Chapter 148 : အံ့ချီးဖွယ်သမားတော်၏ အစမ်းသပ်ခံ
လီရှောက်ယွင်၏ မျက်ဆန်များတွင် အလင်းတစ်ချက် ဖျပ်ခနဲ ထင်ဟပ်သွား၏။ သူ၏ နှလုံးသားထဲ၌ အမှန်တကယ်ပင် သံသယအချို့ ရှိနေသည်။
သူသည် ကျင်းယွင်ကျောင်းအား ပထမဆုံးအကြိမ် မြင်ခဲ့စဥ်က သူတို့သည် အနာဂတ်၌ ထပ်မံဆုံတွေ့လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူက သူမသည် သူမနှင့်ရွယ်တူ အခြားမိန်းကလေးများနှင့် ကွာခြားသည်ဟု တွေးမိရုံသာဖြစ်၏။ ထို့ကြောင့် သူသည် အနည်းငယ် ပို၍ ယဥ်ယဥ်ကျေးကျေး ဆက်ဆံပြီး အနည်းငယ် ပို၍ စိတ်ဝင်စားမိခဲ့သည်။ သို့သော် နောက်ပိုင်း သူတို့သည် အဖိုးရှု၏ အိမ်၌ ပြန်တွေ့ခဲ့သည်။ သူမသည် ငယ်ရွယ်ပုံပေါက်သော်လည်း အဖိုးရှုနှင့် စကားစမြည်ပြောသည့်အခါတွင် အလွန်တည်ငြိမ်အေးဆေးလှကြောင်း သူသိလာခဲ့၏။ သူမ၏ စကားပြောသော အမူအရာသည် အရွယ်ရောက်သူတစ်ယောက်နှင့် ပိုတူ၍ သူမ၏ စိတ်ကလည်း အလေးအနက်ထားတတ်သည်။
ထို့ကြောင့် သူသည် သူနှင့် သက်ဆိုင်မှုလုံးဝမရှိသည့် ထိုမိန်းကလေး၏ အကြောင်းကို စုံစမ်းရန် လူတစ်ယောက်အား ညွှန်ကြားခဲ့သည်။ စုစည်းထားသော ရလဒ်များအားလုံးက အလွန်ပင် ရိုးရှင်းသော်လည်း ၎င်းက အံ့သြစရာလည်း ကောင်း၏။
သူမ၏ မွေးစားမိဘများက ကျွေးမွေးပျိုးထောင်ခဲ့သော်လည်း အမှန်တရားကို ဖုံးကွယ်ထားခဲ့ပြီး သူမ၏ မွေးစားအမေက ကွယ်လွန်သွားခဲ့သည်။ မွေးစားအဖေဖြစ်သူအား မြို့သေးသေး၌ အောင်မြင်သောလူတစ်ယောက်ဟု မြင်နိုင်သော်လည်း တကယ်တမ်း သူ၏ စရိုက်မှာ လောဘကြီး၍ စီးပိုး၏။ သူမ၌ အမြွှာမောင်နှမတစ်စုံရှိသော်လည်း သူတို့နှင့် ရင်းနှီးပုံ မပေါ်ပေ။ သိပ်မကြာသေးမီက ကျင်းယွင်ကျောင်းသည် ထိုမိသားစုနှင့် အချင်းချင်း ပတ်သတ်ဆက်နွယ်မှုများအားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။
အသက်ငယ်ငယ်လေး၌ သူမသည် အပြင်လူများစွာနှင့် ထိတွေ့ဆက်ဆံဖူးသည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူမက သူမ၏ အော့အန်ခြင်းမှာ မကောင်းသော အမှတ်တရအချို့ကြောင့်ဟု ပြောခဲ့၍ ဤအမှတ်တရ၏ မူလရင်းမြစ်ကို ခန့်မှန်းရန်မှာ လွယ်ကူလှသည်။
ပထမဆုံးနှင့် အရေးအကြီးဆုံးမှာ တစ်ဖက်လူသည် ယောက်ျားတစ်ယောက် ဖြစ်သင့်သည်။
ကျင်းယွင်ကျောင်းအပေါ်၌ နက်နက်ရှိုင်းရှိုင်း ထင်မြင်ချက်တစ်ခုကို ချန်ထားခဲ့နိုင်သည့် ယောက်ျားတစ်ယောက်။
ထိုလူက သူမ၏ မွေးစားဖခင်ဖြစ်နိုင်သည်မှာ သေချာသလောက်ပင် မဟုတ်လား။
လီရှောက်ယွင်၏ နှလုံးသားသည် အကြောင်းပြချက်အချို့ကြောင့် ထူးထူးဆန်းဆန်း ဒေါသထွက်သွားသော်လည်း သူသည် ကျင်းယွင်ကျောင်း၏ ရှေ့၌ ရှိနေသည်ဖြစ်ရာ သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ သူ၏ မျက်လုံးများက မှုန်မှိုင်းနေသော်လည်း သူ၏ နှုတ်ခမ်းများက မထီမဲ့မြင် အပြုံးတစ်ခုကို ပြုံးလိုက်၏။
"မေ့လိုက်တော့၊ ဒီအချက်အပေါ်မှာ အခြေခံပြီးတော့ မင်းရဲ့စိတ်ရင်းကို ကိုယ် လုံလုံလောက်လောက် မြင်နိုင်ပါတယ်။ ကိုယ် မင်းကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်"
ကျင်းယွင်ကျောင်း၏ ပါးစပ်က ထပ်မံ၍ မဲ့သွား၏။ ဒါဆိုရင်လည်း ရှင့်ရဲ့ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျွန်မက တကယ့်ကို ကျေးဇူးတင်ရမယ်ပေါ့။
သူမသည် ပန်းသီးကို အခွံခွာပြီးသည်နှင့် သူမဘာသာသူမ တစ်ကိုက် ကိုက်လိုက်သည်။ ဤလူနာ လီရှောက်ယွင်သည် မယုံနိုင်လောက်အောင် နာခံမှုရှိနေ၏။ အကယ်၍ တုလင်းသာ ဤကဲ့သို့ ပြုမူပါက လီရှောက်ယွင် ထ၍ ပေါက်ကွဲမည်မှာ အသေအချာပင်။
လက်ရှိအချိန်တွင် ကျင်းယွင်ကျောင်း၏ တကျွတ်ကျွတ် စားသောက်နေသော အသံကို နားထောင်ရင်း လီရှောက်ယွင်သည် ဖြည်းဖြည်းချင်း ပြုံးယောင်သမ်းလာပြီး ကျင်းယွင်ကျောင်း စားပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ပေးနေသည်။ ထို့နောက် သူက သူ၏ လက်ကို ဆန့်ပေးလိုက်၍ သူမအား သမားတော်တစ်ယောက်အဖြစ် သူမ၏ အတွေ့အကြုံဗဟုသုတများကို ပိုမိုကျယ်ပြန့်လာအောင် လုပ်ခွင့်ပြုလိုက်၏။
သူ၏ လူကဲခတ်စွမ်းရည်သည် မနိမ့်ကျသောကြောင့် လက်ရှိတွင် ကျင်းယွင်ကျောင်းက သူမ၏ အစမ်းသပ်ခံများအဖြစ် လူနာများအား ကုသပေးနေသည်ကို အဘယ်ကြောင့် သူမသိဘဲ နေလိမ့်မည်နည်း။
သို့သော် အံ့ချီးဖွယ်သမားတော်တစ်ယောက်၏ အစမ်းသပ်ခံဖြစ်ရခြင်းက သာမန်သမားတော်တစ်ယောက်၏ ထိပ်တန်းဦးစားပေးဖြစ်ရခြင်းထက် အများကြီး ပို၍ လုံခြုံသည်။
လီရှောက်ယွင်၏ ကျင်းယွင်ကျောင်းအပေါ် အမြင်သည် သူမက ဖွံ့ဖြိုးဆဲပုံစံ အံချီးဖွယ်သမားတော်တစ်ယောက် အလားပင်။ သူမ ထွက်သွားပြီးနောက်တွင် သူသည် သူနာပြုတစ်ယောက်ကို ခေါ်လိုက်၍ သူ့အတွက် သူမ, ညွှန်းပေးသော ဆေးနည်းများကို ပြင်ဆင်စေကာ တွေဝေခြင်းမရှိဘဲ သောက်လိုက်သည်။ သံသယ အရိပ်အယောင်တစ်ခုတစ်လေမှ မရှိလောက်အောင်ပင် သူ၏ ယုံကြည်မှုအရင်းအမြစ်ကလည်း အလွန်အမင်း ခိုင်မာနေခဲ့၏။
လီရှောက်ယွင်က ထိုအရာများအားလုံးကို စကားလုံးတစ်လုံးတည်းပင် အနှစ်ချုပ်လိုက်သည်။ စွဲလန်းနှစ်သက်မှု ... တဲ့။
သူမ လူနာခန်းထဲတွင် နေ,နေသောအချိန်က ကြာပြီဟု မယူဆနိုင်သေးဘဲ လီရှောက်ယွင်သည်လည်း သခင်လေး မာန်မာနကို မစွန့်ပစ်နိုင်ပေ။ သူမက တိတ်ဆိတ်သွားသောအခါ တစ်ဖက်လူသည်လည်း အချိန်ပြည့်နီးပါး အလွန်တိတ်ဆိတ်နေသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူမ၏ စာအုပ်ကို ထုတ်ဖတ်ရန် ဆုံးဖြတ်လိုက်ပြီး တစ်ဖက်လူကို အနှောက်အယှက် မပေးတော့ပေ။
သူမသည် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်သော်လည်း အတိတ်ဘဝက ဤအချိန်၌ သူမ ကျောင်းမှ အထုတ်ခံရပြီးဖြစ်သည်။ အကယ်၍ သူမသာ သူမ၏ ကျောင်းစာများကို လေ့လာရာ၌ ဆက်၍ အားမထုတ်ပါက သူမ၏ အမှတ်များသည် လိုက်မှီတော့မည် မဟုတ်ပေ။
ကောင်းသောအချက်မှာ သူမသည် ဝိညာဥ်ကျောက်စိမ်းကို စုပ်ယူထားပြီဖြစ်သဖြင့် သူမ၏ မှတ်ဥာဏ်များက ခုန်ပျံကျော်လွှားတိုးတက်ပြီး ဖြစ်သည်။ စာလေ့လာခြင်းသည်လည်း ယခင်ကထက်ပို၍ သက်တောင့်သက်သာရှိလာ၏။
ကျင်းယွင်ကျောင်းသည် ဆေးရုံသို့ ရက်အနည်းငယ်ခန့် ဆက်တိုက်သွားနေရသဖြင့် သူမ၏ နေ့ရက်များကို အလွန်အမင်း အလုပ်ရှုပ်စွာ ဖြတ်သန်းနေရသည်။
သူမသည် ထန်ကျစ်ဟွား၏ အခြေအနေကိုလည်း နေ့စဥ်နေ့တိုင်း စစ်ဆေးပေးရ၏။ သို့သော် အပြင်လူများ အတွေးလွန်ခြင်းမှ ကာကွယ်ရန်အတွက် ကျင်းယွင်ကျောင်းသည် မကြာသေးမီမှစ၍ အခန်းထဲသို့ စောစောလာခဲ့သောကြောင့် သူမသည် သူတို့၏ အတန်းဖော်များ မရောက်လာကြမှီ သူ၏ သွေးခုန်နှုန်းကို စစ်ဆေးပေးနိုင်သည်။
ထန်ကျစ်ဟွား၏ လက်ကောက်ဝတ်သည် ရေခဲတမျှ အေးစက်နေ၏။ သူ၏ ဆေးကို ကျင်းယွင်ကျောင်း ညွှန်းပေးသည့်တစ်ခုနှင့် ပြောင်းလိုက်ပြီးနောက် သူ၏ အသားအရောင်မှာ သိသိသာသာ တိုးတက်လာသည်။
"ဒီရက်ပိုင်းတွေ နင် ပုံမှန်မဟုတ်တာ တစ်ခုခုများ ခံစားရသေးလား"
ကျင်းယွင်ကျောင်းက သူ၏ သွေးခုန်နှုန်းကို စမ်းပေးနေရင်း မေးလိုက်၏။
"ငါ့ရဲ့အစားစာတဲ့ ပမာဏက နည်းနည်း တိုးလာတယ်။ အဲဒါကိုရော ထည့်တွက်လား"
ထန်ကျစ်ဟွားက အနည်းငယ် ရှက်နေပြီး မေးလိုက်သည်။
"ဒါပေါ့၊ ထည့်တွက်တာပေါ့"
ကျင်းယွင်ကျောင်းက သူ၏ သံသယစိတ်ကို ဖြေဖျောက်ပေးလိုက်၏။
"ဆေးကို အမြဲတမ်း သုံးပိုင်း,ပိုင်းထားတယ်။ အစာများများစားတာက သေချာပေါက် ဆေးသောက်တာထက် ပိုကောင်းတာပေါ့။ အဲဒီအပြင် အခု နင့်ရဲ့အစာစားချင်စိတ်ကလည်း တိုးလာပြီ။ အဲဒါက နင့်ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်လည်း နည်းနည်းတိုးလာတယ် ဆိုတဲ့ သဘောပဲ။ စားနိုင်သောက်နိုင်တာက ကံတရားပဲလို့ လူကြီးတွေ အမြဲပြောတယ် မဟုတ်လား"
သူမ၏ အလွန်လေးနက်နေမှုကို မြင်လိုက်ရ၍ ထန်ကျစ်ဟွားသည် မရယ်ဘဲ မနေနိုင်တော့ပေ။
ကံဆိုးစွာဖြင့် ကျင်းယွင်ကျောင်းက သူ၏ လက်ကို လွှတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် လူတစ်ယောက်က သူတို့အခန်းအပေါက်ဝမှနေ၍ ရုတ်တရက် အော်လိုက်သည်။
"နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"