Chapter 149
Viewers 14k

Chapter 149 : အရှက်မရှိခြင်း


ကျင်းယွင်ကျောင်းက နောက်လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ သူမက သူမ လက်ကို ကူကယ်ရာမဲ့စွာပင် ပြန်ရုတ်လိုက်ပြီး တစ်ရှူးအစိုတစ်ရွက်ကို သုံး၍ သန့်စင်လိုက်၏။ အတိအကျပင် ထိုနှစ်ယောက် မျှော်လင့်ထားသည့် ပျာယာခတ်သွားသည့် အမူအယာမျိုး မဟုတ်ပေ။


ကျင်းယွင်ကျောင်းက စကားတစ်ခွန်း မဆိုသည်အား မြင်သောအခါ ဟယ့်ကျားစစ်က သူမ၏ နှုတ်ခမ်းများကို မဲ့ပစ်လိုက်ပြီး ထန်ကျစ်ဟွား၏ရှေ့၌ ရပ်လိုက်သည်။


"အစ်ကိုကျစ်ဟွား၊ ဒီတောလို နေရာသေးသေးက လူတွေက အရှက်ကို မရှိကြတာလား။ မနက်ခင်းအစောကြီးမှာတောင် ရှင့်ရဲ့လက်ကို တယုတယကိုင်ထားတဲ့အထိလေ။ သူတို့က ရှင့်ရဲ့ စိတ်ခံစားချက်တွေနဲ့ စာလေ့လာတာကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေတာ မဟုတ်ဘူးလား။ အိမ်ပြန်သွားတဲ့ ဦးလေးသာ ဒါကိုသိသွားရင် သူက ရှင့်ကို သေချာပေါက် အိမ်ပြန်ခေါ်မှာပဲ"


ဟယ့်ကျားစစ်၏ နောက်ကလိုက်လာသူမှာ ချောင်ဟုန်ယဲ့ဖြစ်၏။


ချောင်ဟုန်ယဲ့သည် အဆောင်နေကျောင်းသူ တစ်ဦးဖြစ်သည်။ တစ်ချိန်တည်း အတူတူပေါ်လာ၍ သူတို့နှစ်ယောက် ဘာလုပ်နေကြမှန်း ကျင်းယွင်ကျောင်း တကယ်ကို နားမလည်တော့။


ကျင်းယွင်ကျောင်းက အဘယ်သိမည်နည်း။ ဟယ့်ကျားစစ်သည် ပေါင်းရသင်းရလွယ်သည့်ပုံပေါ်သော်လည်း လက်တွေ့၌ သူမသည် အာဏာရှင်တစ်ယောက်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ချောင်ဟုန်ယဲ့က သူမအား မနက်တိုင်း ကျောင်းပေါက်ဝ၌ စောင့်နေရ၍ စာသင်ခန်းထဲ၌မူ အခြားသူများအား သူတို့၏ ဆက်ဆံရေး ဘယ်လောက်ကောင်းကြောင်းကို ပြရန်အတွက် သူမကိုယ်သူမ ချောင်ဟုန်ယဲ့၏ မိတ်ဆွေကောင်းအဖြစ် ပြုမူတတ်သည်။ 


ထိုအခိုက်၌ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား အော့နှလုံးနာဟန်ဖြင့် ကြည့်နေ၏။ သူမ၏ အကြည့်များက လှောင်ပြောင်နေသော အရိပ်အငွေ့များပါနေပြီး ကျင်းယွင်ကျောင်းက မယားကြီးထံ၌ လက်ပူးလက်ကြပ် အဖမ်းခံရသည့် မယားငယ်တစ်ယောက်အလားပင်။


"မမ၊ ဒီတစ်ခါတော့ နင်မှားတယ်"


ချောင်ဟုန်ယဲ့က လေပြည်လေးဖြင့် စပြောလိုက်သည်။


ကျင်းယွင်ကျောင်း၏ မျက်လုံးများက မည်းမှောင်သွားပြီး သူမ၏ နှုတ်ခမ်းက မသိမသာတွန့်သွားကာ အေးစက်စက်ပုံစံသို့ ဖြည်းဖြည်းချင်းပြောင်းလဲသွားပြီး ပြောလာ၏။


"နင့်ပါးစပ်ကို ပိတ်ထားလိုက်။ ငါ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ နင် ငါ့ကို သင်ပေးနေစရာမလိုဘူး"


ချောင်ဟုန်ယဲ့၏ အမူအယာက ရုပ်ဆိုးသွား၏။


"ငါကလည်း နင့်ရဲ့ကောင်းကျိုးအတွက် လုပ်နေတာတာပါ"


"ဒါဆို ငါက နင့်ကို ကျေးဇူးတင်ရဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လား"


ကျင်းယွင်ကျောင်းက သရော်လိုက်ပြီး သူမအား ခြေဆုံးခေါင်းဆုံး အကဲဖြတ်စလိုကြည့်လိုက်ပြီးနောက် ထိန်းထားခြင်း မရှိဘဲ ဆက်ပြောလိုက်သည်။


"ချောင်ဟုန်ယဲ့၊ အရင်တုန်းက ငါနင့်ရဲ့အကျင့်စရိုက်ကို သိပ်မဆိုးပါဘူးလိုပဲ တွေးထားခဲ့တာ။ အနည်းဆုံးတော့ နင့်မှာ သတ္တိနည်းနည်းရှိသေးတယ်ပေါ့လေ။ ဒါပေမယ့် ငါ နင့်ကို အထင်ကြီးလွန်းသွားတယ် ထင်တယ်။ အခိုင်းအစေမတစ်ယောက်လို၊ လမ်းလျှောက်နေတဲ့ ခွေးတစ်ကောင်လိုမျိုးပဲ။ ဒီရက်တွေမှာ နင့်ရဲ့ခိုင်းဖတ်စိတ်ဓါတ်ကလည်း ပိုပိုပြီးတော့ အားကောင်းလာတာ ဖြစ်ရမယ်။ ငါ နင့်ကိုတော့ လေးစားမှုလယ်ဗယ်သစ်တစ်ခုလုံးကို ပေးလိုက်ပါပြီ"


ချောင်ဟုန်ယဲ့၏ မျက်နှာက ချက်ချင်းနီရဲသွား၏။


ကျင်းယွင်ကျောင်းအား သူမက စ၍ မလွှမ်းမိုးနိုင်၊ အနိုင်မယူနိုင်ကြောင်း သူမ မသိပေ။


"ဟမ့် ... ဆက်ပြီးတော့ ပလွှားနေတယ်။ ထန်ကျစ်ဟွားကို ဆွဲဆောင်ရင် အနာဂတ်မှာ ထန်မိသားစုနဲ့ ဟယ့်မိသားစုက နင့်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ နင်သိလာလိမ့်မယ်"


ချောင်ဟုန်ယဲ့က သူမ၏ အသံကို မြှင့်၍ ခက်ထန်စွာ ပြောလိုက်သည်။


ဟယ့်ကျားစစ်ကဲ့သိုသောလူနှင့် နှိုင်းယှဥ်ပါက သူမ၏ မာနနှင့် ဂုဏ်သိက္ခာက ဘာမှမကျန်တော့သည်အထိ အဖျားရှူးသွားပေလိမ့်မည်။ သူမမှာ အခြားဘာနည်းလမ်းတွေများ ရှိနေလို့လဲ။


ချောင်ဟုန်ယဲ့ ပြောလိုက်သည်များအား ကြားပြီးသည့်နောက် ထန်ကျစ်ဟွား၏ နာမကျန်းဖြစ်နေသော မျက်နှာ၌ ဒေါသအချို့ ထွက်ပေါ်လာသည်။ ထို့နောက် သူက ဟယ့်ကျားစစ်အား အေးစက်စွာကြည့်၍ မေးလိုက်သည်။


"ချောင်ဟုန်ယဲ့ကို ဒီစကားတွေပြောတဲ့သူက နင်ပဲ။ ဟယ့်ကျားစစ်"


မည်သို့ပင်ဆိုစေကာမူ တစ်ဖက်၌လည်း ဟယ့်ကျားစစ်သည် အစွပ်စွဲခံရသော အမူအယာဖြင့် ရှိနေ၏။ သူမက ထန်ကျစ်ဟွား၏ လက်မောင်းအား ဆွဲလိုက်ပြီး ဖြေရှင်းလိုက်သည်။


"အစ်ကိုကျစ်ဟွား၊ ကျွန်မက ချောင်ဟုန်ယဲ့က သေချာပေါက် ဘာပြောထားရမှာလဲ။ တစ်ချက်ကြည့်ရုံနဲ့တင် ရှင်တို့နှစ်ယောက်က သိသာလွန်းနေတယ်ဆိုတာ လူတိုင်း ပြောနိုင်တယ်။ အစ်ကိုကျစ်ဟွား၊ ရှင့်ရဲ့ရည်းစားက ကျွန်မဆိုတာ အသိအသာကြီးပဲလေ။ သူက မှားနေတဲ့သူ၊ ကျွန်မ နောက်ကွယ်မှာ ရှင်နဲ့ လက်သရမ်းနေတာ"


"ရည်းစား ဟုတ်လား"


ထန်ကျစ်ဟွား မျက်နှာ ပျက်သွား၏။


"ဟယ့်ကျားစစ်၊ နင့်ကိုယ်နင် အဲဒီနေရာ ယူထားတယ်ဆိုတာ ငါ တစ်ခါမှလည်း မသိခဲ့ရပါ့လား။ ငါတို့ ထန်မိသားစုက နင်တို့ ဟယ့်မိသားစုအပေါ် တစ်အားကောင်းပေးလွန်းသွားလို့လား။


အဖိုးထန်၏ မျိုးဆက် ခေတ်အခါအတွင်းက ဟယ့်မိသားစု၏ ငွေရေးကြေးရေးအခြေအနေမှာ အလျှံအပယ်ဖြစ်၍ ထန်မိသားစုနှင့် တန်းတူဟုပင် ယူဆနိုင်သည်။ သို့ရာတွင် ဟယ့်မိသားစု၏ အဖိုးအိုက ရောဂါဖြင့် ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် ထန်မိသားစုက ပို၍ကျယ်ပြန့်လာပြီး ပို၍လည်း လွှမ်းမိုးမှုရှိလာ၏။ ထိုအချိန်ကတည်းက မိသားစုနှစ်စု၏ ကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ဖြစ်ခဲ့သည်။ ဟွားနင်ခရိုင်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ယှဥ်ပါက ဟယ့်မိသားစု၏ စီးပွားရေးသည် ကုမ္ပဏီကြီးတစ်ခုဖြစ်သော်လည်း ထန်မိသားစု၏ စီးပွားရေးနှင့် နှိုင်းယှဥ်ပါက ၎င်းက ပြောပလောက်စရာပင် မဟုတ်ချေ။


အဖိုးထန်သည် အတိတ်ကို သတိရအောက်မေ့နေတတ်သည်။ ထို့ကြောင့် ဟယ့်မိသားစု နှိမ့်ကျသွားသောအခါ၌ပင် သူသည် ဟယ့်မိသားစုအား ဆက်၍ မျက်နှာသာပေးခဲ့၏။ မိသားစုနှစ်ခု၏ လူငယ်မျိုးဆက်များသည် အလွန်အမင်း ရင်းနှီးကြ၍ သူတို့သည် ဟယ့်မိသားစုအား ဘယ်တော့မှ အနိုင်ကျင့်လေ့မရှိပေ။ ဟယ့်မိသားစု၏ ကျောထောက်နောက်ခံမှာ ထန်မိသားစုဖြစ်ကြောင်း နင်းမြို့တော်တစ်ခုလုံး သိကြသည်။


ဟယ့်ကျားစစ်၏ နှလုံးသားက အေးခနဲဖြစ်သွားပြီး သူမ၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွား၏။


သူမသည် ထန်ကျစ်ဟွားနှင့် အတူကြီးပြင်းခဲ့သော်လည်း တကယ်တမ်းမှာ ထန်ကျစ်ဟွားသည် ယောက်ျားလေးတစ်ယောက်ပင် ဖြစ်နေသေးသည်။ သူတို့နှစ်ဦး ရင်းနှီးခဲ့ကြသော်လည်း အကွာအဝေးအချို့အတွက်မူ လိုအပ်ချက်ရှိနေသေး၏။ ထို့အပြင် သူတို့သည် ရည်းစားဟုခေါ်သော အဆင့်အတန်းတစ်ခုကို အတည်မပြုထားသည်ကလည်း အမှန်ပင်။