Chapter 143 : နဂါးတစ်ကောင်က မြွေတစ်ကောင်ကို ခြောက်လှန့်အနိုင်မယူနိုင်ခြင်း
ကျင်းယွင်ကျောင်းနှင့် ထိုသုံးယောက်သည် ဝမ်ရှင်းဟွားယွမ့်သို့ ပြန်လာခဲ့ကြသော်လည်း ကျောင်းပြောင်းလာသော ကျောင်းသားနှစ်ယောက်အပေါ်၌ သူတို့၏ စပ်စုချင်စိတ်မှာမူ လျော့ကျမသွားသေးချေ။
မီးဖိုခန်းထဲ၌ ကျင်းယွင်ကျောင်းသည် ဝိညာဥ်ကျောက်စိမ်းအတွင်းထဲမှ ညွှန်ကြားချက်များအတိုင်း ဆေးဖက်ဝင် ဟင်းလျာအား တစ်ဆင့်ချင်း ချက်ပြုတ်နေသည်။ လက်တွေ့ ဧည့်ခန်းထဲမှ စောင့်နေရသော သုံးယောက်မှာ မီးဖိုထဲမှ ပျံ့လွင့်လာသော ရနံ့များကြောင့် တံတွေးမြိုချနေရကြသော်လည်း ယခုအချိန်၌ သူတို့သည် သူတို့အစာအိမ်အား နှစ်သိမ့်ရန်အတွက် အသီးအချို့ကိုသာ စားနေနိုင်၏။
"ဒီအသီးတွေအားလုံးကို ပြောင်ကျဲရဲ့ ရှစ်ဖူး စိုက်ထားတာတဲ့၊ အရမ်းလတ်ဆတ်တယ်။ အရင်ရက်တွေတုန်းက ကျွန်မ အစပ်တွေ အစားများသွားတာ ဒီအသီးတွေသာ မရှိရင် ကျွန်မ မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်နေလောက်ပြီ"
စူးချူက ပန်းသီးအကြီးကြီးတစ်လုံးအား ကိုင်ထားကာ ဟမ်းစတားလေးတစ်ကောင်ကဲ့သို့ တမြုံ့မြုံ့ ကိုက်ဝါးနေရင်း တစ်ချိန်တည်းမှာပင် စကားပြောနေ၏။ သူမ၏ ပါးနှစ်ဖက်လုံးကို လုံးဝိုင်းလာသည်အထိ ဖောင်းကားနေပြီး သူမ၏ ပုံစံမှာ အလွန်အမင်း ချစ်စရာကောင်းနေသည်။
တစ်လျှောက်လုံးတွင် ရှောင်ဟိုင်ချင်းသည် ချစ်စရာကောင်းသော အရာများကို စိတ်မဝင်စားဖူးပေ။ ချစ်စရာကောင်းသော မိန်းကလေးငယ်လေးများနှင့် ယှဥ်ပါက သူမသည် ကျင်းယွင်ကျောင်း၏ အေးစက်၍ ဧကရီဆန်သော ပုံစံမျိုးကို ပိုသဘောကျသည်။ သို့သော် ယခု သူမသည် စူးချူနှင့် ရင်ဆိုင်ရသောအခါ သူမသည် မည်သည့်ရွံရှာစက်ဆုပ်မှုမျိုးကိုမှ မခံစားရပေ။ သူမသည် သူမ၏ အကွာအဝေးများကို ချိုးဖျက်ပစ်နိုင်သည့် ချစ်စရာကောင်းသော ဤမိန်းကလေး၏ ဆွဲဆောင်မှုများကို တောင့်မခံနိုင်။
သူမ၏ ချစ်စရာကောင်းမှုသည် သန့်စင်ချင်ယောင်ဆောင်နေသော ထိုကျောင်းသူများနှင့် ကွာခြား၍ ဖြစ်နိုင်သည်။
ရှောင်ဟိုင်ချင်းက မီးဖိုခန်းဘက်သို့ ကြည့်ရန် ခေါင်းလှည့်ပြီး မစဥ်းစားဘဲ ပြောလိုက်၏။
"အဲဒီ ထန်ကျစ်ဟွားဆိုတဲ့ ကောင်က နည်းနည်း ထူးဆန်းနေသလိုပဲ"
"ဘာလို့ ဒီလိုပြောတာလဲ"
စူးချူက နားမလည်ပေ။
"ထန်ကျစ်ဟွားကို မြင်လိုက်တာနဲ့ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်မှန်း သိသာတယ်။ သူက ဒါကို ထုတ်မပြောရင်တောင်မှ ကြင်နာထောက်ထားတတ်တဲ့ ပုံပေါက်နေတုန်းပဲ။ စရိုက်သရုပ်မှန်က လိမ်မရဘူး။ ဒီလိုလူမျိုးက ရုတ်တရက် ငါတို့ရဲ့ခရိုင်မြို့သေးသေးလေးကို ပြောင်းလာတယ်။ သူ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတာ ငါ မယုံဘူး"
ရှောင်ဟိုင်ချင်းက သူမ၏ အသီးကို "ခွပ်" ခနဲ မြည်အောင် ကိုက်လိုက်ပြီး ဆက်ပြောသည်။
"အဲဒီ ဟယ့်ကျားစစ်..."
"ဟယ့်ကျားစစ်က ကျင်းယွင်ကျောင်းကို တော်တော်ကြီးကြီးမားမား မုန်းနေတယ်"
ကန်ကျင်းချန်က သူမ၏ စကားစကို ကောက်ပေးလိုက်သည်။
"သူ့ကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူသာ ငါတို့မိသားစုရဲ့ ယွင်ကျောင်းကို အနိုင်ကျင့်ရဲရင် ငါ သူ့ကို သေအောင် ရိုက်ပစ်မယ်။ အစွမ်းရှိတဲ့ နဂါးလည်း မြွေတစ်ကောင်ကို ခြောက်လှန့်အနိုင်မယူနိုင်သေးပါဘူး"
ရှောင်ဟိုင်ချင်းက မျက်လုံးလှန်လိုက်၏။ ထို မိန်းကလေး၏ အကြောင်းကို စဥ်းစားရုံနှင့်ပင် သူမ၏ အစာစားချင်စိတ်အား ပျောက်ဆုံးစေသည်။
သူတို့သုံးယောက်၏ အသံများက မကျယ်သော်လည်း ကျင်းယွင်ကျောင်းကမူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်၏။ သူမသည် သူတို့ကြောင့် မလှုပ်နိုင်ဘဲ ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
အတိတ်ဘဝက သူမတွင် သူငယ်ချင်းတစ်ယောက်ပင် မရှိခဲ့ချေ။ ရှင်သန်ရခြင်းက ဝမ်းနည်းဖွယ် သတိပေးချက်တစ်ခုသာသာပင်။ ဤကာကွယ်ပေးခံရသည့် ခံစားချက်က သိပ်မဆိုးလှ။
သူမ၏ နှုတ်ခမ်းလေးများက ကွေးညွတ်ကာ ပြုံးသွား၍ ချက်ပြီးသား ဟင်းပွဲများကို စားပွဲပေါ်သို့ တည်ခင်းလိုက်သည်။ ထိုအချိန်တွင် ရှောင်ဟိုင်ချင်းက သူမ၏ တံတောင်ဆစ်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေ၏။
"ယွင်ကျောင်း၊ နင့်ရဲ့ကိုယ်သင်းရနံ့က တကယ်ကို ကောင်းတာပဲ"
ရှောင်ဟိုင်ချင်းက နှာဘူးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။
ကျင်းယွင်ကျောင်းက မကျေနပ်ဟန် ပြုမူ၍ ပူးပေါင်းပေးလိုက်၏။
"ဆီနံ့တွေ မီးခိုးနံ့တွေနဲ့တောင်မှ နင်က ဒါကို ထည့်ပြောချင်သေးနေတယ်ပေါ့လေ။ နင် အဲဒီအနံ့ကို ကောင်းတယ်လို့ ထင်နေရင် မီးဖိုချောင်ကိုသွား။ နင် မကျေနပ်မချင်း အဲဒီအနံ့ကို ရှူလို့ရတယ်"
"အား အား အား နင်တို့တွေ နားလည်ကြရဲ့လား။ ငါ့မိသားစုရဲ့ယွင်ကျောင်းက တကယ့်ကို ချစ်စရာကောင်းလွန်းတယ်။ ငါ ဘာလို့များ ယောက်ျားလေးတစ်ယောက် မဟုတ်ရတာလဲ။ ငါ တကယ်သူ့ကို နမ်းချင်တယ်"
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်း ပြောသမျှကို လုံးဝ လျစ်လျူရှုထားပြီး သူမ၏ မျက်လုံးများက ဂုဏ်ယူမှုများနှင့် တောက်ပနေသည်။ သူမက တွန်းဖယ်ခံလိုက်ရပြီးနောက် တစ်ယောက်ယောက်အား ပွတ်သပ်ရန် ရှာလိုက်ပြီး စူးချူ၏ မျက်နှာကို ကိုင်၍ ယူကြုံးမရဖြစ်စွာဖြင့် ပြောလိုက်၏။
ဤကဲ့သို့ ရှောင်ဟိုင်ချင်း ဟာသလုပ်နေခြင်းက ကျင်းယွင်ကျောင်း၏ မျက်နှာကိုပင် နီရဲလာစေသည်။
ကန်ကျင်းချန်က သူမ၏ အကြည့်နောက်ကို လိုက်သွား၍ ကျင်းယွင်ကျောင်းကိုလည်း ကြည့်မိသွားရာ သူ၏ နှလုံးသားက ရုတ်တရက် တစ်ချက် ခုန်သွား၏။ ထို့ကြောင့် သူက သူ၏ အကြည့်များကို အမြန်ပင် ရုတ်သိမ်းလိုက်ရသည်။
ကျင်းယွင်ကျောင်းသည် ပိန်ပါး၍ အရပ်ရှည်ပြီး ပျိုဖော်ဝင်ခြင်းကလည်း သူမအား ကောင်းကောင်း ပံ့ပိုးပေးထား၏။ သို့သော် သူမက ညှို့ဓါတ်မရှိပေ။ သူမ၏ ဇာမဏီမျက်ဝန်းများက တောက်ပသော်လည်း အေးစက်နေပြီး သူမ၏ မျက်ခုံးတန်းများက ညဥ့်ယံကဲ့သို့ နက်မှောင်နေသည်။ သူမတွင် ပြတ်သားမှုကို ပေးစွမ်းနေသည့် နီရဲရဲနှုတ်ခမ်းတစ်စုံရှိသော်လည်း ပြုံးမနေပေ။ သူတို့ အိမ်၌ရှိသောအခါတွင် သူမသည် အစိမ်းရောင် ပိုးစောင်တစ်ထည်ကို ခြုံ၍ သူမကိုယ်သူမ ပျင်းရိစွာ သယ်၍ နေတတ်သည်။ လူတိုင်း၏ အပေါ်၌ သူမ၏ အကြည့်များသည် ထူးခြားသော အလင်းရောင်တစ်ခုကို သူမ၏ မျက်ဆန်အိမ်များထဲ၌ သယ်ဆောင်ထား၏။ ခုနက ရှောင်ဟိုင်ချင်း သူမကို စနောက်နေသောကြောင့် သူမ၏ နားရွက်ဖျားလေးများက ခပ်ဖျော့ဖျော့ နီရောင်သမ်းနေသည်။ ကံဆိုးစွာပင် သူမ၏ မွေးရာပါ အကွာအဝေးတစ်ခုခြား၍ နေတတ်သော စိတ်ထားက သူမအား မာနကြီးပုံပေါ်စေ၍ သတ္တိရှိရန် ကြိုးစားနေပုံပေါ်စေ၏။ မည်သို့ပင် ဆိုစေကာမူ ၎င်းက လူများအား မတူညီသော ချစ်စရာကောင်းမှုတစ်ခုကို ခံစားရစေသည်။
ကန်ကျင်းချန်က စိတ်ငြိမ်စေရန် အသက်ကို ရှုသွင်းလိုက်၏။ သူသည် ကျောင်းသားကောင်းတစ်ယောက် ဖြစ်၍ ဆယ်ကျော်သက်အချစ်ကို မတွေ့ကြုံချင်ပေ။ သို့ရာတွင် ဤကဲ့သို့သော မိန်းကလေးမျိုးဖြစ်သည့် ကျင်းယွင်ကျောင်းနှင့် အတူနေရခြင်းက ဖိအား အလွန်ကြီးမားလှသည်။
"ကန်ကျင်းချန်၊ နင့်ရဲ့မျက်နှာက ဘာလို့နီရဲနေတာလဲ။ နင်လည်း ကျင်းယွင်ကျောင်းကို နမ်းချင်နေတာတော့ မဖြစ်နိုင်လောက်ပါဘူးနော်"
ရှောင်ဟိုင်ချင်းက သူခိုးပြုံး ပြုံးလိုက်ပြီး ဆက်ပြောလာ၏။
"ဒါပေမယ့် စဥ်းတောင် မစဥ်းစားနဲ့၊ ကျင်းယွင်ကျောင်းက ငါ့အပိုင်"
ကန်ကျင်သည် မူလက ရှက်သွေးဖြာမနေသော်လည်း သူမပြောသည်အား ကြားလိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် မီးခိုးများ ထွက်လာတော့သည်။ သူသည် ကြမ်းခင်းကျောက်ပြားများထဲ၌သာ သူ၏ ခေါင်းကို နှစ်ထားလိုက်ချင်တော့သည်။