အပိုင်း ၁၀၀
Viewers 35k

Chapter 100




လော့ကျားက ကားကို ညှင်သာစွာ မောင်းထွက်လိုက်သည်။ သူတို့သုံးဦးက အိမ်သို့ အချိန်မှန် ပြန်ရောက်လာကြ၏။ လင်းလော့ချင်း အိမ်တံခါးကို ဖွင့်ကာ လင်းဖေး၊ ကျိလဲ့ယွီတို့နှင့်အတူ ဝင်လာခဲ့သည်။ 


အန်တီကျန်းက ပျော်ရွှင်စွာဖြင့် မေးလိုက်၏။ “မစ္စတာလင်း … ပြန်လာပြီလား … အလုပ်ပြီးခဲ့ပြီပေါ့ … ”


“ဘယ်ကသာ … ကျွန်တော် အိမ်မှာတစ်ညအိပ်ပြီးရင် ပြန်သွားရဦးမှာ ...”


“ဒါဆို ကျွန်မ မစ္စတာလင်းကြိုက်တဲ့ဟင်း ထပ်ချက်လိုက်မယ်နော် ...”


“ဟုတ်ကဲ့ … ကျေးဇူးပါ ...” လင်းလော့ချင်း ပြုံးလိုက်သည်။ 


အန်တီကျန်း လက်ဝေ့ယမ်းလိုက်သည်။ “မလိုပါဘူးနော် … ” ထို့နောက် သူမက မီးဖိုခန်းသို့ ဦးတည်သွား၏။


လင်းလော့ချင်းက လင်းဖေးနှင့် ကျိလဲ့ယွီအား အပေါ်ထပ်သို့ ဦးဆောင်ခေါ်သွားသည်။ ထိုစဉ် လင်းဖေးက လင်းလော့ချင်းအား သူ၏ အိပ်ခန်းသို့ ဆွဲခေါ်လိုက်၏။ 


“ဘာဖြစ်လို့လဲ … ” လင်းလော့ချင်း သူ့ကိုမေးလိုက်သည်။ 


“မျက်လုံးမှိတ်ထား … ” လင်းဖေးက ပြောလိုက်၏။


လင်းလော့ချင်း သူ့အား သံသယဖြင့်ကြည့်ကာ ပြုံးလိုက်သည်။ “ဘာမို့လို့ ဒီလောက်လျှို့ဝှက်နေတာလဲ … ”


လင်းဖေး သူ့ရှေ့တွင် ထိုသို့ပြုမူသည်မှာ ရှားပါးလှ၏။


လင်းဖေး မူလက လင်းလော့ချင်းထံသို့ ဆူးပင်အား တိုက်ရိုက်ပေးချင်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ လင်းလော့ချင်း၏ စကားများကြောင့် သူပျော်ရွှင်ခဲ့ရပြီး နွေးထွေးမှုကိုလည်း ခံစားမိခဲ့၏။ သူက လက်ဆောင်ကို ဒီအတိုင်း မပေးလိုတော့ချေ။ 


သူက လက်ဆောင်ပေးသည့် ပုံစံအမျိုးမျိုးကို တီဗီထဲတွင် တွေ့ခဲ့ဖူး၏။ ထိုနည်းလမ်းဖြင့် လက်ဆောင် အပေးခံရသူများသည်လည်း အလွန်ပျော်ရွှင်ကြသည်သာ ဖြစ်သည်။ 


လင်းလော့ချင်းသည်လည်း ၎င်းကို နှစ်ခြိုက်ပေလိမ့်မည်။ 


လင်းလော့ချင်းက သူနှင့်အတူ ပူးပေါင်းကာ လက်မြှောက်၍ မျက်လုံးကို အုပ်လိုက်၏။ “ဒီလိုလား … ”


“ဟုတ်တယ် ...”


“ကဲ … ရပြီလား … ” လင်းလော့ချင်း ပြောလိုက်သည်။ 


သူက လင်းဖေး သူ့အတွက် လက်ဆောင်ပြင်ထားမည်ဟု မျှော်လင့်မထားခဲ့။ အဆုံးသတ်တွင် လင်းဖေးက လက်ဆောင်နှင့် ပတ်သတ်၍ မည်သည့် သဲလွန်စကိုမှ ထုတ်မပြခဲ့ဖူးချေ။


လင်းဖေးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ထံ လျှောက်သွားကာ ဘောင်ပေါ်မှ ဆူးပင်လေးအားယူ၍ လင်းလော့ချင်းထံ ပြန်လျှောက်လာ၏။ 


သူက ပန်းအိုးအား မြဲမြံစွာ ကိုင်ထား၏။ သူ့အရပ်မှာ ကောင်းစွာမဖွံ့ဖြိုးလာသေးရာ လင်းလော့ချင်းထံသို့ ပန်းအိုးကမ်းပေးလိုပါက လက်နှစ်ဖက်ဖြင့် မြှောက်ပေးရမှာဖြစ်သည်။  


“မျက်လုံးဖွင့်လို့ရပြီ … ” လင်းဖေး၏ အသံမှာ ညှင်သာလှ၏။ 


လင်းလော့ချင်း မျက်လုံးကို ဖုံးကာထားသည့် လက်များအား ဖယ်ရှားလိုက်ချိန်တွင် ကန္တာရဆူးပင် ပန်းအိုးလေးအား ကိုင်ထားသည့် လင်းဖေးကို တွေ့လိုက်ရသည်။ ဆူးပင်လေးက အရွယ်မရောက်သေးသော်လည်း လင်းဖေးအား သူလက်ဆောင်ပေးဖူးသည့် အပင်ထက် ပိုကြီး၏။ 


“ရှုရှုအတွက် ...” လင်းဖေး ပြုံးလိုက်သည်။ 


သူ၏ မျက်ဝန်းတစ်စုံက လခြမ်းကွေးသဖွယ် ကွေးညွှတ်သွားသည်။ မျက်တောင်ရှည်များက အပေါ်သို့ မြင့်တက်လာပြီး ကြည်လင်တောက်ပသော မျက်ဝန်းများကို ပေါ်ထွက်လာစေ၏။ အဆိုပါ ကြယ်များသဖွယ် တောက်ပနေသည့် မျက်ဝန်းတစ်စုံကြောင့် လင်းဖေး၏ အေးစက်စက်နှင့် ထူးမခြားနားအသွင်မှာ အရည်ပျော်သွား၏။ 


လင်းလော့ချင်း လက်ရှိခံစားချက်အား သူကိုယ်တိုင်ပင် အမည်မဖော်တတ်။ 


သူက မျက်စိရှေ့မှ ကလေးငယ်အား အံ့အားသင့်မှု၊ စိတ်လှုပ်ရှားမှု၊ ပီတိဖြာမှုများဖြင့် ကြည့်လိုက်မိသည်။ ထို့နောက် လင်းဖေး၏ လက်သေးသေးလေးများအတွင်းမှ ကန္တာရဆူးပင် ပန်းအိုးကို ညှင်သာစွာ ယူလိုက်၏။  


၎င်းသည် လင်းဖေး ပထမဆုံး တောင်းဆိုခဲ့သည့် လက်ဆောင်ဖြစ်သည်။ ရွှေငွေ ကျောက်မျက်ရတနာများ ပြည့်နှက်နေသည့် ရှောပင်းမောလ်ထဲတွင် သူက လင်းလော့ချင်းအား ပန်းအိုးဝယ်ပေးရန် ယဉ်ကျေးစွာ တောင်းဆိုခဲ့၏။ 


ယခု လင်းဖေးက သူ့အား ပန်းအိုးလေး လက်ဆောင်ပေးလာသည်။ 


လင်းဖေး၏ မျက်ဝန်းများကို ကြည့်ရင်း သူ့နှလုံးသားထဲရှိ ပန်းပွင့်သည် ဆူးပင်ပေါ်တွင် ပွင့်လန်းလာသကဲ့သို့ လင်းလော့ချင်း ခံစားလိုက်ရ၏။


သူက အပြုံးကြီးကြီး မပြုံးမိအောင် ထိန်းမထားနိုင်တော့။ 


“ကျေးဇူးပါ … ” လင်းလော့ချင်း ပြုံးကာ ပြောလိုက်၏။ “ရှုရှု ဒါကို အရမ်းကြိုက်တယ် …”


သူက ထပ်ပြောလိုက်ပြန်၏။ “ရှုရှု ဒါကို သေချာဂရုစိုက်ပါ့မယ် …” 


ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် သေသေချာချာကို ဂရုစိုက်မှာ … 


လင်းဖေးက သူ့အတွေးများကို မကြားချေ။ လင်းလော့ချင်းက ပျော်ရွှင်စွာဖြင့် သူ၏လက်ဆောင်အား နှစ်သက်ပြောခဲ့သည်။ ထို့ကြောင့် လင်းဖေးပျော်ရွှင်နေ၏။ 


“ကျေးဇူးတင်စရာ မလိုပါဘူး … ” သူက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ 


လင်းဖေး၏ နှလုံးသားက ထပ်မံခုန်လှုပ်လာကာ လင်းလော့ချင်းအားကြည့်ရင်း အနည်းငယ် ရှက်လာသလို ခံစားလိုက်ရ၏။ ထို့ကြောင့် သူက စာရေးစားပွဲသို့ သွားကာ ကျောင်းလွယ်အိတ်ကို တင်လိုက်သည်။  


လင်းလော့ချင်း၏ မျက်စိရှေ့တွင်ပင် လင်းဖေးက စာရေးစားပွဲတွင် ထိုင်ကာ စာစဖတ်လိုက်သည်။ သို့သော် သူ၏ နားရွက်လေးများက အနည်းငယ် နီရဲနေပြီး ရှက်ရွံ့မှုအား ပြသလျှက်ရှိ၏။  


လင်းလော့ချင်း ထပ်မံပြုံးလိုက်မိသည်။ ထို့နောက် လင်းဖေး၏ အခန်းတွင်းမှ အသာအယာ ထွက်လာလိုက်၏။


လင်းလော့ချင်း အခန်းအပြင်ရောက်၍ တံခါးပိတ်သွားချိန်မှ လင်းဖေး လှည့်ကြည့်လိုက်သည်။  


ထို့နောက် စာရေးစားပွဲပေါ်တွင် ခေါင်းလေးလှဲချကာ ကျောင်းတွင် လင်းလော့ချင်း ပြောခဲ့သည့် စကားများအား ပြန်တွေးနေမိ၏။ သူက စိတ်လိုလက်ရ ပြုံးနေမိခြင်းအား မရပ်တန့်နိုင်ချေ။


ကျိယွီရှောင် စာဖတ်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် လင်းလော့ချင်းအား တွေိ့လိုက်ရ၏။ 


သူက အံ့အားသင့်သွားသည်။ “လော့ချင်း … ဘာလို့ပြန်လာတာလဲ … ”


သူ မနေ့က လင်းလော့ချင်းထံ သွားရောက်ခဲ့ပြီး တစ်ဖက်လူ ရက်အနည်းငယ်အထိ ပြန်လာနိုင်ဦးမည် မဟုတ်ကြောင်း သိခဲ့ရ၏။ သူဘာလို့ ရုတ်တရက် ပြန်ရောက်လာပါလိမ့် … 


လင်းလော့ချင်း အခန်းတွင်းသို့ ပြုံးလျှက်ဝင်ရောက်လာ၏။ သူ့လက်ထဲတွင် လင်းဖေးပေးလိုက်သည့် ဆူးပင်ကလေး ရှိနေသည်။ 


“ဒီမှာကြည့် … ” သူက ဆူးပင်လေးကို ရတနာတစ်ခုကဲ့သို့ မှတ်ယူကာ ကျိယွီရှောင်အား ကြွားလိုက်သည်။ “ဖေးဖေး ပေးတာ … ”


ကျိယွီရှောင်သည်လည်း တူညီသော အသံနေအသံထားဖြင့် ပြန်ဖြေ၏။ “ကိုယ့်မှာလည်း ရှိတယ် … ဖေးဖေးက ကိုယ့်ကိုလည်း ပေးထားတယ်လေ … ”


လင်းလော့ချင်း “…”


လင်းဖေးက သူ့ကိုပဲ ပေးတယ် ထင်ထားတာ … လက်စသတ်တော့ မိသားစုတစ်ခုလုံးကို ဆင်တူလက်ဆောင် ပေးတာလား …


လင်းလော့ချင်း မျက်နှာပေါ်ရှိ အံ့အားသင့်မှုကြောင့် ကျိယွီရှောင် ရယ်မောလိုက်သည်။ “မင်း ရိုက်ကူးရေးအတွက် သွားပြီး ဘယ်လောက်မှ မကြာလိုက်ဘူး … လင်းဖေးက ကိုယ့်ကို ပန်းဆိုင်လိုက်ပို့ပေးဖို့ ပြောလာတယ်လေ … ကိုယ် သဘောတူလိုက်တော့ ကိုယ့်အတွက် ဆူးပင်အိုးလေး လက်ဆောင်ပေးတာပဲ …”  


“မင်း အဲဒါကို ငါ့ကြောင့် ရသွားတာ ဖြစ်မှာပေါ့ … ” လင်းလော့ချင်း ဒီအတိုင်း လျှော့မပေးနိုင်ချေ။


 “ဖေးဖေးက ဒီလောက်သိတတ်တာ … ငါ့အတွက်ပဲ ဘယ်ဝယ်ပါ့မလဲ … မင်းနဲ့တူတူ သွားတာဆိုတော့ မင်းအတွက်လည်း လက်ဆောင်ဝယ်ပေးမှာပေါ့ … ”


ကျိယွီရှောင်က မငြင်းချေ။ “ဟုတ်လောက်မှာပါ … ”


“ပြပါဦး … မင်းပန်းအိုးကို … ” လင်းလော့ချင်း စပ်စုလိုက်သည်။ “ကြည့်ရအောင် ...”


“အိပ်ခန်းထဲမှာ ထားထားတယ် … ” ကျိယွီရှောင်က ဝှီးချဲလ်အား သူ့ထံဦးတည်လိုက်သည်။ 


လင်းလော့ချင်းသည်လည်း သူ့ထံလျှောက်သွားလိုက်၏။ သူက ဆူးပင်အား ကျိယွီရှောင်ထံ ကမ်းလိုက်ပြီး ဝှီးချဲလ်ကို တွန်းပေးလိုက်သည်။ 


“မင်းဘာလို့ ရုတ်တရက်ပြန်လာတာလဲ … ” ကျိယွီရှောင် ထပ်မေးလိုက်၏။ “တစ်ခုခု ဖြစ်လို့လား … ”


“ဘာရယ်မဟုတ်ပါဘူး … ဖေးဖေး ကျောင်းမှာ ကိစ္စလေးတစ်ခု ဖြစ်သွားလို့လေ … ငါ ဒါရိုက်တာကို ခွင့်တောင်းလိုက်တော့ ဒါရိုက်တာက သွားခွင့်ပေးလိုက်တယ် … အဲဒါကြောင့် အိမ်ကို တစ်ချက်ပြန်လာတာ ...”


ကျိယွီရှောင် ဆက်မေးလိုက်သည်။ “ဖေးဖေးဆီမှာ တစ်ခုခုဖြစ်သွားတာလား … မင်းကိုပါ လှမ်းခေါ်တယ်ပေါ့ … ”


သူမေးခွန်းမေးလိုက်သည်နှင့် လင်းလော့ချင်းက ဖုံးကွယ်မထားတော့ပဲ တိုက်ရိုက်ပြောလိုက်တော့၏။ “ငါမနက်ဖြန် ဖေးဖေးကို ကျောင်းထုတ်ဖို့ စီစဉ်ရလိမ့်မယ် … ငါ့ကို ဒီမှာရှိတဲ့ အခြေခံကျောင်းကောင်းကောင်း ကူရွေးပေးပါဦး … ငါ ဖေးဖေးကို ကျောင်းပြောင်းချင်တယ် … ”


ကျိယွီရှောင်က အံ့အားသင့်ဟန်ဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။ 


“ဘာဖြစ်လို့လဲ … ဖေးဖေးက ဘာလို့ကျောင်းပြောင်းမှာလဲ … တစ်ယောက်ယောက် သူ့ကို အနိုင်ကျင့်လို့လား … ”


လင်းလော့ချင်း အိပ်ခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် ယနေ့ဖြစ်ခဲ့သည့် ကိစ္စများအား ရှင်းပြလိုက်သည်။


ကျိယွီရှောင် ထိုသို့ကိစ္စမျိုး ဖြစ်ခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ 


သူ မကျေမနပ်ဖြစ်သွား၏။ “ဖေးဖေးအမှားမှ မဟုတ်တာ … ဘာလို့ ဖေးဖေးက ကျောင်းထွက်ရမှာလဲ … ကျန်းရှောင်စုန့်တို့ အုပ်စုကသာ ကျောင်းထုတ်ခံရသင့်တာ မဟုတ်လား … ”


“သူ့ကို အဲဒီ့ကျောင်းမှာ ထားလို့မရဘူး … ” လင်းလော့ချင်း တည်ငြိမ်စွာဆိုလိုက်သည်။ “ဖေးဖေးက မိဘတွေရဲ့အလင်းကို လိုအပ်တဲ့ ကလေးတစ်ယောက် မဟုတ်ဘူး … အဲဒီ့ကျောင်းမှာ ဆက်ထားမယ်ဆိုရင် သူ့ရဲ့ အလင်းကို ဖုံးကွယ်ထားသလိုပဲ ဖြစ်နေမှာ ...”


“ဒါကတော့ ဒါပေါ့ … ဒါပေမယ့် ကျောင်းထွက်စရာ မလိုပါဘူး … ကိုယ်မနက်ဖြန် ကျောင်းအုပ်ကို သွားတွေ့ပြီး ကျန်းရှောင်စုန့်နဲ့ သူ့အမေကို ဖေးဖေးကို တောင်းပန်ဖို့ ပြောရမယ် … ဒါမှ နောက်ကျရင် ဖေးဖေးကို ဘယ်သူမှ အထင်မသေးရဲမှာ … ”


“မင်း ငါပြောတာကို နားမလည်ဘူး … ” လင်းလော့ချင်း သူ့အရှေ့သို့ လျှောက်သွားကာ မျက်လုံးချင်း ဆုံစေလိုက်သည်။ 


“ဒါပေါ့ … မင်း ကျောင်းအုပ်ကို သွားတွေ့ပြီး ကျန်းရှောင်စုန့်ကို တောင်းပန်ခိုင်းမယ့် ကိစ္စကို ငါသဘောတူပါတယ် … ဒါပေမယ့် အဓိကက ကျန်းရှောင်စုန့်ကြောင့် မဟုတ်ပဲ ဖေးဖေးကြောင့်ပဲ ...”


“အကယ်၍ လင်းဖေးက ဘာအစွမ်းအစမှမရှိပဲ မိဘရဲ့နောက်ခံကို မှီခိုရတဲ့ ကလေးတစ်ယောက် ဖြစ်နေမယ်ဆိုရင် သူအဲဒီ့ကျောင်းမှာ တခြားကလေးတွေလိုပဲ ဆက်တက်လို့ရတယ် … ဒါပေမယ့် သူက မတူဘူးလေ … သူ့ရဲ့အလင်းက သူကိုယ်တိုင်ပဲ …ဖေးဖေးအနေနဲ့ တခြားလူတွေဆီက လေးစားခံရဖို့ မင်းကိုရော ငါ့ကိုရော လိုအပ်မနေဘူး … သူက အရမ်းတော်တယ် … ဒါ့ကြောင့် သူ့မှာ ကိုယ်ပိုင်ကမ္ဘာ လိုအပ်တယ် …”


“ရေကန်တစ်ကန်က နဂါးကို ထိန်းမထားနိုင်ဘူး … သူက တခြားလူ လေးစားခံရဖို့ မင်းအရှိန်အဝါကို မလိုပါဘူး … သူ သူ့ကိုယ်သူ အားကိုးနိုင်တယ် … ဘာလို့ သူများအလင်းကို သူလိုအပ်မှာတဲ့လဲ …” 


ကျိယွီရှောင် ရုတ်တရက် ကြောင်အသွားသည်။ လင်းလော့ချင်း ထိုသို့တွေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။ 


လင်းဖေး ထက်မြက်ပြီး ရင့်ကျက်ကြောင်း သူသတိပြုမိ၏။ သို့သော် လင်းလော့ချင်း၏ စိတ်ထဲတွင် လင်းဖေး၏ တည်ရှိမှုမှာ ထိုမျှ ကြီးကျယ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။  


“ဖေးဖေးက နဂါးဖြစ်မလာဘူးလို့ ကိုယ်မပြောပါဘူး … ဒါပေမယ့် သူဘယ်လိုပဲ ထက်မြက်တယ် ပြောပြော အခု သူက ကလေးပဲ ရှိသေးတယ်လေ … မင်းသူ့ဆီက အရမ်းမျှော်လင့်လွန်းရင် သူ့ကို ဖိအားပေးရာမကျဘူးလား …” 


လင်းလော့ချင်း ပြုံးလိုက်သည်။ “မဟုတ်ဘူး … တစ်ချို့လူတွေက ငယ်ငယ်ကတည်းက သန်မာကြတယ် … ဉပမာ မင်းနဲ့လင်းဖေးလိုမျိုးပေါ့ … ဒါက ပါရမီရှင်တွေနဲ့ သာမန်လူတွေကြားက ကွာခြားချက်ပဲ … လင်းဖေးက အခုငယ်သေးပေမယ့် သူ့ထက် အသက်ကြီးတဲ့လူတွေထက်ပိုပြီး ဇွဲရှိတယ် … ဒီစကားလောက်က သူ့ကို ဖိအားဖြစ်စေမှာမဟုတ်ဘူး … ဆန့်ကျင်ဘက်အနေနဲ့ သူက ကြိုးစားချင်လာလိမ့်မယ် …” 


လင်းလော့ချင်း စကားကို အဆုံးသတ်လိုက်သည်။ သူက ပြုံးလျှက် ကျိယွီရှောင်၏ ဝှီးချဲလ်ကို အိပ်ခန်းဝရန်တာသို့ တွန်းသွားလိုက်၏။ 


ကျိယွီရှောင်က လင်းဖေး၏ အကျင့်စရိုက်ကို တွေးလိုက်ပြီး ထပ်မံမနှစ်သိမ့်တော့ချေ။ 


“ဒါဆို မင်းသူ့ကို အစိုးရကျောင်းကို ပို့မလို့လား …” 


“အွန်း … ”


“ကောင်းပြီလေ … ” ကျိယွီရှောင် ပြန်ပြောလိုက်သည်။ “ကိုယ်မင်းကို ကူရှာပေးမယ် … သူ့ကို ကျောင်းပြောင်းပေးရအောင် ...”


“ကောင်းပြီ … ကျေးဇူးပါ … ” လင်းလော့ချင်း နွေးထွေးစွာ ဆိုလိုက်၏။ 


ဝတ္ထုထဲတွင် လင်းဖေးက ထိုကျောင်း၌ အခြေခံအဆင့် ပြီးဆုံးသည်အထိသာ တက်ရောက်ခဲ့၏။ သူ၏ ကျူရှင်လခမှာ အလွန်များပြားသည့် အလျောက် လင်းလော့ချင်းက မပေးချင်ချေ။ လင်းလော့ရှီး မသေဆုံးခင်က သူမ၏ ဖခင်ထံမှ ကတိတစ်ခု တောင်းခဲ့ဖူး၏။ မည်သို့ပင်ဖြစ်စေ လင်းဖေးသည် လင်းမိသားစု၏ မြေးအရင်းဖြစ်ရာ မိသားစုက ပစ်ပယ်မည်မဟုတ်ပေ။ လင်းလော့ချင်း စိတ်ကောင်းဝင်နေချိန်တွင် လင်းဖေး ကျူရှင်ကောင်းကောင်း တက်နိုင်ရန်အလို့ငှာ အဖိုးဖြစ်သူထံမှ တောင်းဆိုနိုင်ရန် စီစဉ်ပေးခဲ့ဖူးသည်။  


သို့သော် လင်းဖေးက အလယ်တန်း တက်ရောက်ရတော့မည် ဖြစ်ရာ အဖိုးထံမှ တောင်းဆိုချင်စိတ်မရှိပေ။ သူက အစိုးရကျောင်းနှင့် ဈေးမကြီးသော ကျူရှင်များကိုသာ ရွေးချယ်ခဲ့ပြီး သူ၏ ကိုယ်ပိုင်ကမ္ဘာတွင်းသို့ စတင်ဝင်ရောက်ခဲ့သည်။ 


မူလက လင်းဖေးအား ကျောင်းပြောင်းရန် လင်းလော့ချင်း မစဉ်းစားခဲ့ဖူးချေ။ လင်းလော့ရှီးက လင်းဖေးအား ထိုကျောင်းတွင် တက်ရောက်စေခဲ့ခြင်းဖြစ်ရာ သူမ၏ ဆန္ဒကို သူလေးစားရပေလိမ့်မည်။ 


ယခုကဲ့သို့ ကိစ္စမျိုး မပေါ်ပေါက်လာပါက လင်းဖေး အခြေခံအတန်း ပြီးဆုံးသည်အထိ ထိုကျောင်း၌သာ တက်ရောက်စေမှာဖြစ်သည်။ အဆုံးသတ်တွင် လင်းဖေးသည်လည်း ထိုကျောင်းကို အလွန်နှစ်သက်ပုံပေါ်၏။  


သို့သော် လင်းဖေးနှစ်သက်သည်မှာ ကျောင်းကိုမဟုတ်ပဲ ကျောင်းသွားရခြင်းကိုသာ ဖြစ်ကြောင်း လင်းလော့ချင်း ရှာတွေ့သွားခဲ့လေပြီ။ 


၎င်းမှာ အလွန်ရိုးရှင်းလှ၏။ 


ကျိယွီရှောင်၏ ဆူးပင်ကလေးက ဝရန်တာ၏ အရှေ့တောင်ဘက်တွင် ရှိနေပြီး ညနေခင်းလေပြေနှင့် ညအလင်းရောင်အား နှစ်သက်စွာ ခံယူလျှက်ရှိသည်။  


လင်းလော့ချင်း သူ၏ ဆူးပင်ကလေးကို ကျိယွီရှောင် ဆူးပင်နံဘေးတွင် ထားလိုက်သည်။ သူ၏ ဆူးပင်က ကျိယွီရှောင်၏ ဆူးပင်ထက် ပို၍သေးငယ်နေ၏။ 


ဘာလဲ … သူက ခန္ဓာကိုယ်ကို ကြည့်ပြီး အပင်လက်ဆောင်ပေးတာလား … လင်းဖေးသည် ကလေးသာ ဖြစ်သည်ဟု လင်းလော့ချင်း တွေးလိုက်မိသည်။ 


သူက ဆူးပင်ကလေးအား ပြုံးကာ ထိလိုက်၏။ 


ကျိယွီရှောင်က ယှဉ်လျှက်ရှိနေသော ဆူးပင်များကိုကြည့်ကာ သူတို့နှင့်တူသည်ဟု ခံစားမိလိုက်သည်။ 


“ဖေးဖေးက ဘာလို့ ဆူးပင်တွေပေးတာလဲ … ” 


လင်းလော့ချင်း ခန့်မှန်းလိုက်၏။ “ဆူးပင်မှာ ဆူးတွေရှိတယ်လေ ... သူ့ကိုယ်သူ ကာကွယ်နိုင်တယ် … သူက ငါတို့ကို ဆူးပင်လိုမျိုး ကာကွယ်ပေးချင်လို့ နေမှာပေါ့ ...”


ကျိယွီရှောင် ထိုအဖြေကြောင့် အံ့အားသင့်မသွားခဲ့ချေ။ လင်းဖေးသည် နှလုံးသား နူးညံ့သော ကလေးတစ်ဦး ဖြစ်သည်ဟု ခံစားလိုက်ရ၏။ 


“ကောင်းတယ် … မင်းအပြင်သွားရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မမေ့နဲ့ ...”


လင်းလော့ချင်း သူ့ကိုကြည့်ရင်း ပြုံးလိုက်၏။ “ကောင်းပြီ ...”


ကျိယွီရှောင် တစ်စုံတစ်ခုအား တွေးမိသွားကာ စနောက်လိုက်သည်။ “မင်းခုနက ဘာပြောလိုက်တာ … တစ်ချို့လူတွေက ငယ်ငယ်ကတည်းက သန်မာကြတယ် … ဉပမာ ဖေးဖေးနဲ့ ကိုယ့်လိုမျိုးဆိုလား … ”


သူက လင်းလော့ချင်းကို ပြုံးကြည့်ရင်းမေးလိုက်၏။ “ကိုယ်က မင်းနှလုံးသားထဲမှာ အဲဒီ့လိုပုံရိပ်မျိုးရှိတာလား … ”


လင်းလော့ချင်း “……”


“ကိုယ်က မင်းရဲ့ နတ်ဘုရားဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူးလေ … ”


ထိုလူသည် အဓိကအချက်အား ဖမ်းဆုပ်ရာ၌ အလွန်တော်သည်ဟု လင်းလော့ချင်း ခံစားလိုက်ရသည်။ သူက ရယ်ရမှန်း ငိုရမှန်းမသိတော့ပဲ ကျိယွီရှောင်၏ ဝှှီးချဲလ်ကိုသာ တွန်းပေးလိုက်၏။ “သွားရအောင်နော် … နတ်ဘုရား … စားဖို့ပြင်ရအောင် …”


စားသောက်ပြီးနောက် လင်းလော့ချင်းက ဖုန်းကေ့စ်ပေါ်၌ ပန်းရောင်စိန်ကလေးအား ကော်ဖြင့် ပြန်ကပ်လိုက်သည်။ 


လင်းဖေးက ယူကြည့်ပြီးနောက် ပြောလိုက်၏။ “အရင်ကအတိုင်းပဲနော် ...”


သူ့အသံက တည်ငြိမ်နေ၏။ မကျေနပ်မှု သို့မဟုတ် နှမြောမှုတစ်စုံတစ်ရာ မပါရှိချေ။ 


လင်းလော့ချင်း ပြုံးလိုက်သည်။ “အွန်း … ”


“နောက်တစ်ခါ ရှုရှုအကြောင်း တွေးမိရင် ဗီဒီယိုကောလ် ဖိတ်ဆို

မှု ပို့လိုက်နော် ...” လင်းလော့ချင်း သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ 


လင်းဖေးက တကယ်ကြီး သူ့ကို ဗီဒီယိုကောလ် စခေါ်ချင်ခဲ့တာလေ … ဒါက တကယ့်ကို ရှားပါးကိစ္စပဲ … 


သူကမေးလိုက်သည်။ 


“အခု စမ်းခေါ်ကြည့်ချင်လား … ”