Chapter 145 : အရှံးသမားလိုလူတစ်ယောက်
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် ဆေးရုံသို့ အပြေးအလွှားရောက်လာ၏။ လီရှောက်ယွင်သည် သီးသန့်လူနာခန်းထဲ၌ နေ,နေသည်။ သူမ တံခါးကို ဖြတ်၍ ခြေချလိုက်သည်နှင့် လီရှောက်ယွင် မှိန်းနေသည်အား တွေ့လိုက်ရ၏။ သူသည် သေလောက်အောင်ပင် ဖြူဖျော့နေပြီး သူ၏ ခေါင်း၌လည်း ပတ်တီးများရှိနေ၏။
သူမ ရောက်လာစဥ်က သူနာပြုအား ဖြစ်ပျက်ခဲ့သည်များကို မေးပြီးဖြစ်သည်။ သိရသရွေ့ လီရှောက်ယွင် ဆေးရုံတက်ရသည်မှာ သူ ကားအက်စီးဒင့်ဖြစ်ခဲ့သောကြောင့်ပင်။ သဘောတရားအရ ပြောရလျှင် ဤသည်က သူမနှင့် ဘာမှဆိုင်မနေသင့်။
ကျင်းယွင်ကျောင်း၏ လက်မောင်းတွင် သစ်သီးခြင်းတောင်းတစ်ခုကို ချိတ်ထားပြီး အထဲရှိ သစ်သီးများအားလုံးမှာ သူမ၏ နေရာလွတ်နယ်မြေထဲမှ ထွက်သောသစ်သီးများနှင့် လဲလှယ်ထားပြီး ဖြစ်၏။ ၎င်းရနံ့မှာ သင်းပျံ့၍ ချိုမွှေးလှသည်။
"မင်း ရောက်လာပြီလား"
တုလင်းက ကသုတ်ကရက် မတ်တပ်ထရပ်လိုက်၍ ကျင်းယွင်ကျောင်းအား ကြည့်ရင်း အလွန် ရှက်ကိုးရှက်ကန်းဖြစ်နေ၏။
"လီရှောက်က ကားအက်စီးဒင့်ဖြစ်ပြီး သူ့ရဲ့နဖူးနဲ့ခြေထောက်မှာ ဒဏ်ရာရသွားတာ"
ကျင်းယွင်ကျောင်း၏ အမူအယာက မဲ့တဲ့တဲ့ဖြစ်သွား၏။ တုလင်း ရှိနေသောကြောင့် သူမလာရသည့် အကြောင်းအရင်းကို တိုက်ရိုက် ဖော်ပြရန် သူမအတွက် မလွယ်ကူပေ။
စင်စစ် သူမသည် ယောက်ျားကြီးနှစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူတို့၏ ကားအက်စီးဒင့်နှင့် ယခင် သူမ သူ့အား ကန်ခဲ့သည့် ဖြစ်ရပ် မည်သို့ ပတ်သတ်နေကြောင်း တစ်ဖက်လူအား ထုတ်မမေးနိုင်ပေ။
လီရှောက်ယွင်က သူ၏ မျက်လုံးများကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်၏။ ယခင်ကနှင့် ယခုလက်ရှိ သူ၏ ဖြူဖျော့နေသောပုံစံအား နှိုင်းယှဥ်ကြည့်ပါက ခေါင်းမာမှုများနှင့် တဇွတ်ထိုးဆန်မှု အနည်းငယ်လည်း ပျောက်ဆုံးနေ၍ ၎င်းက သူ့အား အနည်းငယ် ကရုဏာ သက်လာစေသည်။ သို့ရာတွင် သူ၏ ပတ်ဝန်းကျင်ရှိ မြင့်မြတ်သော အရှိန်အဝါက လျှော့ပါးမသွားပေ။ သူ၏ အကြည့်များကမူ အနည်းငယ် စိတ်ပျက်လက်ပျက်နှင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေပုံပင်။ ဤကဲ့သို့ ဖြစ်နေသော သူ့အား ကြည့်နေရင်း ကျင်းယွင်ကျောင်း အပြစ်ရှိသလို ခံစားရ စပြုလာသည်။
"ဘာလို့ ရှင် ရုတ်တရက်ကြီး ကားအက်စီးဒင့် ထဖြစ်တာလဲ။ ဆရာဝန်က ဘာပြောလဲ"
ကျင်းယွင်ကျောင်းက ခပ်သွက်သွက် မေးလိုက်၏။ သူမသည် ဤနေရာသို့ ရောက်လာခဲ့ပြီဖြစ်ရာ သူ့အား စိတ်ပူသည့်အကြောင်း ထုတ်၍မေးသင့်သေးသည်။
"ဘယ်သူသိမှာလဲ။ လမ်းဘေးက ကုန်ကားကြီးတစ်စီးက ရုတ်တရက်ကြီး ဝင်လာတာလေ။ ကောင်းသွားတဲ့အချက်က ဒရိုင်ဘာက အချိန်မီ ထိန်းလိုက်နိုင်တာပဲ။ မဟုတ်လို့ကတော့ သူ တကယ်ပဲ သူ့ရဲ့ဒီသေးနုပ်တဲ့ ဘဝလေးကို ဆုံးရှုံးသွားတော့မှာ"
တုလင်းက ရှင်းပြလိုက်၏။
သူသည် လီရှောက်ယွင်၏ ကိစ္စများအကြောင်းကို သေချာ သတင်းမရခဲ့သော်လည်း လီရှောက်ယွင် ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် ထိုအမျိုးသား၏ မျက်လုံးများထဲရှိ လူသတ်ချင်စိတ်က ပြင်းထန်လွန်းလှပြီး လူတစ်ယောက်ကိုပင် သတ်ပစ်နိုင်သည်အထိဖြစ်နေလေသည်။ ၎င်းက တုလင်းအား အကြွင်းမဲ့ ကြောက်ရွံ့စေသောကြောင့် သူသည် စုံစမ်းစစ်ဆေးမှုများကို စတင်ခဲ့သည်။ ကုန်ကားမောင်းသမားက သူ၏ ဘရိတ်ခ်များ ရုတ်တရက် အလုပ်မလုပ်တော့သောကြောင့်ဟူ၍သာ ပြောခဲ့၍ စွပ်စွဲစရာ လုံးဝ မတွေ့နိုင်ခဲ့ပေ။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက တုလင်းသည် လီရှောက်ယွင်နှင့် လုပ်ကိုင်ဖော်ဖက်များ ဖြစ်လာခဲ့ပြီး သူသည် မေးသင့်သောကိစ္စများနှင့် မမေးသင့်သောကိစ္စများအား အမြဲခွဲခြား၍ သိသူဖြစ်၏။ ထို့ကြောင့်ပင် ဤသည်က လီရှောက်ယွင် လူတစ်ယောက်ကို အပြစ်ပြုခဲ့သောကြောင့်လား သို့မဟုတ် အမှန်တကယ် မတော်တဆမှုကြောင့်လား ဆိုသည်ကို သူလည်း မသိပေ။
တုလင်း၏ ရှင်းပြချက်ကြောင့် ကျင်းယွင်ကျောင်းသည် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရ၏။
ဤကဲ့သို့ဆိုပါက ယာဥ်မတော်တဆမှုနှင့် သူမကြားတွင် ဆက်နွယ်နေသည့်အချက် တစ်ချက်မှပင် မရှိချေ။ သူသည် သူနှင့် ရင်းနှီးသည်ဟူ၍ပင် မယူဆနိုင်သောသူတစ်ယောက်ဖြစ်သည့် သူမအား သတင်းပေးရန် ရွေးခြယ်ခဲ့သည်။ ဒါက ဘာလဲ။
တုလင်းသည် အတွေ့အကြုံရှိသော လူတစ်ယောက် ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူသည် ကျင်းယွင်ကျောင်း မကျေမနပ်ဖြစ်နေသည်ကို ချက်ချင်းပြောနိုင်သောကြောင့် သူက ချက်ချင်းပင် လေသံပျော့ပျော့နှင့် ဆက်ပြောလိုက်၏။
"ယွင်ကျောင်း၊ ဒါကို ခဏလောက်တော့ သည်းခံပေးပါဦး။ တကယ်တော့ လီရှောက်က အတော်လေး သနားစရာကောင်းတယ်။သူ့မှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ ကိုယ်ကလွဲရင် သူက မင်းနဲ့ပဲရင်းနှီးတယ်လို့ တွေးမိတယ်။ ဒါ့အပြင် မင်းကလည်း သမားတော်တစ်ယောက်ဆိုတော့ သူ့ကို တစ်ချက်လောက် ခပ်မြန်မြန်လေးကြည့်ပေးဖို့ မင်း ကူညီနိုင်မလားဟင်။ အနာဂတ်မှာ သူ့ရဲ့ဦးနှောက်က တစ်ခုခုမှားသွားရင်ရော"
ကျင်းယွင်ကျောင်းက သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ပြီး ပွစိပွစိရေရွတ်လိုက်သည်။
"သူက အရှုံးသမားလို လူလား"
သို့သော် ထိုအကြောင်းကို တွေးနေပြီးနောက် ဤကဲ့သို့ လူရှုပ် လူပွေ မျက်နှာနှင့် လူတစ်ယောက်သည် ဘယ်နေရာသို့သွားသည်ဖြစ်စေ ပျားရိုင်းအုပ်နှင့် ထိန်းမနိုင်သိမ်းမရသော လိပ်ပြာများကို နှိုးဆွနိုင်မည်မှာ အသေအချာပင်။ ယောက်ျားများက သိက္ခာမရှိပါက မိန်းမများကြားတွင် မနာလိုမှုများ ရှိလာလိမ့်မည်။ လီရှောက်ယွင်ကဲ့သို့ ငယ်ရွယ်၍ ချောမောရုံသာမက ငွေကြေးလည်း ချမ်းသာသော လူတစ်ယောက်နှင့် မည်သည့်ယောက်ျားက မိတ်ဆွေဖြစ်ရန် ဆန္ဒရှိမည်နည်း။ သူတို့၏ အကာအကွယ်များက အာမခံချက်မရှိရုံသာမက သူတို့သည် ဦးထုပ်စိမ်းပါ ဆောင်းပေးခံရနိုင်သည်။
(T/N : ဦးထုပ်စိမ်းဆောင်းခံရတယ်ဆိုတာ ဗန်းစကားပါ။ သစ္စာဖောက်ခံရတယ်၊ ဖောက်ပြန်ခံရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။)
ယခင် အတန်းများ မခွဲခင်က လီရှောက်ယွင်အား မြင်ဖူးလိုက်ကြသော အတန်းဖော်များသည် သူ၏ အကြောင်းကိုသာ တောက်လျှောက် စဥ်းစားနေကြ၏။ တစ်ယောက်ကမူ ထျန်းရှန်းလော်၏ ဝင်ပေါက်သို့ တိတ်တဆိတ်သွား၍ တွေ့ခွင့်တောင်းခဲ့သည်ဟူ၍ပင် ပြောကြသည်။
ကျင်းယွင်ကျောင်း၏ အသံက တိုးသော်လည်း လီရှောက်ယွင်သည် အားလုံးကို ကြားလိုက်ရသေး၏။
သူ၏ အမူအယာမှာ အတော်လေး မှုန်မှိုင်းသွာသည်။
"သူ့ကို အရှုံးသမားတစ်ယောက်လို့ သိနေသရွေ့တော့ အဆင်ပြေပါတယ််။ အပေါ်ယံကိုပဲ မကြည့်နဲ့၊ အဲလိုဆိုရင် သူက အတိုင်းအဆမရှိ ကံကောင်းနေတယ်လို့ပဲ မြင်ရမှာ။ တကယ်တော့၊ နေ့တိုင်းနေ့တိုင်း သူက အရမ်းကို ပျင်းရိပြီးတော့ အထီးကျန်နေတာ။ အဲလိုသာ မဟုတ်ရင် သူက သူ့ရဲ့ဒရိုင်ဘာကို သူ လမ်းလျှောက်နေရသလိုမျိုး ကားပတ်မောင်းခိုင်းပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူးရယ်။ အခုတော့ သူ ဆေးရုံမှာတောင် နေ,နေရပြီ။ ကိုယ်ကလည်း ယွီထျန်းရှန်းနဲ့ အလုပ်ရှုပ်နေသေးတော့ ဒီမှာ သူ့ကို အချိန်ပြည့် အဖော်ပြုမပေးနိုင်ဘူးလေ။ တော်ကြာ သူ ရူးသွားရင်ရော"
တုလင်းက အကူအညီတောင်းနေသည့် သဘောပင်။
သူ၏ စကားဆုံးသည်နှင့် သူသည် သူ့ကိုယ်သူပင် လေးစားသွားမိ၏။ သူ၏ ပေါက်ကရပြောတတ်သော စွမ်းရည်က ကောင်းသထက် ကောင်းလာလေပြီ။
သို့သော် မမှားသည့် စကားတစ်ခွန်းလည်း ပါ၏။ ယွီထျန်းရှန်းသည် အမှန်တကယ်ပင် အလုပ်ရှုပ်နေသည်။ စီးပွားရေးက တစ်နေ့ထက်တစ်နေ့ ပို၍ကောင်းလာ၍ဖြစ်၏။ ဘော့စ်အနေနှင့် သူသည် လျှို့ဝှက်ချက်ပြုတ်နည်းများကို ကိုင်တွယ်ထားပြီး သူ၏ လက်အောက်၌ စားဖိုမှူးများစွာရှိသော်လည်း ရံဖန်ရံခါ၌ အထူးဧည့်သည်တော် အနည်းငယ် ရှိတတ်သည်။ ဤလူများအား အစားအသောက်များကို သူကိုယ်တိုင် တည်ခင်းဧည့်ခံပေးရန် လိုအပ်လေသည်ဖြစ်ချေ၏။