟယ့်ကျားစစ်သည် ဒေါသထွက်လွန်း၍ မျက်လုံးနီရဲနေသော်လည်း ထန်ကျစ်ဟွားက ချက်ချင်းပင် လှည့်ထွက်သွားကာ သူမအား စကားပြောခွင့် လုံးဝမပေးခဲ့။
သူမက အံကြိတ်လိုက်သည်၊ မျက်ရည်များက စီးကျလာချိန်ပင် မရှိလိုက်ချေ။ ခဏမျှကြာပြီးနောက် သူမက မျက်ခုံးပင့်လိုက်ပြီး ချောင်ဟုန်ယဲ့အား မျက်လုံးဝေ့၍ ကြည့်လိုက်သည်။
"အစ်ကိုကျစ်ဟွားက ငါ့ကို နင်ကို နေ့လည်စာ ကျွေးစေချင်နေတာဆိုတော့ တစ်ခါလောက် နင့်ကို ငါ့ဆီကနေ အခွင့်အရေးယူခွင့် ပြုလိုက်ပါ့မယ်။ ဒါပေမယ့် နင် ငါ့ကို အဲဒီကျင်းယွင်ကျောင်းနဲ့ ပတ်သတ်တဲ့ အရာအားလုံးကို ပြောပြတာ ပိုကောင်းမယ်"
သူမ၏ အလိုလိုသိစိတ်သည် အတိကျဆုံးဖြစ်၏။ အစ်ကိုကျစ်ဟွားသည် မိန်းကလေးများနှင့် အမြဲတမ်း အကွာအဝေးတစ်ခုခြား၍ နေခဲ့သော်လည်း သူတို့ ထိုင်ခုံနေရာများ ရွေးစဥ်အခါက သူသည် ကျင်းယွင်ကျောင်း၏ ဘေး၌သာ ထိုင်ခဲ့သည်။ မပြောကောင်း မဆိုကောင်း သူ ဟွားနင်ခရိုင်သို့ လာရသည့် အကြောင်းရင်းမှာ သူမပင် ဖြစ်နေနိုင်၏။
ထန်ကျစ်ဟွားအတွက် သူမနှင့် တိုက်ခိုက်နေသည့်သူဟု တွေးလိုက်ပါက သူမ၏ နှလုံးသားထဲ၌ ဒေါသမီးများ လောင်မြိုက်လာသည်။
သို့သော် ခပ်မြန်မြန်ပင် သူမ၏ နှုတ်ခမ်းများက ပြုံးယောင်သမ်းသွား၏။ ၎င်းသည် တောက ကောင်မလေးတစ်ယောက်သာပင်။ သူမက ထန်ကျစ်ဟွားအပေါ် ရည်ရွယ်ချက်ရှိနေလျှင်တောင်မှ သို့မဟုတ် သူ၏ ရည်းစား ဖြစ်လာလျှင်တောင်မှ သူမသည် ထန်မိသားစု၏ အသိအမှတ်ပြုမှုကို သေချာပေါက် လက်ခံရရှိမည်မဟုတ်ပေ။ အလွန်ဆုံး သူမသည် လူပြက်တစ်ယောက်သာ ဖြစ်လာလိမ့်မည်။