Chapter 147
Viewers 14k

Chapter 147 : အတိတ်က စိတ်ဒဏ်ရာ


နွမ်းလျနေသောအသံက ဆွဲဆောင်မှုရှိသည့် ကြမ်းရှရှ အရိပ်အယောင်ကို သယ်ဆောင်ထားပြီး မျက်နှာ၌လည်း မာနများပါဝင်နေသည့် အလွန်အမင်း ခံ့ညားချောမောမှုက ရှိနေကာ မျက်ခုံးများကိုလည်း ပင့်ထားသည်။ အားလုံးကို အတူတကွပေါင်းစပ်လိုက်သောအခါ စကားဖြင့်ပင် မဖော်ပြနိုင်သော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေ၏။


ဘဝသက်တမ်းနှစ်ခုစာ နေထိုင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းသည် ယခင်က လီရှောက်ယွင်ကဲ့သို့သောလူကို တခါမှ မမြင်ဖူးခဲ့ပေ။ သူ၏ စတိုင်၊အသံနှင့် သူ၏ ခန္ဓာကိုယ်အပါအဝင် အစိတ်အပိုင်းများအားလုံးက ထက်မြက်သော ကြန်အင်လက္ခဏာများ ရှိနေသူဖြစ်သည်။ အမှန်ပင်၊ ယခင်ဘဝက သူမ,သိသော လူ့အသိုက်အဝန်းမှာ သေးငယ်လှ၏။ ကျောင်းမှလွဲလျှင် လူအများကြီးကို သူမ တွေ့မြင်နိုင်သည့် တစ်ခုတည်းသောနေရာမှာ ထောင်ပင်ဖြစ်၏။


လီရှောက်ယွင်သည် သူ၏ လက်ရှိအခြေအနေအရ မထနိုင်သဖြင့် ကျင်းယွင်ကျောင်းကသာ ထိုင်လိုက်ပြီး ပန်းသီးတစ်လုံးကို ဆွဲယူလိုက်သည်။


"စားချင်လား"


"မင်း တကယ် ဘာပြောစရာမှ မရှိဘူးလား"


လီရှောက်ယွင်က ထပ်မံ၍ မေးလိုက်၏။


"ဒါဆို ကျွန်မဘာသာ ကျွန်မပဲ စားလိုက်တော့မယ်"


ကျင်းယွင်ကျောင်းက သူပြောသည်အား မကြားသလိုပင် ပြုမူလိုက်သည်။


လီရှောက်ယွင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ဤမိန်းကလေးငယ်လေးအား စောင့်ကြည့်နေလိုက်၏။ သူက ကျင်းယွင်ကျောင်းသည် တကယ်တမ်း၌ ငယ်ရွယ်သေးသည်ဟူ၍ တွေးနေမိသည်။ ထို့ကြောင့် အရွယ်ရောက်သူတစ်ယောက် အနေနှင့် သူက သူမကို စဥ်းစားဆင်ခြင်မှုအချို့အား အနည်းနှင့်အများဆိုသလို ပေးသင့်၍ ခြေလှမ်းအနည်းငယ်လောက်လည်း အလျှော့ပေးသင့်၏။ ထိုကဲ့သို့သာ စဥ်းစားလိုက်၍ သူက အပြုံးမမည်သော အပြုံးတစ်ခုအား ဖျစ်ညှစ်၍ ပြုံးလိုက်သည်။


"ကိုယ် ဖြစ်ခဲ့တဲ့ ဒီကားအက်စီးဒင့်အကြောင်းကို ပြောရရင် တကယ်တော့ အဲဒါက မင်းနဲ့လည်း ဆက်စပ်မှုအချို့ရှိနေတယ်"


ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများက တုံ့ခနဲဖြစ်သွား၏။


"ကုန်ကားမောင်းတဲ့သူက ကျွန်မမှ မဟုတ်တာ"


"ကိုယ်သိပါတယ်"


လီရှောက်ယွင်က ပြန်ဖြေလိုက်သည်။


"ဒါပေမယ့် ကိုယ် မင်းဆီက အကန်ခံရပြီးကတည်းက ကိုယ်ရဲ့စိတ်ကျန်းမာရေးအခြေအနေက သိပ်မကောင်းတော့ဘူး။ ဒါကြောင့် ဟိုနားဒီနားလေးသွားဖို့အတွက်ကို ကားမောင်းဖို့ ဒရိုင်ဘာခေါ်ရတာ။ မင်းက အရွယ်မရောက်သေးဘူးဆိုပေမယ့် သမားတော်တစ်ယောက် ဖြစ်နေတုန်းပဲ။ ယောက်ျားတစ်ယောက်က အရေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့အရာကိုတော့ သိသင့်ပါတယ်"


"အဲဒါက ကိုယ့်ရင်ထဲမှာ အတားအဆီးတစ်ခုလို ဖြစ်နေတာ၊ အဆုံးမှာတော့ ကိုယ် ကားအက်ဆီးဒင့်တောင် ဖြစ်သွားတော့တာပဲ။ ကိုယ့်ရဲ့မိသားစုက နောက်ထပ်ဆက်ခံသူတွေ ထပ်မရှိနိုင်တော့ဘူးလို့ ကိုယ် ထင်နေမိတာလေ"


လီရှောက်ယွင်သည် တစ်ချိန်တည်း၌ နတ်ဆိုးရော၊ နတ်ကောင်းပါ အလုပ်လုပ်နေသကဲ့သို့ ခံစားနေရသည်။ သူ ပါးစပ်ဖွင့်လိုက်သည်နှင့် ထိုကဲ့သို့သော ကိစ္စများကို အဘယ်ကြောင့် စပြောမိမှန်း သူပင် မသိတော့ချေ။


သို့သော် သူသည် သူ၏ အလိုလိုသိစိတ်ကို အမြဲတမ်းယုံကြည်သည်။ သူမအပေါ်တွင် သူ့အနေဖြင့် သိချင်စိတ်အချိူ့၊ စိတ်ဝင်စားမှုအချို့ ရှိနေပြီး သူမကို မြင်သည့်အခါတိုင်း သူ၏ စိတ်ခံစားချက်က အမြဲတစေ ဆိုးဝါးလွန်းမနေပေ။ ထို့ကြောင့် သူသည် သူ၏ အဆင့်အတန်းကို ဘေးဖယ်ထားရန် အလွန် ဆန္ဒရှိနေပြီး သူမနှင့် ပို၍ အချိန်ဖြုန်းရန် ကြိုးစားခြင်းဖြင့် သူတို့သည် အချင်းချင်း ပို၍ ရင်းနှီးလာလိမ့်မည်ဖြစ်သည်။


သူမသည် ရိုးစင်းသော်လည်း ခေါင်းမာ၏။ ကျင်းယွင်ကျောင်းသည် နောက်ထပ် တုလင်း ဖြစ်လာရန် အကြွင်းမဲ့ ဖြစ်နိုင်ချေရှိပြီး ဟွားနင်ခရိုင်ရှိ သူ၏ သူငယ်ချင်း အနည်းစုထဲမှ နောက်ထပ်တစ်ယောက် ဖြစ်လာလိမ့်မည်။


ထိုသို့ဆိုရာ၌ အခက်အခဲအချို့လည်း ရှိနေပုံပေါ်သည်။ သူမ၏ ငယ်ရွယ်သော အသက်အရွယ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။


မည်သို့ပင်ဆိုစေကာမူ ကားအက်စီးဒင့်ဖြစ်သည့်အချိန်က သူနှင့် မရင်းနှီးသည့် တမူထူးခြားသော အကြောင်းရင်းအချို့ကြောင့် သူအကြိမ်အနည််းငယ်သာ တွေ့ဖူးသော မိန်းကလေးနှင့်ပတ်သတ်သည့်အတွေးများသာ သူ၏ စိတ်ထဲတွင် စဥ်ဆက်မပြတ် ပြည့်နှက်နေခဲ့သည်။ ထိုသည်က သူသည် သူမအား သူ၏ လူတစ်ယောက်အဖြစ်မှတ်ယူထားသည်ဟု ဆိုလိုသည်မှာ အသေအချာပင်။ သူမသည် သူ၏ လူတစ်ယောက်ဖြစ်လာမည်၊ ရန်များဖြစ်ကြမည်၊ သူမအား လက်တွဲခေါ်ဆောင်လာမည်၊ သူတို့၏ ခံစားချက်များ တိုးတက်လာမည်။ ထိုအရာများအားလုံးသည် သဘာဝအလျောက် ဖြစ်လာလိမ့်မည်ပင်။


သနားစရာကောင်းသည့် အချက်မှာ သူမသည် ငယ်လွန်းနေခြင်းဖြစ်သည်။ ထိုကိစ္စများကိုသာ ထုတ်ပြောမိလိုက်ပါက အမှန်တကယ်ပင် သူအား ရာဇဝတ်မှုတစ်ခု ကျူးလွန်နေသကဲ့သို့ ခံစားရစေလိမ့်မည်။


ကျင်းယွင်ကျောင်းသည် တစ်ဖန်ပြန်၍ သူ့အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။ သူမသည် လီရှောက်ယွင်၏ စကားများကို လုံးဝ အယုံအကြည်မရှိပေ။


"လီရှောက်၊ ကျွန်မ ဘာလို့ ဒီလိုလုပ်ခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းကို ရှင်သိထားသင့်တယ်။ ကျွန်မက အပြင်လူတွေ ကျွန်မနားကို တအားကပ်လာတာမျိုးကို သဘောမကျဘူး။ ရှင် ကျွန်မကို ထိခဲ့တာကြောင့်သာ မဟုတ်ရင် ကျွန်မလည်း ဒီလောက် မြန်မြန် မလုပ်လိုက်မိလောက်ဘူးလို့ ထင်တာပဲ"


သူမက စကားကို ကပ်တီးကပ်ဖဲ့ပြောလိုက်သည်။


၎င်းက မြန်လွန်းလှသည်မှာတော့ အသေအချာပင်။ ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်တွေးပါက လီရှောက်ယွင်သည်ပင် အနည်းငယ် ထိတ်လန့်နေဆဲပင်။ 


ကံကောင်း၍ သူသည် ငယ်စဥ်က ကိုယ်ခံပညာရပ်ကို လေ့ကျင့်ဖူးသောကြောင့် သူ၏ တုံ့ပြန်ချက်များက သာမန်လူများထက် ပို၍ ကောင်းနေသည်။ ထိုသို့မဟုတ်ပါက သူသည် သုံးစားမရဖြစ်သွားလောက်ပြီမှာ အသေအချာပင်။


"ဒါတောင် ကိုယ်က ယဥ်ကျေးပါတယ်ကွာ"


လီရှောက်ယွင်၏ မျက်လုံးများက မှုန်မှိုင်းနေသည်။ နှစ်စက္ကန့်မျှကြာပြီးနောက် သူက ထပ်ပြောလာ၏။


"အဲဒီအကြောင်းကို ပြောရရင် မင်း ကိုယ့်ကို ဖြေရှင်းချက်တစ်ခု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ မင်း ဘာလို့ အန်နေတာလဲ"


နှစ်ပေါင်းနှစ်ဆယ်ကျော် နေထိုင်ခဲ့၍ နှစ်ပေါင်းနှစ်ဆယ်ကျော် မြှောက်ပင့်ချီးမွမ်းခံရသော်လည်း ကျင်းယွင်ကျောင်း ချက်ချင်း ပြေးအန်လိုက်ခြင်းက သူ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှု အနည်းငယ်အား သိသိသာသာ ပျောက်ဆုံးသွားစေသည်။


သူသည် ထိုမြင်ကွင်းကို ပြတ်ပြတ်သားသား သတိရနေဆဲပင်။ ကျင်းယွင်ကျောင်းက ဟန်ဆောင်နေခြင်း မဟုတ်ဘဲ သူ့အား အမှန်တကယ် ရွံရှာသွားကြောင်း သူ သေချာပေါက် ပြောနိုင်၏။ ထို့နောက် သူသည် ပြန်သွားခဲ့၍ တုလင်းအား သူ့ကို အနည်းငယ် အနံ့ခံကြည့်စေခဲ့ပြီးနောက် ထူးဆန်းသော အနံ့အသက်များ မရှိကြောင်း သိလိုက်သည်။ သို့သော်လည်း ဤဖြစ်ရပ်က အနည်းငယ် စိတ်ဒဏ်ရာဖြစ်သွားစေ၍ သူအား ရေချိုးကန်ထဲ၌ နှစ်နာရီခန့်ကြာအောင် စိမ်နေသည်အထိ ဖြစ်သွားစေ၏။


"အဲဒီအချိန်တုန်းက ကျွန်မ မကောင်းတဲ့ အမှတ်တရတချို့ကို တွေးမိသွားရုံပါပဲ။ ကျွန်မရဲ့တုံ့ပြန်မှုကလည်း နည်းနည်း ပြင်းထန်လွန်းသွားတယ်၊ အဲဒီအတွက် ကျွန်မ တောင်းပန်ပါတယ်"


ကျင်းယွင်ကျောင်းက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။


တစ်ချက်ကြည့်ရုံနှင့်ပင် သူသည် အတ္တပေမဝါဒသမား စစ်စစ်တစ်ဦး ဖြစ်ကြောင်း ပြောနိုင်၏။ သူမ၏ တုံ့ပြန်မှုက သူ့အား အတော်လေး သက်ရောက်မှုရှိသွားလိမ့်မည်ပင်။


သို့သော် သူမက ဤလူသည်လည်း သူ့ဒုက္ခသူ ရှာနေခြင်း ဖြစ်ကြောင်း မတွေးမိဘဲ မနေနိုင်ပေ။