အပိုင်း ၁၀၁
Viewers 35k

Chapter 101



လင်းဖေးက တကယ်ကြီး သူ့ကို ဗီဒီယိုကောလ် စခေါ်ချင်ခဲ့တာလေ … ဒါက တကယ့်ကို ရှားပါးကိစ္စပဲ … 


သူကမေးလိုက်သည်။ 


“အခု စမ်းခေါ်ကြည့်ချင်လား … ”


လင်းဖေး ရှက်ရွံ့နေသော်လည်း သူ့အား မငြင်းဆန်ချင်ခဲ့ပေ။ ထို့ကြောင့် ခဏအကြာတွင် သူက လင်းလော့ချင်းထံသို့ ဗီဒီယိုကောလ် ဖိတ်ကြားချက်ကို ပို့လိုက်၏။


လင်းလော့ချင်းက ချက်ချင်းလက်ခံလိုက်ပြီး ဖုန်းမျက်နှာပြင်တွင် ပေါ်လာသည်။ 


သူ့မျက်နှာက ဖုန်းနှင့် နီးကပ်နေသည်ဖြစ်ရာ ဖုန်းမျက်နှာပြင်တစ်ခုလုံး ပြည့်နှက်နေသည်။ သူက အံ့အားသင့်ဟန်ဖြင့် ဆို၏။ 


“ဖေးဖေး … သား တကယ်ပဲ ဗီဒီယိုကောလ် စခေါ်ခဲ့တယ် ကြည့်စမ်း … ”


လင်းဖေးက လင်းလော့ချင်း၏ရုပ်ပုံ ပေါ်ထွက်လာသည်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ သူက လင်းလော့ချင်းကိုတလှည့် ဖုန်းမျက်နှာပြင်ပေါ်ရှိ ရုပ်ပုံကို တလှည့် ကြည့်ရင်း ဆိုလိုက်၏။ 


“ကြည့်လို့လည်း မကောင်းဘူး … ”


“ဘာက ကြည့်လို့မကောင်းတာလဲ … ” လင်းလော့ချင်း သူ့ကိုမေးလိုက်သည်။


လင်းဖေး ဖုန်းကို ညွှန်ပြလိုက်၏။ “ရှုရှုက အပြင်မှာပိုကြည့်ကောင်းတယ် … ”


လင်းလော့ချင်းက ဖုန်းနှင့်သူ့ကြားရှိ အကွာအဝေးကို ချိန်ဆလိုက်သည်။ ထို့နောက် ပြန်မေးလိုက်၏။


 “ဒီလိုဆိုရင်ရော … ကြည့်ကောင်းတယ် ထင်လား … ”


လင်းဖေး ခေါင်းအသာညှိတ်လိုက်သည်။ ဗီဒီယိုကောလ်ရှိ ရုပ်ပုံကိုကြည့်ရင်း သူ့စိတ်ထဲ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရ၏။ 


လင်းလော့ရှီး အသက်ရှင်စဉ်က သူ့တွင် ဖုန်းမရှိခဲ့ချေ။ မိခင်ဖြစ်သူ၏ ဖုန်းကို ကိုင်ခွင့်ရှိသော်လည်း ဆက်သွယ်ချင်သည့် လူမရှိသည့် အလျောက် လင်းဖေး မည်သူ့ကိုမှ ဗီဒီယိုကောလ် မခေါ်ခဲ့ဖူးချေ။ ဤတစ်ကြိမ်သည် တစ်စုံတစ်ဦးနှင့် ပထမဆုံး ဗီဒီယိုကောလ် ပြောဖူးခြင်း ဖြစ်သည်။ 


၎င်းက ကျိယွီရှောင် ဗီဒီယိုကောလ် ပြောသည်ကို ကြည့်ရသည်နှင့် ကွာခြားလှသည်။ လင်းဖေးအတွက် ကစားစရာ အသစ်အဆန်းတစ်ခု ရရှိလိုက်သလိုပင်။ 


သူနှင့်လင်းလော့ချင်းက ဖုန်းကိုယ်စီနှင့် တဒင်္ဂကစားနေကြ၏။ သူတို့ ကစားနေစဉ် လင်းလော့ချင်း၏ ဖုန်းမြည်လာသည်။ ၎င်းက ကျောက်လဲ့ထံမှ ဖြစ်၏။  


လင်းလော့ချင်းက လင်းဖေး ရှေ့၌ပင် ဖုန်းကိုင်လိုက်၏။ 


လင်းလော့ချင်း ကျောင်းမှ ထွက်လာခဲ့စဉ်က ကျောက်လဲ့ သူ့ကိုတားရန် ကြိုးစားခဲ့သည်။ သို့သော် ဟယ့်နီက ပြန်ဆွဲထားသဖြင့် သူမ သူ့နောက်သို့ ဆက်မလိုက်ဖြစ်တော့ပဲ လင်းလော့ချင်း စိတ်တည်ငြိမ်သည်အထိ စောင့်ဆိုင်းနေခဲ့ခြင်းပင်။ 


ယခုမူ ညနေစောင်းပြီဖြစ်ရာ လင်းလော့ချင်း စိတ်တည်ငြိမ်လောက်ပြီဟု သူမ ယူဆလိုက်၏။ ထို့ကြောင့် သူ့အား ဖုန်းဆက်၍ တဒင်္ဂဒေါသအတွက် ကလေး၏ အနာဂတ်ကို ဖျက်ဆီးခြင်းမပြုရန် နှစ်သိမ့်လိုခြင်း ဖြစ်သည်။ 


“လင်းဖေးအတွက် ဒီမှာစာသင်ခွင့်ရဖို့က မလွယ်ကူခဲ့ဘူး … ကလေးအတွက် စဉ်းစားပါဦး … ကျောင်းမထွက်ခိုင်းပါနဲ့ … ”


လင်းလော့ချင်းက ဖုန်းကိုကိုင်ထားလျှက်နှင့် စာလုပ်နေသည့် လင်းဖေးထံ အကြည့်ရောက်သွားသည်။


 “ကျွန်တော် သူ့အတွက်စဉ်းစားပြီး ကျောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာပါ ...”


လင်းဖေး ထိုစကားကို ကြားသည့်အခါ ကြည်လင်သော မျက်ဝန်းများဖြင့် သူ့အား မော့ကြည့်လာသည်။ 


လင်းလော့ချင်းက သူ၏ ဦးခေါင်းကို အသာအယာပုတ်ပေးကာ ကျောက်လဲ့အား အေးအေးဆေးဆေး ဆန့်ကျင်လိုက်၏။ 


“ကျောင်းအုပ်ကျောက် … ဖေးဖေးရဲ့ အရည်အချင်းနဲ့ အကျင့်စရိုက်အရဆိုရင် အစိုးရကျောင်းက သူ့အတွက် ပိုပြီးသင့်တော်မှန်း ခင်ဗျားသိတယ် မဟုတ်လား …” 


“ရှင်သူ့ကို အစိုးရကျောင်းကို ပို့မလို့လား … ” ကျောက်လဲ့ အံ့အားသင့်သွားသည်။ 


သူမက အစိုးရကျောင်းများကို အထင်မကြီး၍ မဟုတ်ပေ။ သို့သော် လက်ရှိကျောင်းအား ကလေးများကို လာရောက်အပ်နှံကြသည့် မိဘဆယ်ဦးတွင် ရှစ်ဦးသည် အစိုးရကျောင်းများကို အထင်သေးကြ၏။ 


လင်းဖေး၏ မိဘများသည်လည်း အဆိုပါမိဘများနည်းတူ ဖြစ်လိမ့်မည်ဟု သူမ ယူဆခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းဖေး၏ ဦးလေးဖြစ်သူက အစိုးရကျောင်းသို့ ပြောင်းရွှေ့ပေးချင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။  


“ရှင် အတည်ပြောနေတာလား … လင်းဖေးအတွက် အစိုးရကျောင်းက ပိုပြီးသင့်တော်တာ မှန်ပေမယ့် အဲဒီ့လိုလုပ်မယ်ဆိုရင် အရင်က သူ့ကို ဒီကျောင်းမှာတက်နိုင်အောင် ကြိုးစားပေးခဲ့သမျှက သဲထဲရေသွန်ဖြစ်သွားမှာနော် … ”


“ဖေးဖေးရဲအမေက ဒီကျောင်းမှာ သူ့ကို ထားပေးခဲ့တာလေ … သူကျောင်းတက်နိုင်အောင် ကြိုးစားပေးခဲ့တာလည်း သူမပဲ … ဖေးဖေး သူ့မေမေရဲ့အချစ်ကို နားလည်နေသရွေ့ ဒါက သဲထဲရေသွန် မဖြစ်ပါဘူး … ”


ကျောက်လဲ့က ဘာပြောရမှန်းမသိတော့ချေ။ 


တစ်ဖက်လူက သိမ်မွေ့ပြီး တည်ငြိမ်နေ၏။ သူမ၏ ယခင်လုပ်ရပ်အတွက် အပြစ်တင်ခြင်း မရှိသလို ရန်လိုနေခြင်းလည်း မရှိပေ။ 


သူက လင်းဖေးအတွက် သေချာတွေးပေးထားခြင်း ဖြစ်ပြီး လင်းဖေး မိခင်၏ အချစ်ကို နားလည်သရွေ့ ယခင်က ကျောင်းအတွက် ကုန်ကျစရိတ်များသည် သဲထဲရေသွန် ဖြစ်မည်မဟုတ်ကြောင်းပင် ပြောခဲ့သေးသည်။ 


သူဆုံးဖြတ်ပြီးပြီဖြစ်ရာ မည်သည့်အရာနှင့်မှ နှစ်သိမ့်နိုင်မည် မဟုတ်တော့ပေ။ 


“ကောင်းပြီလေ … ရှင့်ရဲ့ဆုံးဖြတ်ချက်ကို ကျွန်မလေးစားပါတယ် … ရှင်မှန်တယ် … လင်းဖေး ရဲ့ အခြေအနေက အစိုးရကျောင်းနဲ့ ပိုပြီးအဆင်ပြေလိမ့်မယ် … ဘာပဲဖြစ်ဖြစ် ရှင်စိတ်ပြောင်းသွားရင် ကျွန်မကို အချိန်မရွေးဆက်သွယ်ပါ …”


“ကောင်းပါပြီ … ” လင်းလော့ချင်း ပြောလိုက်သည်။


“ကျွန်မတောင်းပန်ပါတယ် … ရှင်လာတာနောက်ကျတော့ လင်းဖေးကို ဂရုမစိုက်ဘူးလို့ ထင်ခဲ့မိတာ … ဒါ့ကြောင့် ကျွန်မ စကားပြောတာက အဆင်မပြေဖြစ်သွားခဲ့တယ် … အခုတော့ ရှင် သူ့အတွက် တွေးပေးမှန်း ကျွန်မသိပါပြီ … ရှင့်အလုပ်က ကျောင်းနဲ့ဝေးနေတာကြောင့် ရှင်နောက်ကျနေခဲ့တာ ဖြစ်ရမယ် ....”


လင်းလော့ချင်း ပြုံးလိုက်၏။ 


“ခင်ဗျား ကျွန်တော့်ကို တောင်းပန်စရာ မလိုပါဘူး … လင်းဖေးကိုပဲ တောင်းပန်ရမှာပါ … သူက အမှန်အတိုင်း ပြောခဲ့ပေမယ့် ခင်ဗျား သူ့ကိုမယုံခဲ့ဘူးလေ … ခင်ဗျားမှာ ခင်ဗျားရဲ့ အခြေအနေတွေ ရှိနေနိုင်ပေမယ့် လင်းဖေးက ကလေးပဲရှိသေးတယ် မဟုတ်လား … သူက ဘာမှမတွေးတတ်သေးဘူး … သူသိတာက ခင်ဗျားသူ့ကို အပြစ်ပေးခဲ့တယ်ဆိုတာပဲ … ခင်ဗျားဆီက အပြစ်ပေးတာဖြစ်ဖြစ် တောင်းပန်တာဖြစ်ဖြစ် သူ့အတွက် အရေးမကြီးလောက်ပေမယ့် သူမှားတယ်လို့ ခင်ဗျားမတွေးကြောင်း သူ့ကိုရှင်းပြပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် … ”


လင်းဖေးက လင်းလော့ချင်း၏ စကားများကို နားထောင်လျှက်ရှိသည်။ သူက တိတ်တဆိတ် ခေါင်းမော့ကြည့်လာ၏။ 


လင်းလော့ချင်း ဖုန်းကို ကမ်းပေးလိုက်သည်။ “ဆရာမကျောက်က သားကို ပြောစရာရှိလို့တဲ့ … ”


လင်းဖေး ဖုန်းကိုယူလိုက်ပြီး နားနားကပ်လိုက်သည်။ 


ကျောက်လဲ့က စတင်ပြောလာ၏။ 


“လင်းဖေး … ဆရာမက သားကိုဒီနေ့ အပြစ်မပေးချင်ခဲ့ပါဘူးကွယ် …ကျန်းရှောင်စုန့်အမေ စိတ်ငြိမ်သွားပြီး သားကို ပြဿနာမရှာအောင် အဲဒီ့လိုလုပ်ခဲ့ရတာပါ … သားရဲ့အဆင့်တွေက ကောင်းပြီးတော့ သားက စာဖတ်ရတာကိုလည်း သဘောကျတယ် … သားက သေချာပေါက် ကျောင်းထွက်ချင်မှာ မဟုတ်လောက်ဘူး … ဒါ့အပြင် သားရဲ့အုပ်ထိန်းသူကလည်း မိဘမဟုတ်ပဲ ဦးလေးဖြစ်နေတယ်လေ … သားသူတို့ကို ငြိုငြင်စေမှာကို ဆရာမ စိုးရိမ်ခဲ့တာပါ … အကယ်၍ ကျန်းရှောင်စုန့်ရဲ့အမေကသာ သားကို ကျောင်းထုတ်ဖို့ လုပ်လာရင် သားရဲ့ဦးလေးက သားမလိမ္မာဘူလို့ အထင်လွဲသွားမှာကို ဆရာမ စိတ်ပူခဲ့မိတာ … ဒါ့ကြောင့် သူမကို ဒေါသဖွင့်ထုတ်ခွင့်ပေးလိုက်ပြီး သားကို အပြစ်ပေးတဲ့အနေနဲ့ မတ်တပ်ရပ်ခိုင်းတာတို့ တောင်းပန်ခိုင်းတာတို့ လုပ်ခိုင်းခဲ့မိတာပါ … သားဒါကို နားလည်ရဲ့လား …” 


“ဆရာမမှာ ကျန်းရှောင်စုန့်အမေနဲ့ ရင်ဆိုင်နိုင်စွမ်းမရှိသလို သားဦးလေးက သားကိုအရမ်းဂရုစိုက်မှန်းလည်း မသိခဲ့ဘူးလေ … ဒါ့ကြောင့် ဆရာမကိုယ်ပိုင်စိတ်ကူးနဲ့ သားကို ကာကွယ်ဖို့ကြိုးစားခဲ့တာပါ … ဒါပေမယ့် ဆရာမက တာဝန်မကျေခဲ့ဘူး … ဆရာမကို စိတ်မခုပါနဲ့နော် …” 


လင်းဖေးက သူ့အား အပြစ်ပေးခဲ့ခြင်းကို စိတ်ထဲမထားခဲ့ချေ။ သူအနေဖြင့် စာသင်နှစ်ဝက်တစ်ခုသာ ကြုံရသေးသည့် ဆရာမအပေါ် စိတ်ခံစားချက် များများစားစားမရှိ။ 


သူက ခံစားချက်များနှင့် ပတ်သတ်၍ အလွယ်တကူ ထုတ်မပြတတ်ချေ။ တစ်စုံတစ်ဦးက သူ့အားချဉ်းကပ်ကာ သူ့နှလုံးသားတံခါးကို ခေါက်သည့်အချိန်မှသာ သူ သူတို့အတွက် တံခါးအနည်းငယ် ဖွင့်ပေးတတ်သည်။ 


ကျောက်လဲ့က သူ့နှလုံးသား တံခါးကို တစ်ကြိမ်တစ်ခါမှ မခေါက်ခဲ့ဖူးရာ သူ သူမအား နားမလည်နိုင်သည်မှာ သဘာဝကျ၏။ 


ယခုမူ သူမက သူ့အား ကာကွယ်ပေးရန် ရည်ရွယ်ခဲ့ကြောင်း ပြောလာရာ လင်းဖေး အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။ သူက နေ့ခင်းက အဖြစ်အပျက်များကို ပြန်လည်စဉ်းစားရင်း သူမပြောသည့်စကားအား နားလည်အောင် ကြိုးစားလိုက်၏။ 


သူမက သူ့အား ကျောင်းမထွက်စေချင်သလို သူ့ဦးလေးထံမှ မလိမ္မာသောကလေးဟု အထင်လွဲခံရမည်ကိုလည်း မလိုလားခဲ့ချေ။ 


ကျောက်လဲ့က သူမှားသည်ဟု ယူဆ၍သာ သူ့အား တောင်းပန်ခိုင်းခြင်း ဖြစ်ရမည်ဟု တွေးခဲ့မိသဖြင့် လင်းဖေး အနည်းငယ် အံ့အားသင့်သွား၏။


“ဆရာမက သားသူ့ကိုနာအောင်လုပ်လိုက်လို့ သူငိုသွားတာလို့ ပြောခဲ့တယ် … ” သူက တည်ငြိမ်စွာပြောလိုက်၏။ 


ကျောက်လဲ့ အကူအညီမဲ့သလို ခံစားလိုက်ရ၏။ 


“သား သူ့ကိုနာအောင်လုပ်တာက မှားတာပဲလေ … သူ့မျက်နှာပေါ်က ဒဏ်ရာတွေကြောင့် ရှောင်စုန့် အရမ်းငိုသွားတာ မဟုတ်လား … သားက သူ့ကို အနိုင်ကျင့်ထားတယ်လို့ သူ့မိဘတွေက ပြောကြမှာပဲ … ဒဏ်ရာက မပြင်းထန်လို့ပဲ တော်တော့တယ် … သားဒီတစ်ခါ သူ့မျက်နှာကိုပဲ ဒဏ်ရာဖြစ်စေခဲ့တယ် ဆိုပေမယ့် နောက်တစ်ခါကျ နှာခေါင်းတို့ မျက်လုံးတို့ကို ထိခိုက်စေခဲ့ရင် ဒဏ်ရာက ပိုဆိုးသွားမှာပေါ့ … သားကို ဆရာမက တစ်ယောက်ယောက်ကို ထိခိုက်စေတာ ကောင်းတယ်လို့ ချီးကျူးလို့မရဘူးလေ … ”


“ဒါဆို ဆရာမ ဘာလို့အခုတောင်းပန်နေတာလဲ … ”


“ဘာလို့ဆို ဆရာမ ကောင်းကောင်းမလုပ်ခဲ့ဘူးလို့ ခံစားရလို့ပေါ့ …” 


ကျောက်လဲ့က ပြော၏။ “သားရဲ့ရှုရှု ပြောတာမှန်တယ် … သားက ကလေးပဲရှိသေးတာ … ဒီလိုမျိုး အကြောင်းရင်းကို ဘယ်တွေးတတ်ဦးမှာလဲ … ဆရာမက သားအပေါ် မတရားဘူးလို့ပဲ တွေးနေမှာ … ဆရာမ အဲဒီ့အတွက် တောင်းပန်တာပါ … သားအတွက် မျှတအောင် ဆုံးဖြတ်မပေးနိုင်ခဲ့ဘူး … ”


“အဆင်ပြေပါတယ် … ” လင်းဖေး တည်ငြိမ်စွာ ပြောလိုက်၏။ 


“ဒါဖြင့် ဆရာမကို ခွင့်လွှတ်ပေးနိုင်မလား … ”


“သား ဆရာမကို အပြစ်မတင်ပါဘူး ...” လင်းဖေး အသံက တည်ငြိမ်ဆဲပင်။ 


သူ့အသံက ရှင်းလင်းပြီး ကလေးတစ်ဦး၏ အပြစ်ကင်းစင်မှုတို့ ပါဝင်နေသည်။ သူက သူမမည်ကဲ့သို့ ဆုံးဖြတ်ပါစေ၊ အရေးမစိုက်သည့် အလျောက် သူမအား အပြစ်မတင်ချေ။


ကျောက်လဲ့ ထိုစကားကို ကြားချိန်၌ မသက်မသာ ခံစားလိုက်ရ၏။ လင်းဖေး၏ အပြစ်မတင်ခြင်းသည် သူမ အပေါ် လျစ်လျူရှုထားခြင်းကြောင့်လော သို့မဟုတ် ဆရာဟူသည့်ဂုဏ်ကြောင့် အပြစ်မတင်ခြင်းလော ဟူသည်ကို သူမ မခွဲခြားတတ်ချေ။ 


မည်သို့ပင်ဖြစ်စေ၊ သူက သူမထက် တည်ငြိမ်နေ၏။ 


“ဆရာမရဲ့ အမှားပါ … ” ကျောက်လဲ့ ထပ်ပြောလိုက်၏။ 


“အရေးမကြီးတော့ပါဘူး ...” လင်းဖေး စိတ်ထဲမထားချေ။ 


“သားကို ကာကွယ်ပေးခဲ့လို့ ကျေးဇူးပါ ...”


သူက သူ့ကိုယ်သူ ကာကွယ်ရခြင်းနှင့် နေသားကျနေခဲ့ပြီး လူအနည်းငယ်သာလျှင် သူ့အတွက် ရှိနေပေးခဲ့သည်။ သူ့အား ကာကွယ်ပေးမည်ဟု ပြောလာသူမှာ ပို၍ပင် နည်းပါး၏။ ယခု ကျောက်လဲ့က ထိုသို့ပြောလာပြီဖြစ်ရာ လင်းဖေး ထိုကာကွယ်မှုအား မလိုအပ်စေကာမူ သူမအပေါ် ကျေးဇူးတင်မိ၏။ သူမက သူမဘောင်အတွင်းမှ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်သာ။ 


ကျောက်လဲ့ ထိုသို့ ပြန်ပြောလာမည်ဟု မမျှော်လင့်ထားသဖြင့် ရင်တွင်း ထိရှသွားမိသည်။ 


သူမက ခေါင်းအသာယမ်းကာ ပြုံးလျှက် ပြော၏။ “ကျေးဇူးတင်စရာ မလိုပါဘူးကွယ် … ဆရာက တပည့်ကို သေချာပေါက် ကာကွယ်ပေးရမှာပေါ့ … သားက ကျောင်းသားကောင်းတစ်ယောက် ဆိုပေမယ့် ဆရာမကတော့ ဆရာကောင်းတစ်ယောက် မဖြစ်ခဲ့ဘူး … အနာဂတ်မှာ ဆရာမထက် ပိုပြီး အရည်အချင်းရှိတဲ့ ဆရာကို သားတွေ့နိုင်မှာပါ … စာသေချာကြိုးစားပြီး အားလုံးကို အကျိုးပြုပေးရမယ်နော် … ”


လင်းဖေး ထိုစကားကို ကြားသည့်အခါ လင်းလော့ချင်း၏ စကားများကို ပြန်လည်တွေးမိသွားသဖြင့် ပြုံးလိုက်မိသည်။ “ဟုတ်ကဲ့ ...”


“လင်းဖေး … သားက အရမ်းသိတတ်တာပဲ … ” ကျောက်လဲ့ သက်ပြင်းချလိုက်၏။


 “သားက ဆရာမတွေ့ဖူးတဲ့ ကျောင်းသားတွေထဲမှာ အတော်ဆုံးကျောင်းသားပဲ …” 


“ဟုတ်ကဲ့ … ” လင်းဖေး၏ နှုတ်ခမ်းထောင့်လေးများ ပိုမိုမြင့်တက်လာ၏။ 


ကျောက်လဲ့နှင့် ဖုန်းပြောပြီးနောက် သူက ဖုန်းကို လင်းလော့ချင်းထံ ပြန်ပေးလိုက်သည်။ 


လင်းလော့ချင်း စကားအနည်းငယ် ပြောပြီးနောက် ဖုန်းချလိုက်၏။ 


“ဆရာမကျောက်က သားကို တောင်းပန်လိုက်လား … ” သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။ 


လင်းဖေး ခေါင်းညှိတ်လိုက်၏။ သူ့မျက်လုံးများက ကြည်လင်လျှက်ရှိသည်။ 


“ကြည့်လေ … ရှုရှုသားကို ပြောသားပဲ … သားမမှားပါဘူးလို့ … ခုဆို ဆရာမကျောက်ကတောင် သားကို တောင်းပန်လာပြီလေ … ”


“သား သိပါပြီ ...” 


လင်းဖေး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ သူက သူမှားသည်ဟု မထင်ခဲ့ချေ။ “ရှုရှု ပြောသလိုပဲလေ … လူကြီးတွေလည်း အမှားလုပ်တတ်တယ်ဆိုတာ … ဆရာမကျောက်ကလည်း လူကြီးပဲဆိုတော့ အမှားလုပ်တာပေါ့ … ဒါက ပြဿနာမရှိပါဘူး ...”


လင်းလော့ချင်း ပြုံးလိုက်၏။ “မှန်တာပေါ့ ...”


လင်းဖေး သူ့ကိုယ်သူ မည်သည့်အခါကမှ သံသယမဝင်ခဲ့ချေ။ သူ့တွင် ကိုယ်ပိုင်အမြင်နှင့် အကြံဉာဏ်များရှိပြီး အခြားလူများအပေါ်တွင်လည်း ခံစားချက် များများစားစားမထားတတ်။ 


“သား သူ့ကို ခွင့်လွှတ်လိုက်တယ် … ” လင်းဖေး ဆက်ပြော၏။ 


“သူက သားကို ကာကွယ်ပေးချင်ခဲ့တာတဲ့ ...”


“ကောင်းတာပေါ့ ...” လင်းလော့ချင်း သူ့ခေါင်းလေးကို ပွတ်ပေးလိုက်၏။ 


“သားကို ကာကွယ်ပေးချင်တဲ့ လူတွေရှိတာ ကောင်းတဲ့ကိစ္စပဲမဟုတ်လား … သူလုပ်ခဲ့တာက သိပ်ပြီးမပြောပလောက်ပေမယ့် သူ့ရည်ရွယ်ချက်ကတော့ ကောင်းပါတယ် ...”


လင်းဖေး ခေါင်းညှိတ်လိုက်သည်။ “ဟုတ်ကဲ့ … ”


လင်းလော့ချင်း သူ့အား ချီးကျူးလိုက်၏။ “သားက တကယ့်ကို ကြင်နာတတ်တာပဲ … ”


လင်းဖေးက ချီးကျူးမှုကြောင့် အနည်းငယ်ဂုဏ်ယူမိသွားသည်။ 


ဖုန်းခေါ်မှု ပြီးဆုံးသွားသည့်နောက် လင်းလော့ချင်းက လင်းဖေးနှင့် ဗီဒီယိုကောလ် ဆက်ပြောရန် ပြင်လိုက်သည်။ ထို့နောက် သူက WeChat ပေ့ချ်ကို ဖွင့်လိုက်သည့်အခါ အီမိုဂျီများနှင့် စတစ်ကာများကို တွေ့လိုက်ရသည်။  


သူက ဖုန်းစခရင်ကို ရွှေ့လိုက်ပြီးနောက် လင်းဖေးအား အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်၏။ “ရှုရှု ဖုန်းပြောနေတုန်း သားအီမိုဂျီတွေပို့ထားတာလား … ”


လင်းဖေး “……”


လင်းဖေး ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်သည်။ 


သူ့တွင် ဆက်သွယ်စရာလူမရှိရာ ပုံမှန်အားဖြင့် ဖုန်းနှင့်မကစားတတ်ချေ။ လင်းလော့ချင်း၏ ဗီဒီယိုကောလ်က သူ့စိတ်ဝင်စားမှုအား မြင့်တက်သွားစေ၏။ သူက ရွေ့လျားနေသည့် အီမိုဂျီများကို တွေ့လိုက်ရသဖြင့် တစ်ခုပြီးတစ်ခု လင်းလော့ချင်းထံ ပို့မိခဲ့ခြင်းဖြစ်သည်။ သူ ပို့လေလေ … သူ … 


လင်းလော့ချင်းက လင်းဖေး၏ အမူအရာကြောင့် ရယ်လိုက်မိသည်။  


လင်းဖေး၏ ကလေးဆန်သော အမူအရာကို မဆိုထားနှင့်၊ လက်ရှိ လင်းဖေးမျက်နှာပေါ်ရှိ အမူအရာမျိုးကိုပင် သူ မည်သည့်အခါကမှ မတွေ့ခဲ့ဖူးချေ။  


လင်းလော့ချင်းက လင်းဖေးထံ လျှောက်သွားရင်း ခပ်ဖွဖွနမ်းလိုက်၏။ 


“ချစ်ဖို့ကောင်းလိုက်တာ … ”


သူက စကားဆုံးသည်နှင့် လင်းဖေးအား ထပ်နမ်းလိုက်ပြန်သည်။ 


“သားကို ဒီနေ့ကစပြီး အီမိုဂျီတွေနေ့တိုင်းပို့ပေးမယ်နော် … သားလည်း ရှုရှုကို ချစ်ဖို့ကောင်းတဲ့ အီမိုဂျီတွေ ပြန်ပို့ပေးပေါ့ … ”


ဦးလေးဖြစ်သူ၏ အနမ်းကြောင့် လင်းဖေး အနည်းငယ် ရှက်သွားသည်။ လင်းလော့ချင်း၏ စကားများကြောင့် သူပို၍ပင် ရှက်ရွံ့သွား၏။ သူက ပြောလိုက်သည်။ “သား စာဖတ်တော့မယ် ...”


လင်းလော့ချင်းက လင်းဖေး၏ နားရွက်နီနီများကြောင့် ပြုံးလိုက်မိ၏။ “ကောင်းပြီ … ဒါဆို သားစာဖတ်နှင့်နော် … သားကို ပြီးမှရှုရှုရေချိုးပေးမယ် … ”


လင်းဖေးကပြော၏။ “သား ကိုယ့်ဘာသာကိုယ် ရေချိုးလို့ရပါတယ် … ”


လင်းလော့ချင်း သူ့နဖူးလေးကို ထပ်နမ်းလိုက်၏။ “အခုချက်ချင်း ချိုးပေးလိုက်ရမလား … ”


လင်းဖေး, “……”


လင်းလော့ချင်း ရယ်လိုက်ရင်း လင်းဖေးမှာ အလွန်ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ 


“ရှုရှုသွားတော့မယ် … ” သူက မတ်တပ်ရပ်လိုက်ပြီးနောက် လင်းဖေး၏ ခေါင်းကိုထိကာ တံခါးအပြင်ဘက်သို့ ထွက်လာလိုက်သည်။ 


လင်းဖေး တံခါးပိတ်သံကို ကြားလိုက်ရ၏။ ထို့နောက် နားရွက်ကလေးများရဲလျှက် စာကြည့်စားပွဲပေါ်တွင် ထိုင်လိုက်သည်။ 


သူက ဖုန်းစခရင်ကို ကြည့်လိုက်၏။ အီမိုဂျီတစ်ခု ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းက လင်းလော့ချင်းထံမှ ဖြစ်၏။ 


လူသေးသေးလေးတစ်ဦးက အခြားလူသေးသေးလေးအား ဖက်ထားကာ သူတို့နှစ်ဦးကြားတွင် စာလုံးအချို့ ထွက်ပေါ်နေသည်။ မွ … မွ ~


လင်းဖေး “……”


လင်းဖေး၏ နားရွက်ကလေးများ နီရဲသွား၏။ သူက ဖုန်းကို ထပ်မံမကြည့်တော့ပဲ စာအုပ်တစ်အုပ် ဆွဲထုတ်ကာ ဖတ်လိုက်သည်။ 


သို့သော် ဘယ်လောက်မှ မကြာလိုက်၊ လင်းလော့ချင်း နောက်ထပ် အီမိုဂျီပို့ထားမထားကို စစ်ကြည့်ရန် ဖုန်းကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်ပြန်၏။ 


လင်းလော့ချင်းက သူ့အား ပွေ့ဖက်ထားသည့် အီမိုဂျီများစွာ ပို့ထားလေသည်။ 


လင်းဖေး “……”


လင်းဖေးက တစ်ခုချင်းစီ လိုက်ကြည့်ရင်း မရယ်ပဲမနေနိုင်တော့ချေ။ သူက လိုချင်သည့် သကြားလုံးကို ရရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။ 


သူက လင်

းလော့ချင်း ပို့ထားသည့် အီမိုဂျီများကို တစ်ခုချင်း အသေးစိတ် လိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ပြန်ထိန်းကာ ဖုန်းကို ခပ်ဝေးဝေးသို့ ထားလိုက်ပြီး စာတွင် အာရုံစိုက်လိုက်၏။ 


သို့သော် သူ့မျက်နှာထက်ရှိ အပြုံးကလေးကမူ လွင့်ပျယ်မသွားခဲ့ပေ။