Chapter 144 : နဂိုအတိုင်းပြန်မဖြစ်နိုင်သော ထိခိုက်မှု
သူမ၏ နောက်ပြောင်ကျီစယ်မှုအား ရပ်လိုက်ပြီး ရှောင်ဟိုင်ချင်းက အားရပါးရ ရယ်မောလိုက်၏။ စူးချူသည်ပင် သူမ၏ ပုံရိပ်ကို မေ့၍ ဗိုက်ကိုနှိပ်ကာ ရယ်နေကာ သူ၏ လက်ရှိ၌ 囧 ကဲ့သို့ဖြစ်နေသော မျက်နှာကြီးအား ဓါတ်ပုံရိုက်ချင်လွန်း၍ လက်ယားနေသည်။
(Editor Note : 囧 က Emoji သဘောပါ၊ တရုတ်စာလုံးဆိုပေမယ့် ကန်ကျင်းချန် ရဲ့ မျက်နှာအမူအရာကိုပြတဲ့အနေနဲ့ ဒီနေရာမှာ သုံးထားတာပါ၊ ဘာထူးထူးခြားခြားအဓိပ္ပာယ်မှ ရှိပုံမရပါဘူး)
သို့ရာတွင် ကန်ကျင်းချန်၏ စရိုက်အား သဘောထားကြီးသည်ဟု မှတ်ယူနိုင်သည်။ မိန်းကလေးနှစ်ယောက်က ပို၍ တဝါးဝါးပွဲကျနေလေလေ သူက ပို၍ စိတ်ငြိမ်လာလေလေဖြစ်၏။ ခဏမျှကြာပြီးနောက်တွင် ကျင်းယွင်ကျောင်း၏ သဘောထားသည်သည်လည်း ယခင်ကကဲ့သို့ စိုးရိမ်ကြောင့်ကြမှုမရှိတော့သည်အား မြင်လိုက်ရ၍ နောက်ဆုံးတွင်မူ သူတို့လေးယောက်သည် နေ့လည်စာစားရန်အတွက် ထိုင်လိုက်ကြပြီး စကားစမြည်ပြောနေကြတော့သည်။ လေထုက အလွန်အမင်း မနာလိုစရာပင်။
နေ့လည်စာစားပြီးသောအခါ ကျင်းယွင်ကျောင်းသည် ဟွားဇယ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
ကောင်းရှင်း လွတ်လာပြီးဖြစ်ကြောင်း သူမ ကောက်ချက်ချလိုက်သည်။
ကောင်းရှင်းသည် ကြီးလေးသော ရာဇဝတ်မှုကို မကျူးလွန်ခဲ့ပေ။ ထို့ကြောင့် ဤမျှလောက်ကြာချိန်ဝန်းကျင်၌ လွတ်လာခြင်းက ပုံမှန်ပင်။ ကိစ္စများက ရှုပ်ထွေးလာတော့မည့်အကြောင်းကို တွေးမိလိုက်ရုံနှင့် ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အတွက် ခဏမျှ ငြိမ်သက်ပေးလိုက်၏။
ကျားစစ်ကိုလည်း ကြည့်လိုက်ရုံနှင့်ပင် သူမသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်း ပြောနိုင်သည်။ ယခု ကောင်းရှင်းကိုပါ ထပ်ပေါင်းလိုက်ပါက အနာဂတ်၌ ချောင်ဟုန်ယဲ့သည် ကျောင်းပေါက်ဝသို့ ခြေတစ်လှမ်းပင် မချနိုင်တော့သည်အထိ ဖြစ်သွားနိုင်၏။
သို့သော် ဟွားဇယ်က ဖုန်းချသွားသည်နှင့် တုလင်းက ဖုန်းခေါ်လာသည်။ သူ၏ အသံက အနည်းငယ် အလျင်လိုနေပြီး၊ ကျင်းယွင်ကျောင်းကိုပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေ၏။
"ယွင်ကျောင်း၊ အခု ပြဿနာတစ်ခုရှိနေတယ်"
တုလင်းက သက်ပြင်းချလိုက်ပြီး အချိန်တစ်ခုကြာအောင် ညည်းညူပြောဆိုနေသည်။
"ဘာဖြစ်တာလဲ။ ယွီထျန်းရှန်းရဲ့ပါဝင်ပစ္စည်းတွေမှာ ပြဿနာရှိလို့လား"
အကယ်၍ ပါဝင်ပစ္စည်များ၌သာ အမှန်တကယ် ပြဿနာရှိနေပါက ၎င်းက သေချာပေါက်ပင် သူမကြောင့် ဖြစ်သည် မဟုတ်ပေ။ ပစ္စည်းပို့သူ ဦးလေးကြီးသည် ဖြောင့်မတ်၍ ရိုးသားသူဖြစ်သောကြောင့် ထိုပြဿနာက သူကြောင့်လည်း မဖြစ်နိုင်ပေ။ ဆယ်ကြိမ်၌ ကိုးကြိမ်မှာ ပြဿနာက ယွီထျန်းရှန်း၏ ဝန်ထမ်းပင် ဖြစ်လိမ့်မည်။
သို့ရာတွင် ကျင်းယွင်ကျောင်း သူမ၏ အမြင်ကို ထုတ်မပြောရသေးမီမှာပင် သူမက တုလင်းပြောသည်အား ကြားလိုက်ရ၏။
"အဲဒါက လီရှောက်ပါ...သူ ဆေးရုံတက်နေရတာ၊ ပြီးတော့ ဆရာဝန်က ပြောတယ်...ဟူး...ဘာပဲဖြစ်ဖြစ် သူ့ရဲ့လက်ရှိအခြေအနေက အရမ်းသနားစရာကောင်းတယ်"
ကျင်းယွင်ကျောင်း မျက်နှာပျက်သွား၏။ လီရှောက်ယွင်၏ ပြဿနာက သူမနှင့် ဘာဆိုင်သနည်း။
သို့သော် ထိုအကြောင်းကို တွေးပြီးနောက် သူမ၏ စိတ်ထဲ၌ သူမ ကန်ခဲ့သည်အား ပြန်သတိရလာ၍ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
"ရှင်းအောင် ပြောပြပါဦး။ သူက နေမကောင်းဖြစ်နေတာလား ဒါမှမဟုတ် တခြားပြဿနာ ရှိနေတာလား"
ထိုအခိုက်တွင် တစ်ဖက်မှ ဖုန်းပြောနေသော တုလင်းသည် သူ၏ ရယ်ချင်စိတ်ကို ထိန်းချုပ်ထား၍ ငိုချင်နေသော အမူအယာကို အတင်းလုပ်ယူနေသည်။ သူက သူ၏ အသံကို ဆွဲဆွဲငင်ငင်လုပ်လိုက်ပြီး ရှင်းပြလိုက်၏။
"ဒီပြဿနာက...ထုတ်ပြောသင့်တာတော့ မဟုတ်ဘူး...ဟူး...သူ ဒဏ်ရာရထားတာ။ အရမ်းပြင်းထန်တယ်။ လီမိသားစုအနေနဲ့ သူတို့ရဲ့ စီးပွားဖက်တွေကို ဘာလုပ်ပေးသင့်လဲ အာ...."
ကျင်းယွင်ကျောင်း၏ နှလုံးသားသည် အေးခနဲ ဖြစ်သွားပြီး သူမ၏ အမူအယာက ခါးသီးသွားသည်။
အရင်တစ်ခေါက် သူမ၏ ကန်ချက်က အနည်းငယ် ရက်စက်သော်လည်း လီရှောက်ယွင်က နောက်သို့ အနည်းငယ် ရွေ့သွားကြောင့် ဒဏ်ရာက မပြင်းထန်ဟု သူမ ထင်ခဲ့မိ၏။ ထို့အပြင် အချိန်ကလည်း အတော်လေး ကြာသွားပြီဖြစ်သောကြောင့်ပင်။
သို့သော် တုလင်းက ဤကဲ့သို့ငိုကြွေးနေသည်အား သူမ မြင်သောအခါ တစ်ဖန်ပြန်၍ သူမကိုယ်သူ သံသယဝင်လာပြန်သည်။ စင်စစ် သူမသည် ကိုယ်ခံပညာ လေ့ကျင့်ထားသူ ဖြစ်သောကြောင့် သူမ၏ ခွန်အားက သာမန်လူများနှင့် နှိုင်းယှဥ်ပါက ကွာခြား၏။ သူမက တကယ်ပင် လီရှောက်ယွင်အား နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့သည့် ထိခိုက်မှုဖြစ်အောင် လုပ်လိုက်မိခြင်း ဖြစ်နိုင်သည်။
"အဲဒါဆိုရင် ဒီလိုလုပ်ရအောင်။ ကျွန်မ အခု သူ့ကို သွားတွေ့လိုက်မယ်။ ဘယ်ဆေးရုံလဲ"
ကျင်းယွင်ကျောင်းက အလျင်စလို မေးလိုက်၏။
အရင်းခံမှာ လီရှောက်ယွင်သည် သူမအား အန္တရာယ်မပြုခဲ့ရုံသာမက သူမအား စိတ်ကောင်းစေတနာဖြင့်လည်း သတိပေးခဲ့သေးသည်။ ယခု ကိစ္စများက ဤအခြေအနေထိ ရောက်သွားသည်ဖြစ်ရာ သူမ၏ နှလုံးသားသည်လည်း အနည်းငယ် မလွယ်မကူဖြစ်နေ၏။
ထို့အပြင် လီရှောက်ယွင်၏ ပုံစံအား ကြည့်သည်နှင့် သူ့တွင် မိန်းမများ ပြတ်လပ်မည်မဟုတ်ဟု ပြောနိုင်သည်။ အကယ်၍ ဤသည်က သူ၏ အနာဂတ် ပျော်ရွှင်မှုကိုပါ ထိခိုက်စေခဲ့လျှင် ထိုမိန်းမများက သူမအား သေလောက်အောင်ပင် ကျိန်ဆဲကြလိမ့်မည်ပင်။
တုလင်းက လိပ်စာပြောပြပြီးနောက် ကျင်းယွင်ကျောင်းက ကျန်သုံးယောက်အား အကျဥ်းချုပ်ပြောပြခဲ့၍ အိမ်မှ အလျင်စလို ထွက်လာခဲ့သည်။
အခြားတစ်ဖက်တွင်မူ တုလင်းက ဖုန်းချပြီးသည်နှင့် အသက် ပြင်းပြင်းရှုသွင်းလိုက်ပြီး သူ၏ အမူအယာက အပြစ်တစ်ခုကို ကျုးလွန်လိုက်ရသည့်အလားပင်။
"လီရှောက်၊ မင်းလည်း ဖူဟေး ဖြစ်လာတာလား။ အခုချိန်ဆို ဒီကလေးမလေး သေလောက်အောင် အပြစ်ရှိသလို ခံစားနေရတော့မယ်"
(T/N: ဖူဟေးဆိုတာ တိုက်ရိုက်ဘာသာပြန်ရရင် ဝမ်းတွင်းမည်းလို့ အဓိပ္ပါယ်ရပါတယ်။ အပြင်ပန်းပုံစံက ကြင်နာတတ်ပြီး အတွင်းစိတ်က ကောက်ကျစ်တဲ့သူတွေကို ပြောတာပါ။ အပြင်ချို အတွင်းကောက်ဆိုတဲ့ သဘောပါ။)
"အပြစ်ရှိတယ်လို့ ခံစားရမှာ မင်းသေချာလို့လား"
လီရှောက်ယွင်က မျက်ခုံးပင့်လိုက်ပြီး နှုတ်ခမ်းများကလည်း စိတ်ကြီးဝင်စွာ ပြုံးလိုက်၏။
"ငါထင်တာတော့ အများဆုံး သူက ငါ့အခြေအနေကို ကြည့်ချင်ရုံလောက်ပါပဲ"
"မင်း ဒီလိုမျိုးတော့ မရမ်းကားသင့်ဘူး မဟုတ်လား။ ကျင်းယွင်ကျောင်းက ခုမှ အသက်ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘူး။ ဒီလိုရောဂါမျိုးကို သူက ဘယ်လိုလုပ် ကြည့်ချင်မှာလဲကွ"
တုလင်းက မျက်ဖြူလှန်လိုက်၏။ သူသည် ယခင်က လီရှောက်ယွင်အား ဤမျှ ညစ်ပတ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
လီရှောက်ယွင်၏ အကြည့်များက တုလင်းအား ဖျတ်ခနဲ ကြည့်လိုက်ပြီး သူ၏ ခေါင်းပေါ်တွင် ပတ်ထားသော ပတ်တီးအား ညွှန်ပြလိုက်သည်။
"မင်းအတွေးလွန်နေပြီ၊ ငါပြောချင်တာ ဒီနေရာ။ ငါ ဘယ်တုန်းကများ သူ့ကို ငါ့ရဲ့အခြားရောဂါတွေကို ကြည့်ခိုင်းမယ်လို့ ပြောလို့တုန်း"
"ဒါဆို မင်း ဘာလို့ ငါ့ကို သူ့ကို လှည့်စားဖို့ ပြောနေသေးတုန်း"
တုလင်းက သူ့အား ချက်ချင်း စိုက်ကြည့်လာ၏။
"ဒီသခင်လေးက ဒဏ်ရာရထားတာနော်၊ အ..."
လီရှောက်ယွင်က မျက်လုံးကို စွေလိုက်၍ 'မင်း ငါ့ကို သတ်မယ်ဆိုရင်တောင် ဝန်မခံနိုင်ဘူး' ဟူသည့် သဘောထားအား ထုတ်ဖော်ပြသလိုက်သည်။