Chapter 146 : တစ်ကိုယ်တည်း နေသားကျခြင်း
အမှန်တကယ်ပင် လီရှောက်ယွင်၌ ဟွားနင်ခရိုင်အတွင် သိကျွမ်းသောသူများရှိသော်လည်း တုလင်းကလွဲလျှင် ကျန်သူများမှာ ဤဒေသမှ ကုန်သည်များဖြစ်ကြ၍ လီမိသားစု၏ ပေါင်ကို ဖက်ချင်စိတ်တစ်ခုတည်းသာ ရှိကြသူများ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လီရှောက်ယွင် ဟွားနင်ခရိုင်သို့ တစ်ကိုယ်တည်း လာခဲ့ရစဥ် သူသည် ထိုလူများ၏ လောဘတရားများကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်၏။ ထိုအချိန်မှစ၍ လီရှောက်ယွင်သည် တတ်နိုင်သမျှ သိုသိုသိပ်သိပ်သာ နေခဲ့သည်။
ဤသည်က အပေါ်ယံတွင် လီရှောက်ယွင်၏ လက်ရှိ လူမှုဆက်ဆံရေးကင်းမဲ့မှုကို ဦးတည်စေခဲ့၏။
ထို့ကြောင့် တုလင်းက လီရှောက်ယွင်အား သနားစရာကောင်းသော လူတစ်ယောက်အဖြစ် သရုပ်ဖော်ပြောဆိုနေစဥ် သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားသော်လည်း သူ၏ အမူအရာနှင့် လှုပ်ရှာမှုများက ပြောင်းလဲခြင်း မရှိပေ။
ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်၍ သူမ၏ မျက်လုံးများ၌ မကျေနပ်မှုများ ဖြတ်ပြေးသွားသည်။ သူကဲ့သို့ လူရည်လည်သောသူတစ်ယောက်က မွန်းကြပ်၍ ပျင်းရိသောကြောင့် ရူးသွားနိုင်လို့လား။
သူမသည် ကလေးတစ်ယောက် မဟုတ်တော့ရာ တုလင်း၏ စကားများမှာ သုံးပိုင်းက အမှန်ဖြစ်၍ ခုနစ်ပိုင်းက မုသားဖြစ်ကြောင်း သိနိုင်၏။ သို့ရာတွင် အေးစက်၍ ဟာလာဟင်းလင်းဖြစ်နေသော အခန်းကို ကြည့်လိုက်ရာ လက်ရှိအချိန်တွင် ဤနေရာသို့ တုလင်းမှလွဲ၍ မည်သူမှ မလာရသေးကြောင်း သူမ အတည်ပြုလိုက်နိုင်သည်။
"ဒါကို ကျွန်မတို့ ဘယ်လိုလုပ်မှာလဲ။ ဒီအချိန်လောက် အတောအတွင်းမှာတော့ ကျွန်မ နေ့ခင်းဘက်ကို လာခဲ့မယ်။ ကျန်တဲ့အချိန်တွေက ကျွန်မ အတန်းတက်ဖို့ ရှိသေးတယ်"
ကျင်းယွင်ကျောင်းက ခဏမျှ စဥ်းစားဆုံးဖြတ်ပြီးနောက် အကြံပြုလိုက်၏။
"ဒါဆို ကောင်းလိုက်တာ"
တုလင်းက ချက်ချင်းပင် ဝမ်းသာရွှင်မြူးသွားသည်။ နေ့လည်ခင်းပိုင်းပဲ ဖြစ်လျှင်တောင်မှ ၎င်းက အတော်လေး လုံလောက်နေပြီဖြစ်၏။ လီရှောက်ယွင်အား ပြုစုရသည်က မည်မျှခက်ခဲကြောင်းကို ကောင်းကင်ဘုံသာ သိလိမ့်မည်။ ခဏလောက် ပုန်းနေရသည်ကလည်း ခဏအလျှောက် သက်သာသည်ပင်။
"မင်းက အရမ်းပျော်နေတာလား"
လီရှောက်ယွင်က အနောက်မှ အေးစက်စက် နှာမှုတ်လိုက်သည်။
တုလင်းသည် ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထလာပြီး သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုကို အလျင်အမြန် ဖန်တီးလိုက်၏။
"ငါက မင်းရဲ့အကျိုးအတွက် မပျော်ရဘူးလား။ နောက်တစ်ကြိမ်ကျ နေ့လည်ခင်းပိုင်းတွေမှာ ငါမရှိရင်တောင် မင်းမှာ စကားပြောဖော်လေးတော့ ရှိနေသေးတယ်လေ"
လီရှောက်ယွင်က သူ့အား တစ်ချက်ကြည့်လိုက်၍ လီရှောက်ယွင်၏ တည်ငြိမ်သောအကြည့်များက သူ၏ နှလုံးသား ခပ်နက်နက်နေရာသို့ပင် တိုက်ရိုက်ရောက်ရှိသွားသည်။ သို့ရာတွင် တုလင်းက သူ့ကို မကြောက်ပေ၊ ထိုအစား သူက စတင်ရယ်မောလိုက်တော့၏။
လီရှောက်ယွင် ဟွားနင်ခရိုင်သို့ ပထမဆုံးအကြိမ်လာခဲ့စဥ်က သူသည် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ထိုအချိန်က သက်ဝင်လှုပ်ရှားမှု၏ ရိုက်ခတ်မှုမှာ ကြီးမားလှ၏။ အချို့က သူ၏ မျက်နှာပေးမှုကို ရရှိရန် စားသောက်ပွဲများပင် ကျင်းပကြသည်။ ထိုစားသောက်ပွဲကျင်းပရာတွင် မိသားစုတစ်ခုချင်းစီမှ သူနှင့် သက်တူရွယ်တူ အခြားကလေးများလည်း ပါဝင်ကြသည်။ သို့သော် ထိုအချိန်က လီရှောက်ယွင်က ယခုအချိန်မှ လီရှောက်ယွင်နှင့် မတူပေ။
ထိုအချိန်က တုလင်းသည် ချောမော၍ ကျက်သရေရှိသော်လည်း သူ၏ ပုံစံမှာမူ အနည်းငယ် မှုန်ကုပ်ကုပ်ဖြစ်၍ အခြားလူများအား အဝေးသို့ တွန်းဖယ်နေသည့်အလားပင်။ ထိုအချိန်က သူ၏ ဖခင်ဖြစ်သူမှာ ထိုစားသောက်ဆိုင်၏ စားဖိုမှုးများထဲမှ တစ်ယောက်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည်လည်း ထိုနေရာ၌ ရှိနေခဲ့၍ လီရှောက်ယွင်က အခြားသူများ ဒုက္ခရောက်နေသည်ကို စောင့်ကြည့်နေသည့် မြင်ကွင်းအား မြင်သွားခဲ့၏။ ယခုအချိန်ထိတိုင်အောင် သူသည် ထိုအကြည့်အား မမေ့နိုင်သေးပေ။
ထို့နောက် တိုက်ဆိုင်မှုရှိသော အခြေအနေများအောက်တွင် သူသည် လီရှောက်ယွင်နှင့် စကားအနည်းငယ် ပြောဖြစ်ခဲ့၍ လီရှောက်ယွင်အား သူ၏ ဖခင်ဖြစ်သူ၏ တော်ဝင်ချက်ပြုတ်နည်းများထဲမှ တစ်ခုအား မြည်းစမ်းကြည့်ရန် ခေါ်လာခဲ့သည်။ ၎င်းမှာ သူ့အား ပေးသည့် နောက်ဆုံးထင်မြင်ချက် ဖြစ်ကောင်းဖြစ်နိုင်ခဲ့သော်လည်း လီရှောက်ယွင်က ဒုတိယတစ်ခေါက် ပြန်လာသောအခါ သူသည် တုလင်းနှင့်သာ စာချုပ်ချုပ်ခဲ့၍ သူတို့၏ ဆက်ဆံရေးမှာလည်း တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာခဲ့၏။
လီရှောက်ယွင်အပေါ် သူတို့၏ နားလည်မှု အတိမ်အနက်ကို နှိုင်းယှဥ်ကြည့်ပါက တုလင်း၌ ကိုယ့်ကိုကိုယ် ယုံကြည်မှုအချို့ရှိနေသေးသည်။
ဤလူသည် လူရှုပ်လူပွေတစ်ယောက်နှင့် တူကောင်းတူနိုင်သော်လည်း တကယ်တမ်း သူ၏ အတွင်းစိတ်မှာမူ ယခင်နှစ်များတုန်းကနှင့် များစွာကွာခြားမှု မရှိနိုင်ပေ။ အပြစ်ပြုမိ၍ မရ။ သူစိမ်းများအပေါ် သူ၏ အမူအယာမှာ အပြုံးတစ်ခု ဖြစ်နိုင်သော်လည်း သူ၏ နှလုံးသားကမူ ပုံမှန်အတိုင်း အေးစက်နေမည်မှာ အသေအချာပင်။
ယခုအချိန်ကဲ့သို့ပင် သူ၏စကားများက ရိုင်းစိုင်းနေသော်လည်း သူက တုလင်းအား ချီးမွမ်းနေခြင်းပင် ဖြစ်နိုင်၏။
အမှန်ပင်၊ ဤသို့ဖြစ်သောကြောင့် တုလင်းက ကျင်းယွင်ကျောင်းအား အထူးအလေးပေး၍ ဆက်ဆံနေခြင်းဖြစ်သည်။ စင်စစ် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျင်းယွင်ကျောင်း တစ်ဦးတည်းကသာလျှင် လီရှောက်ယွင်အား သူမကြောင့် ဒုက္ခများအောင် ဖန်တီးပေးနိုင်သူဖြစ်၏။ အကယ်၍ သူမသာ အသက်ဆယ့်ငါးနှစ်အရွယ် မဟုတ်ပါက ဤလူ လီရှောက်သည် အခြားမိသားစု၏ သမီးပျိုလေးအား ပိုးပန်းနေသည်ဟု သူ ယုံကြည်မိမည်မှာ အသေအချာပင်။
တုလင်း၏ စားသောက်ဆိုင်မှာ အလုပ်ရှုပ်လှသည်။ ထို့ကြောင့် သူသည် ကျင်းယွင်ကျောင်းက လက်ခံလိုက်သည်နှင့် သမားရိုးကျပင် နှုတ်ဆက်စကားအချို့ဆိုပြီးနောက် ယွီထျန်းရှန်းသို့ အပြေးအလွှားပြန်သွားတော့၏။
ဆေးရုံလူနာခန်းထဲတွင် ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်က အကြည့်ချင်းပြိုင်နေလေရာ ပတ်ဝန်းကျင်လေထုက ပို၍ ပို၍ ကိုးရိုးကားယား ဖြစ်လာသည်။
ထို့နောက် ကျင်းယွင်ကျောင်းက ဆေးရုံလူနာခန်း၏ အတွင်းပိုင်းအပြင်အဆင်ကို လေ့လာကြည့်လိုက်၏။ သီးသန့်လူနာခန်းတစ်ခန်း ဖြစ်ပြီး ရေချိုးခန်းနှင့် မီးဖိုခန်းပင် တွဲလျက်ပါရှိသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး ဟိုနားဒီနားတွင်လည်း အပင်များဖြင့် အလှဆင်ထားသည်။ ဤလူနာခန်းသည် ဆေးရုံ၏ ပထမတန်းစားအခန်းဖြစ်မည်မှာ အသေအချာပင်။
"မင်း ဘာမှပြောချင်တာ မရှိဘူးလား"
လီရှောက်ယွင်က ရုတ်တရက် စကားထပြောလိုက်ပြီး သူ၏ပုံစံမှာ သူ အိပ်နေတုန်းကနှင့်မတူပေ။