Chapter 102
ကျိလဲ့ယွီ လင်းဖေးနှင့်အတူ ရေမချိုးခင်အထိ ကျောင်းပြောင်းသည့် ကိစ္စအား မသိခဲ့ချေ။
“အဲဒါကြောင့် ဖေးဖေးက မနက်ဖြန် သားနဲ့တူတူ ကားလိုက်စီးမှာ မဟုတ်ဘူး … ”
လင်းလော့ချင်း သူ့အား ရေချိုးဆပ်ပြာ တိုက်ပေးရင်း ပြောလိုက်သည်။
ကျိလဲ့ယွီ ကြောင်အသွား၏။ ဒါဆို ကျောင်းပြောင်းဖို့ လုပ်နေတုန်း ကျောင်းသွားစရာ မလိုဘူးပေါ့ …
ဒါဖြင့် သူလည်း ကျောင်းပြောင်းချင်တယ်လေ …
သူက လင်းဖေးအား အားကျသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
လင်းဖေး “……”
လင်းလော့ချင်းက သူ၏ သိသာလှသော အားကျမှုအား ကျီစယ်လိုက်၏။ “ဒီအကြည့်က ဘာတုန်း … ရက်နည်းနည်း ကြာတာနဲ့ ကျောင်းရွေးပြီးသွားမှာပဲ … အဲဒီ့အခါကျရင် သားရဲ့ကောကောက ကျောင်းသွားရမှာ … ”
လင်းဖေး ခေါင်းညှိတ်လိုက်သည်။
ကျိလဲ့ယွီ အားကျနေဆဲပင်။
“ကောကော ဒီရက်ပိုင်း ကျောင်းသွားဖို့ မလိုဘူးမဟုတ်လား … ဒါက အရမ်းမိုက်တာပဲ … ”
လင်းဖေး “……”
လင်းဖေး ဤတစ်ကြိမ်၌ ယပ်တောင်သဏ္ဍာန် စိတ်ခံစားချက်ပြ ရုပ်ပုံကို မပြုလုပ်ခဲ့ချေ။ သူ့မျက်နှာတစ်ခုလုံး စိတ်ပျက်မှုဖြင့် ပြည့်နှက်နေ၏။
ကျိလဲ့ယွီ ထိုအကြည့်ကြောင့် မကျေမနပ်ဖြစ်သွားသည်။ သူက ဟန်ဆောင်လိုက်၏။ “သားပြောချင်တာက ကျောင်းကို သွားရတာ အရမ်းကောင်းတယ်လို့ … ကျောင်းက သားကိုချစ်ပြီး သားကလည်း ကျောင်းကိုချစ်တယ် … ”
လင်းဖေးက ပြောလိုက်သည်။ “ဒါဖြင့် မင်းက တော်တာပေါ့ … ”
ကျိလဲ့ယွီ တွေးလိုက်၏။ ‘…သူစကားပြောပုံကြီးက သိပ်မဟုတ်သလိုပဲ … ’
သူက နှာခေါင်းရှုံ့လျှက် လင်းဖေးကို လျစ်လျူရှုကာ လင်းလော့ချင်းနှင့် ဆက်လက် စကားပြောနေ၏။
ရေချိုးပြီးနောက် လင်းလော့ချင်းက သူ့အား လင်းဖေး၏ အိပ်ရာပေါ်အထိ ပွေ့ချီသွားကာ ညအိပ်ဝတ်စုံ လဲပေးလိုက်သည်။
သူ လင်းဖေးကို ချီ၍ ထွက်လာချိန်တွင် ကျိလဲ့ယွီက စောင်အောက်သို့ တိုးဝင်၍ အိပ်နှင့်ပြီဖြစ်သည်။ သူက လင်းဖေးနှင့် အိပ်ချင်နေသည်မှာ သိသာလှ၏။
လင်းဖေး မျက်နှာပေါ်ရှိ တည်ငြိမ်သော အမူအရာကြောင့် လင်းဖေး ထိုအပြုအမူနှင့် အသားကျနေကြောင်း လင်းလော့ချင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက လင်းဖေးကို အိပ်ရာပေါ် တင်ပေးလိုက်၏။
“သား ဒီနေ့ ရှောင်ယွီနဲ့အတူ အိပ်မှာလား … ” သူက မေးလိုက်၏။
ကျိလဲ့ယွီက ကြက်အစာကောက်သကဲ့သို့ ခေါင်းညှိတ်ပြလာသည်။ လင်းဖေးက တည်ငြိမ်စွာဆို၏။ “ဟုတ်ကဲ့ …”
“ရှုရှုနဲ့အတူ မအိပ်ဘူးလား … ”
ကျိလဲ့ယွီ မဆိုင်းမတွ ငြင်းလိုက်သည်။ “မအိပ်တော့ဘူး …”
လင်းလော့ချင်း သူ့ရဲ့ဦးလေးနဲ့ မအိပ်ရတာ ဘယ်လောက်ကြာနေပြီလဲ … လင်းလော့ချင်းက မနက်ဖြန် ပြန်သွားရဦးမှာလေ … သူတို့အတူတူအိပ်သင့်တာပေါ့ ….
ကျိလဲ့ယွီက လက်ကိုဆန့်ကာ လင်းဖေး၏ခါးကို ဖက်လိုက်သည်။ “သားက ကိုကိုနဲ့ အတူတူ အိပ်လိုက်မယ် … ပါပါး ဒယ်ဒီနဲ့တူတူ အိပ်လိုက်နော် ...”
လင်းလော့ချင်း ရယ်ရမှန်းမသိ ငိုရမှန်းမသိ ဖြစ်သွားသည်။
လင်းဖေးက သူ့ခါးကိုဖက်ထားသည့်လက်အား အလိုလိုက်ခြင်း ၃၀ ရာခိုင်နှုန်း၊ အကူအညီမဲ့မှု ၄၀ ရာခိုင်နှုန်း၊ စိတ်ပျက်မှု ၃၀ ရာခိုင်နှုန်းဖြင့် ငုံ့ကြည့်လိုက်သည်။
လင်းလော့ချင်း သူ့မျက်လုံးထဲသို့ စိုက်ကြည့်လိုက်၏။
ကောင်းပြီလေ … လင်းဖေးက ဒီလို ဖြစ်စေချင်နေတာပဲ … ပြီးတော့ သူနဲ့ကျိယွီရှောင် တူတူမအိပ်တာလည်း ကြာပြီပဲကို … ဟိုတယ်မှာ အိပ်ခဲ့တာကတော့ ထည့်တွက်လို့မရဘူးပေါ့ …
သူက လင်းဖေးနှင့်ကျိလဲ့ယွီ၏ နဖူးများကို တစ်ဦးချင်းနမ်းလိုက်ပြီး မီးပိတ်ကာ အခန်းတွင်းမှ ထွက်လာလိုက်သည်။
ကျိယွီရှောင်က အိပ်ရာပေါ်တွင် ထိုင်ကာ စာဖတ်နေ၏။ လင်းလော့ချင်း အခန်းတွင်း ဝင်လာသည်ကို တွေ့လိုက်သောအခါ သူက စာအုပ်ကိုချကာ မေးလာ၏။
“ဖေးဖေးနဲ့ မအိပ်ဘူးလား … ”
လင်းဖေးက ယနေ့ ကြီးမားသည့် ကိစ္စတစ်ခု ကြုံတွေ့ခဲ့ရပြီး လင်းလော့ချင်း သူ့ကြောင့် အထူးတလည် ပြန်လာခဲ့ခြင်းဖြစ်သည်။ လင်းလော့ချင်း လင်းဖေးနှင့်အတူ အိပ်မည်ဟု ကျိယွီရှောင် ထင်ခဲ့၏။
“ငါသူနဲ့နေပေးမှာပါ … ဒီကို ခေါင်းအုံးလာယူတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား … ” လင်းလော့ချင်း ပြောပြောဆိုဆိုနှင့် ခေါင်းအုံးကို ယူလိုက်၏။
ကျိယွီရှောင် “……”
ဟုတ်ပါပြီ … သူလည်း သိပါတယ်နော် … ဒါပေမယ့် လင်းလော့ချင်း ပြန်လာဖို့က အရမ်းရှားတာကို … သူတစ်ယောက်ထဲ အိပ်ရမှာက အရမ်းရက်စက်ရာကျတယ် မဟုတ်လား …
သူတွေဝေသွား၏။ “ကိုယ်ရောမင်းနဲ့အတူလိုက်ခဲ့ရမလား … ”
လင်းလော့ချင်း ရယ်မောကာ ခြုံစောင်ကိုမ၍ အိပ်ရာပေါ်တက်လိုက်ပြီး ကျိယွီရှောင်နံဘေးသို့ ကပ်လိုက်သည်။
“ထားလိုက်ပါ … ဖေးဖေးက ခြောက်နှစ်ရှိပြီ … သူ့ကိုယ်သူ ဂရုစိုက်နိုင်တယ် … ငါ့ရဲ့ အားနည်းတဲ့ ခင်ပွန်းကိုပဲ ဂရုစိုက်တာ ပိုကောင်းပါတယ်လေ … ”
ကျိယွီရှောင် သူ၏မေးဖျားကို ပင့်မလိုက်၏။ “ဘယ်သူက အားနည်းတာလဲ ပြောပါဦး … ”
လင်းလော့ချင်း သူ့လည်ပင်းအောက်သို့ လက်မောင်းလျှိုပေးလိုက်၏။ “ဒါကတော့ ငါအဖော်ပြုပေးဖို့ လိုအပ်တဲ့အပေါ် မူတည်တာပေါ့ … ”
ကျိယွီရှောင် မကျေမနပ်ဆိုလိုက်၏။ “ဘယ်သူက မင်းအဖော်ပြုပေးတာကို လိုချင်နေလို့လဲ … ”
လင်းလော့ချင်း ရယ်မောလိုက်သည်။ “မင်းတကယ်ပဲ မလိုဘူးလား … ဒါဆိုငါ ဖေးဖေးဆီသွားလိုက်မယ် … ”
“သွားပေါ့ … မြန်မြန်သွား … ”
လင်းလော့ချင်း မျက်ဝန်းတွင်းရှိ အပြုံးက ပိုမိုနက်ရှိုင်းလာ၏။ “မေ့လိုက်တော့ … မင်းသားက သူနဲ့အတူတူနေပေးနေတယ် … ဒီတော့ ငါကသူ့ဒယ်ဒီကို အဖော်ပြုပေးရတော့မှာပေါ့ ...”
“ရှောင်ယွီကလား … ”
“အင်း … သူရေချိုးပြီးတာနဲ့ ဖေးဖေး အိပ်ရာပေါ် တက်သွားတော့တာပဲ … သူက ဖေးဖေးနဲ့ အိပ်ချင်ပုံရတယ် … ဖေးဖေးကလည်း မကန့်ကွက်ဘူးလေ …”
“သူတို့နှစ်ယောက်က တော်တော်လေး အဆင်ပြေတာပဲ … ” ကျိယွီရှောင် သက်ပြင်းချလိုက်သည်။
“မနေ့ညကလည်း သူတို့တူတူအိပ်ကြသေးတယ် ...”
“ဟုတ်လား … ကောင်းတာပေါ့ … ကလေးတွေက မိဘတင်မကဘူး သူငယ်ချင်းကိုလည်း လိုအပ်တယ်လေ … သူက အေးစက်စက်နဲ့မို့ သူငယ်ချင်း မရှိဘူးဖြစ်နေတာ … ငါလည်း သူ့ကို တွန်းအားမပေးချင်ဘူး … ခုတော့ ရှောင်ယွီနဲ့ ရင်းနှီးစပြုလာပြီဆိုတော့ သူဂရုစိုက်တဲ့လူ နောက်တစ်ယောက် တိုးလာတဲ့သဘောပဲ ...”
သူက ကျိလဲ့ယွီကို စောင့်ရှောက်နိုင်လိမ့်မယ် …
၎င်းက သူတို့နှစ်ဦးလုံးအတွက် အကျိုးရှိသည်။ လင်းလော့ချင်း ပျော်ရွှင်နေ၏။
“အမှန်ပဲ ...” ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။
“အိပ်ရအောင် ...” လင်းလော့ချင်း လှဲအိပ်လိုက်သည်။
သူတစ်နေ့လုံး ပြေးလွှားနေရခြင်းဖြစ်ရာ အနည်းငယ် ပင်ပန်းနေလေပြီ။ မနက်ဖြန် အဖွဲ့ထံမပြန်ခင် လင်းဖေး၏ ကျောင်းထံသို့ သွားရောက်ရဦးမှာ ဖြစ်၏။ သူ စောစော အနားယူသင့်သည်ဟု လင်းလော့ချင်း ခံစားရသည်။
ကျိယွီရှောင်လည်း သူနှင့်အတူ လှဲလိုက်သည်။
သူက လက်ကိုဆန့်ကာ မီးပိတ်လိုက်၏။ လူတစ်ဦးက ညာဘက်တွင် လဲလျောင်းနေပြီး တစ်ဦးကမူ ဘယ်ဘက်တွင် လှဲနေ၏။ သူတို့နှစ်ဦးအကြားတွင် နေရာလွတ်အချို့ ရှိနေသည်။
လင်းလော့ချင်း ဘေးဘက်သို့ ကြည့်လိုက်ချိန်တွင် ကျိယွီရှောင် သူ့ထံတိုးမလာသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူ၏ ခြေထောက်များက လှုပ်ရှားရအဆင်မပြေ၍ ဖြစ်မည်ဟု သူတွေးလိုက်မိ၏။ ထို့ကြောင့် သူက လက်ဦးမှုယူ၍ ကျိယွီရှောင်ဘေးသို့ တိုးသွားလိုက်သည်။
တိတ်တိတ်လေး ဒီဘက်တိုးလာသည့် ကျိယွီရှောင် “……”
သူက လှုပ်ရှားမှုများကို ရပ်တန့်ကာ သူ့ဇနီးလေး တိုးလာသည်ကိုသာ ပျော်ရွှင်စွာ စောင့်ဆိုင်းနေတော့၏။
လင်းလော့ချင်းက ကျိယွီရှောင်၏ လက်မောင်းအား ထိမိသည်အထိ တိုးလိုက်သည်။ နွေးထွေးသော အထိအတွေ့က ညမှောင်မှောင်ထဲတွင် မီးတောက်ငယ်ကလေးနှင့် တူ၏။ ၎င်းက လွန်ခဲ့သောညက ပုံရိပ်များကို ပြန်လည်တွေးမိလာစေပြီး တစ်ပါတ်ကြာ ငြိမ်သက်နေသည့် လင်းလော့ချင်း၏ နှလုံးသားကို ဆောက်တည်ရာမရ ဖြစ်လာစေ၏။
သူတို့ တူတူအိပ်ဖို့ ဒီလောက်ရှားတာကို … ဘာလို့ ကျိယွီရှောင်က သူ့ကိုဖက်တာတို့ နမ်းတာတို့ မလုပ်တာလဲ …
လင်းလော့ချင်း ခေါင်းကိုစောင်းကာ ကျိယွီရှောင်အား မကျေမနပ်ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် အမှောင်ထဲတွင် သူ၏ မျက်နှာအမူအရာအား တစ်ဖက်လူက ရှင်းလင်းစွာ မမြင်ရနိုင်ချေ။
“အဟမ်း … ” လင်းလော့ချင်း ချောင်းဟန့်လိုက်ပြီး ကျိယွီရှောင်အား ဘုန်းတော်ကြီးကဲ့သို့ ပြုမူမနေရန် သတိပေးလိုက်၏။ သူက ထိုလူအား ကပ်တွယ်နေပြီဖြစ်သော်လည်း ကျိယွီရှောင်က လှုပ်ရှားမလာသေးချေ။
အခု နမ်းတာတို့ ဖက်တာတို့ လုပ်ရမယ့်အချိန်ပဲ … မင်းနားလည်ရဲ့လား …
ကျိယွီရှောင် ရယ်ချင်စိတ်ကိုထိန်းကာ လင်းလော့ချင်းအား မေးလိုက်သည်။
“ဘာဖြစ်လို့လဲ … လည်ချောင်းက မသက်မသာ ဖြစ်လို့လား … ”
လင်းလော့ချင်း “……”
မင်းက ဂေးနေတာလား … အဲ...ဒီစကားကမမှန်ဘူး.....
လင်းလော့ချင်းက ကျိယွီရှောင်၏လက်ကို သူ့ခါးပေါ်သို့တင်လျှက် တစ်ဖက်လူအား တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
“မင်းဒီည ဘုန်းကြီးလိုမျိုး နေမလို့လား … သန့်ရှင်းစင်ကြယ်တဲ့ နှလုံးသားနဲ့လေ … ”
ကျိယွီရှောင် သက်ပြင်းချလိုက်သည်။ “ဘာလို့ဆို ကိုယ်က အရမ်းအားနည်းပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ဘူးလေ … ”
လင်းလော့ချင်း အလွန်စိတ်ဆိုးသွားကာ ထိုလူအား ဆိတ်ဆွဲလိုက်သည်။
ကျိယွီရှောင် ပြုံးလျှက် လင်းလော့ချင်းအား သူ့ဘက်သို့ ဆွဲယူလိုက်ပြီး နဖူးကို နမ်းလိုက်၏။
“ကိုယ်သာ ဘုန်းကြီးလုပ်မယ်ဆိုရင် မင်းကိုပါ ခေါ်သွားရမယ် … ဒီလိုမှ မင်းတခြားလူတွေကို ဆွဲဆောင်မနေမှာ ...”
လင်းလော့ချင်း ပြုံးလိုက်၏။ “ထားလိုက်ပါ … မင်း ကိလေသာတွေ မပယ်ရှားရင် ဗုဒ္ဓကမင်းကို လက်သင့်ခံမှာမဟုတ်ဘူး ...”
ကျိယွီရှောင် သူ့နှုတ်ခမ်းအား ထိလိုက်၏။
“ဗုဒ္ဓက ကိုယ့်ကိုလက်မခံရင် မင်းက လက်ခံပေးမယ် မဟုတ်လား … ”
လင်းလော့ချင်း၏ နှလုံးသားက ခုန်လှုပ်သွား၏။ နောက်တစ်စက္ကန့်မှာပင် နက်ရှိုင်းသော အနမ်းတစ်ခုအား ခံစားလိုက်ရသည်။
ကျိယွီရှောင်က သူ့အား ပြင်းပျစွာဖြင့် အကြာကြီး နမ်းရှိုက်နေခဲ့သည်။ သူ့ခံတွင်းတစ်ခုလုံးအား အရသာခံနေသကဲ့သို့ပင်။ လင်းလော့ချင်းက သူ့အနမ်းကို ခံယူနေရင်း ရံဖန်ရံခါမှသာ တုံ့ပြန်နိုင်၏။ အဆုံးသတ်တွင် သူက လက်လျှော့လိုက်ပြီး ကျိယွီရှောင်လုပ်ချင်သမျှကို ခွင့်ပြုလိုက်တော့သည်။
ခွဲနေရခြင်းက နှလုံးသားတွင်းရှိ ခံစားချက်များကို ပိုမိုကြီးထွားလာစေပုံရ၏။ သူတို့နှစ်ဦးက ရက်အတန်ကြာ မတွေ့ကြရသလို မနေ့က ခဏတာဆုံတွေ့မှုသည်လည်း သူတို့၏ လွမ်းဆွတ်မှုများအား မဖြေဖျောက်နိုင်ခဲ့ချေ။ အဆုံးသတ်တွင် အထိအတွေ့နှင့်ပင် မီးတောက်များ စတင်တောက်လောင်လာ၏။
သူ့ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုကြောင့် ကျိယွီရှောင် ခပ်ဖွဖွရယ်ကာ တီးတိုးပြောလိုက်သည်။ “ကိုယ်မင်းကို ကူညီမယ် ...”
လင်းလော့ချင်းက ကျိယွီရှောင်၏ လက်ကို ဆွဲယူလိုက်သည်။ သူ့စိတ်အစဉ်က ကသောင်းကနင်းဖြစ်နေ၏။ သို့သော် ကျိယွီရှောင် သူ့အပေါ် အကြွေးတင်နေသည်ကို မှတ်မိနေဆဲပင်။
“အကြွေးကို အရင်ပေးရမယ် … ”
သူ့အသံက နားစည်ထံသို့ ရိုက်ခတ်လာ၏။ သူ့အသံ ဤမျှအထိ နူးညံ့နေလိမ့်မည်ဟု မည်သည့်အခါကမှ မျှော်လင့်မထားခဲ့ချေ။
သူက မျက်လုံးဖွင့်ကာ ကျိယွီရှောင်ကို ကြည့်လိုက်၏။ သို့သော် တစ်ဖက်လူ၏ အရိပ်ကိုသာ မြင်ရလေသည်။ သူက ခေါင်းမော့လျှက် ကျိယွီရှောင်၏ နှုတ်ခမ်းကို ခပ်ဖွဖွနမ်းကာ ချော့မြှူလိုက်သည်။
“မင်း အဲဒါကို ပေးမယ်လို့ ကတိပေးထားတယ် … အခု ငါရှင်းရှင်းလင်းလင်း မမြင်ရဘူးလေ … အဲဒီ့တော့ အဆင်ပြေမှာပါ … ”
ကျိယွီရှောင်က တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။
သူက စကားပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း လင်းလော့ချင်း၏ အုပ်မိုးခြင်း ခံလိုက်ရသည်။ လင်းလော့ချင်းက သူ့အပေါ် လဲလျောင်းလျှက် နှုတ်ခမ်းများကို နမ်းရှိုက်ကာ ကျိယွီရှောင်၏ ခါးထံသို့ လက်လှမ်းလာ၏။
ကျိယွီရှောင်က ထိုလက်ကို ဖမ်းကိုင်လျှက် နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ “လော့ချင်း …. ကိုယ် …”
လင်းလော့ချင်းက ငြိမ်ငြိမ်မနေသည့် ကြောင်တစ်ကောင်ကဲ့သို့ နူးညံ့စွာ ပွတ်သပ်လျှက်ရှိသည်။ သူက ကျိယွီရှောင်၏ လက်ကိုဆွဲယူကာ လက်ချင်းယှက်လိုက်၏။ နှုတ်ခမ်းချင်း ထပ်မံနီးကပ်စေလျှက် သူက ပြောလိုက်သည်။
“အတူတူလုပ်ရအောင် … ဟုတ်ပြီလား … မင်းငါ့ကို ကူပေးချင်ကူပေးလေ … ဒါပေမယ့် အတူတူလုပ်ရအောင် … ”
ကျိယွီရှောင် နားအူလာသလို ခံစားလိုက်ရသည်။ အသံများကို ကြားသလို မကြားသလို ထင်ယောင်ထင်မှားဖြစ်လာ၏။ သူ့နှလုံးသားက ၎င်းအား ဆောက်တည်ရာမရ ဖြစ်စေသူအား ဆုံတွေ့ရန် ရင်ဘတ်အတွင်းမှ ထွက်လာတော့မတတ် ခုန်ပေါက်နေလေသည်။
အကြောင်းရင်းတစ်ချို့က လင်းလော့ချင်းအား တွန်းလိုက်ရန် သူ့ကို တိုက်တွန်းနေသည်။ သို့သော် သူ့နှလုံးသားကမူ အခြားအရာတစ်ခုအား လုပ်ဆောင်ရန် တွန်းအားပေးနေ၏။ သူ့နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု ရှိနေပြီး အကျိုးသင့် အကြောင်းသင့် တွေးနိုင်စွမ်းအားလုံးကို ဝါးမြိုပစ်တော့မတတ်ပင်။
လင်းလော့ချင်း ခပ်ဖွဖွရယ်လိုက်ရင်း သူ့နားနားကပ်ကာ တီးတိုးဆိုလိုက်၏။ “မင်း လှုပ်ရှားလာပြီပဲ ...”
ဘုန်း … ဟူသော အသံနှင့်အတူ ကျိယွီရှောင်၏ ထိန်းချုပ်မှုအားလုံး ပြိုလဲသွား၏။ သူက ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်အားများကိုသုံးကာ လင်းလော့ချင်းအား သူ့ကိုယ်အောက်၌ ဖိထားလျှက် ပြင်းထန်စွာ နမ်းရှိုက်လေတော့သည်။
လင်းလော့ချင်းက သူ့ကိုမတားခဲ့ပေ။ သူက ကျိယွီရှောင်၏ ပုခုံးများကို ပွေ့ဖက်လျှက် နက်ရှိုင်းစွာ ပြန်လည်နမ်းရှိုက်လာ၏။
ကျိယွီရှောင် ရှားရှားပါးပါး ထိန်းချုပ်မှုလွတ်ကင်းသွားကြောင်း သူခံစားမိသော်လည်း သူ၏ ရည်ရွယ်ချက်ကို မမေ့ခဲ့ပေ။
သူက ပစ်မှတ်ထံသို့ လက်ကိုရွှေ့လိုက်သည်။ ကျိယွီရှောင် သူ့လက်အား ဆုပ်ကိုင်လိုက်သော်လည်း အင်အားများများစားစား မပါရှိတော့ချေ။
လင်းလော့ချင်း ခေါင်းမော့ကာ တစ်ဖက်လူကို နမ်းလိုက်သည်။ သူက ကျိယွီရှောင်၏ လက်ကိုကိုင်ကာ သူ့နှုတ်ခမ်းထံ ဆွဲယူလျှက် နမ်းလိုက်သည်။
သူက ညှင်သာစွာ နမ်းရှိုက်နေ၏။ လင်းလော့ချင်းက လက်ချောင်းများကိုသာ နမ်းရှိုက်နေခြင်း ဖြစ်သော်လည်း ကျိယွီရှောင်၏ နှလုံးသားပါ တုန်ယင်သွားလေသည်။
သူ ကျိယွီရှောင်အား ယနေ့ည အကြွေးသေချာပေါက် ပြန်ဆပ်ရမည်။
......
ညဉ့်နက်လာသည့်အခါ လင်းလော့ချင်းက ကျိယွီရှောင်၏ လက်မောင်းပေါ်၌ အိပ်ချင်မူးတူး အမူအရာဖြင့် လဲလျောင်းနေ၏။
သူ့လက်က ကျိယွီရှောင်၏ လက်အတွင်းတွင် ရှိနေသည်။ ကျိယွီရှောင်က လက်ကိုဆန့်လျှက် တစ်ရှူးတစ်ရွက်ယူကာ သူ့လက်အား စိတ်ရှည်လက်ရှည် သန့်ရှင်းပေးနေ၏။
လင်းလော့ချင်း အကြွေးပြန်ဆပ်ပြီးပြီ ဖြစ်ရာ စိတ်အခြေအနေကောင်းနေ၏။ သူက ကျိယွီရှောင်၏ မေးကို ပွတ်သပ်လိုက်ရင်း မေးလိုက်သည်။
“သက်တောင့်သက်သာ ရှိရဲ့လား … ”
ကျိယွီရှောင် ဟွန်း ဟူ၍သာ အသံပြုလိုက်ပြီး သေချာပြန်မဖြေခဲ့ချေ။
လင်းလော့ချင်း သူ့ကို စနောက်လိုက်၏။ “ကြောင်သူတော်ယောင် ဆောင်နေတယ် ...”
ကျိယွီရှောင် “……”
တစ်ဖက်လူမှာ တုံးအလွန်းသည်ဟု ကျိယွီရှောင် ခံစားလိုက်ရ၏။ သူ ဘယ်သူ့အတွက် ဒီလိုလုပ်ပေးရတာလဲ …
“အိပ်တော့ … ”
“နောက်တစ်ခါ တူတူရေချိုးရအောင် … ”
လင်းလော့ချင်းက သံပူတုန်း ပုံသွင်းရန် ကြိုးစားလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါအဲဒါကို ထိပြီးပြီလေ … နောက်တစ်ခါ ရေအတူတူချိုးရအောင် ...”
ကျိယွီရှောင် “……”
သူ ထိုမျှရဲတင်းလိမ့်မည်ဟု ကျိယွီရှောင် မမျှော်လင့်ထားခဲ့ချေ။
“မင်းအချိန်တိုင်း ဒီလိုပဲ အရှက်မဲ့တာလား … ”
လင်းလော့ချင်း အနည်းငယ် ရှက်ရွံ့နေ၏။ သို့သော် သူ့ဘက်က စတင်မလှုပ်ရှားပါက သူတို့ကြားရှိ ဆက်ဆံရေးသည် တိုးတက်လာမှာမဟုတ်ပေ။ ကျိယွီရှောင်က လှုပ်ရှားမည်မဟုတ်ရာ သူ စတင်လှုပ်ရှားရခြင်း ဖြစ်ပေသည်။ သူက ကျိယွီရှောင်၏ လက်ကိုယူ၍ သူ့မျက်နှာပေါ် တင်လိုက်၏။
“ပူလား … ”
“နည်းနည်း … ”
“ဒီတော့ ငါရှက်နေတုန်းပဲ ...” လင်းလော့ချင်း တီးတိုးဆိုလိုက်သည်။
ကျိယွီရှောင် “…”
ထိုအကြောင်းရင်းကြောင့် လင်းလော့ချင်း သူ့လက်ကို ပါးနှင့်အပ်လာခြင်းဖြစ်မည်ဟု ကျိယွီရှောင် မတွေးခဲ့မိချေ။ သူက ရယ်လိုက်ရင်း လင်းလော့ချင်း၏ ဦးခေါင်းကို ဆွဲယူလျှက် နမ်းလိုက်၏။
‘မင်းက ချစ်စရာကောင်းတယ် … ’ သူ တွေးလိုက်သည်။ ‘အရမ်း ချစ်စရာကောင်းတာပဲ ...’
“မင်းရှက်နေတာတောင် ဒါကို လုပ်တုန်းပဲပေါ့ … ” သူက လင်းလော့ချင်း နဖူးပေါ်သို့ ခေါင်းမှီလိုက်သည်။
“ငါတစ်ခုခုလုပ်လိုက်မှာ မကြောက်ဘူးလား … ”
“မင်းမှာ အကြောင်းရင်း ရှိမှာပါ … ” လင်းလော့ချင်း၏ အသံက ညှင်သာနေပြီး အလိုလိုက်ခံရမှု အချို့ရောယှက်နေ၏။
“နောက်တစ်ခါ ရေအတူတူချိုးရအောင် … ဟုတ်ပြီလား … ”
သူက ပြောသည်။ “မကြာခင် အတောအတွင်းတော့ ဖြစ်နိုင်မှာမဟုတ်ဘူး … ငါမနက်ဖြန် သွားရဦးမှာ … ပြီးတော့ အစည်းအဝေးလည်း ရှိသေးတယ် … ဒါပေမယ့် ငါမင်းကို အချိန်ပေးပါ့မယ်… ”
ကျိယွီရှောင် ထိုစကားသံကို နားထောင်ရင်း သူ၏ စိတ်အခြေအနေမှာလည်း ရေပေါ်ရှိ ချည်မျှင်ကဲ့သို့ ပျော့ပျောင်းလာသည်။
သူက တွေးလိုက်သည်။ ‘သူက အရမ်းနူးညံ့တယ် … အရမ်းတွေးတတ်ပြီး … အရမ်းရိုးသားတာပဲ ...’
သူက ဤတစ်ကြိမ်၌ မငြင်းဆန်နိုင်တော့ချေ။ လင်းလော့ချင်း၏ နဖူးကိုနမ်းကာ ညှင်သာစွာ ဆိုလိုက်၏။ “အင်း ...”
“မင်း ကတိပေးပြီးပြီနော် … ပြောပြီးသားစကား ပြန်မရုတ်သိမ်းရဘူးနော် … ” လင်းလော့ချင်း၏ အသံက လတ်ဆတ်နေ၏။
“အင်း … ”
လင်းလော့ချင်း စိတ်ကျေနပ်စွာဖြင့် သူ့ကိုဖက်လိုက်သည်။ သူက ကျိယွီရှောင်၏ ရင်ဘတ်ပေါ်သို့ လှဲချလိုက်ရင်း မျက်လုံးမှိတ်လိုက်၏။
“ကောင်းသောညပါ ...”
“ကောင်းသောညပါ ...” ကျိယွီရှောင် သူ့နဖူးလေးအား နမ်းလိုက်သည်။
ကောင်းမွန်စွာ အိပ်စက်ပြီးနောက် …
.........
ကျိလဲ့ယွီက နှိုးစက်သံကြောင့် နိုးလာသည်။
လင်းဖေးက နှိုးစက်ကို ပိတ်လိုက်ပြီးနောက် ကျိလဲ့ယွီအား အိပ်ရာထက်မှ ဆွဲထူလိုက်သည်။
“မျက်နှာသစ်သွားတိုက်တော့ … ပြီးရင် မနက်စာစားရအောင် … ”
ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။ သူ အိပ်ချင်မူးတူးထလာပြီး လင်းဖေး ဒီအတိုင်း အိပ်ရာပေါ်၌သာ ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ “ကောကောဘာလို့ ဆင်းမလာသေးတာလဲ … ”
“ငါဒီနေ့ ကျောင်းသွားစရာ မလိုဘူးလေ … မေ့သွားပြီလား … ”
မျက်လုံးကို ပွတ်သပ်နေသည့် ကျိလဲ့ယွီ၏ လက်များ ရပ်တန့်သွားကာ သူ့မျက်လုံးများသည်လည်း အေးခဲသွား၏။ သူ အပြည့်အဝနိုးသွားချိန်တွင် လင်း
ဖေး ကျောင်းပြောင်းမည့်အကြောင်း သတိရသွားသည်။ ကျောင်းအသစ်ကို မရွေးရသေးသရွေ့ လင်းဖေး ကျောင်းသွားရန် မလိုအပ်ပေ။
ကျိလဲ့ယွီ: QAQ.
ကျိလဲ့ယွီ ထပ်မံ၍ အားကျလာပြန်၏။ သူက မျက်လုံးကိုပွတ်နေသည့် လက်များဖြင့် ကျောင်းသွားရန် လိုအပ်နေသေးသည့် သူ၏ ပုခုံးနှစ်ဖက်အား ပြန်ဖက်လိုက်သည်။
အရမ်း သနားဖို့ကောင်းတယ် …