Chapter 99
သူ ကျောင်းထွက်၍မရချေ။ သူက ပထမတန်းသာ ရှိသေးသည့် အလျောက် ဆက်လက်၍ ကျောင်းတက်ကာ စာသင်ကြားရန် လိုအပ်နေသေးသည်။
ကျောက်လဲ့ က ဟယ့်နီ၏စကားများကို နားထောင်ရင်း စိတ်ဓာတ်ကျဟန်ဖြင့် ဆိုလိုက်သည်။
“ရှောင်စုန့်အမေရှင့် … ကျွန်မတို့ လင်းဖေး ကိုတောင်းပန်စာ ရေးခိုင်းမယ်ဆိုပြီး သဘောတူပြီးသား မဟုတ်လား … ကလေးတွေက အဆင်မပြေဘူးဆိုပေမယ့် ကျောင်းထွက်ရတဲ့အထိ အကျယ်ချဲ့စရာ မလိုပါဘူး … ”
“ဆရာမကျောက် … မျက်နှာလိုက်တာ အရမ်းသိသာမနေဘူးလား … လင်းဖေးက ကျွန်မတို့ရှောင်စုန့်ကို ရိုက်ခဲ့တယ်လေ … ဘာလို့ သူ့ဘက်က ကာပြောနေတာလဲ … ဆရာမကျောက်က အလုပ်ပြောင်းချင်နေပြီထင်တယ် … ”
ကျောက်လဲ့ “……”
ကျန်းရှောင်စုန့်က မိခင်၏ လေသံအတိုင်း လိုက်တုပြော၏။ “ဟုတ်တယ် … သူ့ကို ကျောင်းထုတ်ပေးပါ … ”
သူ၏ နောက်လိုက်များ ဖြစ်ကြသော ဟောင်ဟောင်နှင့် တင်းတင်းသည်လည်း သူ့အတိုင်း လိုက်ပြောကြ၏။ “လင်းဖေးကို ကျောင်းထုတ်ပေးပါ …”
“အရင်ဆုံး တောင်းပန်ခိုင်းပါ … ပြီးရင်ကျောင်းထုတ်လိုက် … ” တင်းတင်း၏ မိခင်က ထပ်ပေါင်းပြောလာ၏။
“မှန်တယ် … ” ဟယ့်နီက မောက်မာစွာ ဆို၏။ “အရင်ဆုံး ကျွန်မတို့ရဲ့ ကလေးတွေကို သေသေချာချာ တောင်းပန်ရမယ် … ကျွန်မ ကျေနပ်တဲ့ အထိပေါ့ … ကျွန်မမကျေနပ်ဘူးဆိုရင်တော့ ရှင့်သားကို ကျောင်းထုတ်ပစ်မယ် … ”
သူမက လင်းလော့ချင်းအား တောက်ပစွာ ပြုံးလျှက်ကြည့်လိုက်သည်။
ကျောက်လဲ့က ရွေးချယ်စရာ မရှိတော့ပဲ လင်းလော့ချင်းအား ကမ်းလှမ်းလိုက်သည်။
“လင်းဖေးရဲ့ ဦးလေး … အရင်ဆုံး လင်းဖေးကို တောင်းပန်ခိုင်းရအောင် … ”
လင်းလော့ချင်း ရယ်လိုက်၏။ ထို့နောက် သူ့အရှေ့မှလူများအား အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
“ခင်ဗျားတို့ ပြောလို့ ပြီးပြီလား … ဒါဖြင့် ကျွန်တော့် အလှည့်ပေါ့ …”
သူက ကျန်းရှောင်စုန့်ကို ကြည့်လိုက်သည်။ ကျန်းရှောင်စုန့်နှင့် သူ့ကြားရှိ အသက်အရွယ် ကွာခြားမှုအား ဂရုမစိုက်တော့ပဲ တည့်တိုးသာ ပြောချလိုက်၏။
“မင်းက ကျန်းရှောင်စုန့်မဟုတ်လား … မင်းနာမည်ကို နောက်ပိုင်းကျရင် ငတုံးလေး ဒါမှမဟုတ် လူမိုက်လေးဆိုပြီး ပြောင်းလိုက်သင့်တယ် … မင်းကို ဝက်ဝံနဲ့ နှိုင်းရင်တောင် ဝက်ဝံကို စော်ကားသလို ဖြစ်မှာစိုးရတယ် … မင်းက လင်းဖေးလိုမျိုး ကောင်းကောင်း မတိုက်ခိုက်နိုင်သလို စာလည်း သူ့လောက်မတော်ဘူး … မင်းက သူ့ထက် အကုန်လုံးညံ့နေတာတောင် သူတောင်းပန်တာကို ခံချင်နေသေးတယ်ပေါ့လေ … အိပ်မက်မက်နေတာပဲ …”
“ရှင် ဘာပြောတယ် … ” ဟယ့်နီဒေါသထွက်သွား၏။ “လူကြီးဖြစ်ပြီး ကလေးကို ဒီလိုမျိုးပြောစရာလား … ”
“ကျွန်တော် ပြောချင်တာပြောမယ် … ခင်ဗျားသားရဲ့ မသိတတ်မှုက ခင်ဗျားဆီက ဆင်းသက်လာတာပဲ … ခင်ဗျားသားက အပြောအဆိုမတတ်လို့ အရိုက်ခံရတာ မဟုတ်လား … သူဘာမှမတတ်နိုင်ဘူးလေ … သူက အဆင့်လည်းမကောင်းသလို ဘယ်မှာမှလည်း ထူးချွန်မနေတာတောင်မှ တခြားလူတေကို ရန်စရဲသေးတယ် … သူ တကယ်ပဲ အရိုက်ခံရသင့်တယ် … ”
“နင် … ထပ်ပြောရဲပြောကြည့်စမ်း … ” ဟယ့်နီက လင်းလော့ချင်းအား ရိုက်ချင်ခဲ့သော်လည်း ကျောက်လဲ့၏ တားမြစ်ခြင်းခံလိုက်ရသည်။ အခြားဆရာများသည်လည်း တစ်ဦးပြီးတစ်ဦး ထလာကာ လင်းလော့ချင်းနှင့် သူမကြားသို့ဝင်၍ ဖျန်ဖြေကြ၏။
“ရှင် စကားကို ထိန်းပြောသင့်တယ် ...”
“လင်းဖေးကို အမှန်တကယ် ကျောင်းမထွက်စေချင်ဘူးဆိုရင်ပေါ့ …”
လင်းလော့ချင်း နှာခေါင်းရှုံ့လိုက်၏။ ဒါပေါ့ … ဘယ်သူက သူတို့ကလေးကို ကျောင်းအလွယ်တကူ ထွက်စေချင်မှာလဲ …
ဘယ်မိဘက သူတို့ကလေးတွေကို ကျောင်းစာမသင်ပဲ နေစေချင်မှာလဲ …
ဟယ့်နီက ထိုအချက်ကို အမိအရဆုပ်ကိုင်ကာ သူမက လင်းဖေးအား တောင်းပန်ခိုင်းရမည်ဟု စိတ်ပိုင်းဖြတ်ထားပုံရ၏။
ဒါပေမယ့် လင်းဖေးက ဘာများမှားလို့လဲ …
“သူများကို ပစ္စည်းခိုးတယ်လို့ မှားယွင်းစွပ်စွဲတာက အသရေဖျက်မှုပဲ … တခြားလူတွေဆီကနေ ပစ္စည်းခိုးတာက လုယက်တာ ဖြစ်ပြီးတော့ အဲဒီ့လုပ်ရပ်အတွက် နောင်တမရဘူးဆိုတာက မသိတတ်လွန်းတာပဲ … ကလေးအရွယ်မှာ ဒီလိုတွေ လုပ်နေရင် နောက်ပိုင်းကျ ဘယ်လိုပြစ်မှုအထိ ကျူးလွန်မလဲဆိုတာ ဘယ်သူပြောနိုင်မှာတဲ့လဲ … ကျောင်းတွင်း အနိုင်ကျင့်မှုကနေစရာက ကြီးကျယ်တဲ့ပြစ်မှုမျိုးလည်း ကျူးလွန်နိုင်တာပဲလေ … ကျွန်တော့်ကလေးက ဉာဏ်ကောင်းပြီး စာတော်တဲ့အပြင် အနုပညာနဲ့ အားကစားမှာလည်း ထူးချွန်တယ် … ကျွန်တော့်ကလေးကို ဒီလိုအကျင့်ပျက်နေတဲ့ ကလေးနဲ့ တစ်တန်းထဲမထားနိုင်ဘူး … ဒီတော့ ကျွန်တော်တို့ ကျောင်းထွက်မယ် …”
လင်းလော့ချင်းက တည်ငြိမ်စွာ ဆို၏။
ကျောက်လဲ့က ဟယ့်နီအား ဂရုမစိုက်နိုင်တော့ပဲ လင်းလော့ချင်းအား အံ့အားသင့်ဟန် ကြည့်လိုက်သည်။
“လင်းဖေးရဲ့ ဦးလေး … ရှင် ဘာပြောနေမှန်း သိရဲ့လား …”
လင်းဖေး၏ မျက်လုံးများတွင်လည်း အံ့ဩဟန် ထင်ဟပ်နေ၏။
လင်းလော့ချင်း အဘယ့်ကြောင့် ထိုသို့ပြောမှန်း သူ နားမလည်ချေ။
သူကျောင်းမထွက်လို။
ဘာလို့ သူ့ကို ကျောင်းထွက်ခိုင်းရတာလဲ …
သို့သော် လင်းလော့ချင်းက တည်ငြိမ်မြဲဖြစ်၏။ “ဆရာမကျောက် … ကျွန်တော်တို့အတွက် တွေးပေးလို့ ခင်ဗျားအပါအဝင် ဒီမှာရှိနေတဲ့ဆရာအားလုံးကို ကျေးဇူးတင်ပါတယ် … ဒါပေမယ့် လင်းဖေးက ဘာမှမမှားတဲ့အတွက် တောင်းပန်စရာမလိုဘူး … ဆန့်ကျင်ဘက်အနေနဲ့ ဆရာမကျောက်နဲ့ ကျန်းရှောင်စုန့်ကသာ သူ့ကို တောင်းပန်ရမှာ … ”
“ခင်ဗျားမှာ ကိုယ်ပိုင်အတွေးရှိမယ်မှန်း ကျွန်တော် နားလည်တယ် … ကျန်းရှောင်စုန့်ကလည်း တောင်းပန်မယ့် ကလေးမဟုတ်ဘူး … ဒီကိစ္စကို မဖြေရှင်းနိုင်မှတော့ လင်းဖေးကိုပဲ ကျောင်းထုတ်လိုက်တော့မယ် … ဒီလိုဆို ကျောင်းတွင်း အကြမ်းဖက်မှု ကျူးလွန်နိုင်တဲ့ ကလေးတစ်ယောက်နဲ့ ကျွန်တော့်တူက တစ်တန်းထဲရှိစရာ အကြောင်းမရှိတော့ဘူး …”
“လင်းလော့ချင်း … ခင်ဗျား …”
“ကျွန်တော့်မှာ အလုပ်ကိစ္စလေးရှိလို့ အရင်သွားနှင့်ပါမယ် … ”
လင်းလော့ချင်း စကားဆုံးသည်နှင့် လင်းဖေးအား ဆွဲခေါ်လာခဲ့၏။
လင်းဖေး ဦးလေးဖြစ်သူ ဆွဲခေါ်သည့်အတိုင်း လိုက်လာခဲ့သည်။
မဟုတ်ဘူး … မဟုတ်သေးဘူးလေ … သူကျောင်းမထွက်ချင်ဘူး … မာမားကပြောတယ် … ကျောင်းတက်တဲ့ ကလေးတွေကပဲ အနာဂတ်ကောင်းကောင်း ပိုင်ဆိုင်နိုင်မှာတဲ့ …
ကျောင်းတက်မှ ပိုက်ဆံရှာနိုင်ပြီး သူ့ကိုယ်သူလည်း ကာကွယ်နိုင်မယ် … လင်းလော့ချင်း ကိုလည်း ထောက်ပံ့နိုင်မှာ …
လင်းဖေး ရုတ်တရက် ရပ်လိုက်သည်။
သူက လင်းလော့ချင်းအား လက်တွဲထားသော်လည်း နောက်ထပ် ဆက်မလိုက်တော့ချေ။
လင်းဖေးက လင်းလော့ချင်း၏ လက်ကို ဆုပ်ကိုင်ထားလျှက် မြဲမြံစွာ မတ်မတ်ရပ်နေ၏။ သူ့ကိုကြည့်ရသည်မှာ အရွယ်မရောက်သေးသော နာနတ်ပင်ကလေးနှင့် တူနေသည်။
လင်းလော့ချင်း သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်၏။ လင်းဖေး၏ မျက်ဝန်းများက တည်ငြိမ်လျှက်ရှိသည်။
“ကျွန်တော် တောင်းပန်လိုက်မယ် … ” သူက ပြောသည်။
“ကျွန်တော် သူတို့ကို တောင်းပန်လိုက်ရင် ကျောင်းမထွက်ရတော့ဘူး ...”
သူက လင်းလော့ချင်းအား စိတ်ပိုင်းဖြတ်ဟန်ဖြင့် ကြည့်လိုက်၏။
လင်းဖေးက အလွန်ဉာဏ်ကောင်းပြီး အပေးအယူကို ကောင်းစွာနားလည်သည့် ကလေးတစ်ဦးဖြစ်သည်။ ယခင်က လင်းလော့ချင်း မည်မျှ ရိုက်နှက်သည်ဖြစ်စေ၊ အိမ်မှထွက်ပြေးခြင်း မပြုခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ပို၍များပြားသော အန္တာရာယ်များက အပြင်ဘက်၌ရှိနေကြောင်း သိ၍ဖြစ်သည်။
ယခုဆိုလျှင်ပင် သူ မမှားသော်လည်း ကျောင်းထုတ်ခံရမည်စိုးသဖြင့် တောင်းပန်ရန်အသင့်ဖြစ်နေ၏။
လင်းဖေး ငယ်စဉ်ကတည်းက အပေးအယူကို ကောင်းစွာသင်ယူခဲ့၏။ သူက ဇွဲနပဲကြီးကာ ရင့်ကျက်ပြီး ကိစ္စများ၏ အကျိုးအပြစ်ကို ရှင်းရှင်းလင်းလင်း နားလည်လေသည်။
လင်းလော့ချင်း သူ့ကို ကြည့်လိုက်သည်။ သူက လင်းဖေး၏ လက်ကို ကိုင်လိုက်ရင်း လေးနက်စွာစိုက်ကြည့်လိုက်၏။
သူက လင်းဖေးနှင့် မျက်လုံးချင်း ဆုံသည်အထိ ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ ကလေးငယ်၏ မျက်ဝန်းများအား စိုက်ကြည့်ကာ နူးညံ့စွာဆို၏။ “သား တောင်းပန်စရာ မလိုဘူး ...”
“သား ဘာမှမမှားဘူးလေ … ဘာလို့ တောင်းပန်ရမှာလဲ … သားမမှားသရွေ့ တောင်းပန်စရာမလိုဘူး … တောင်းလည်း မတောင်းပန်သင့်ဘူး ...”
“ဒါပေမယ့် …”
“ဘာ ဒါပေမယ့်မှ မရှိဘူး … လင်းဖေး … ဘာကိုမှသည်းခံစရာမလိုဘူး … ရှုရှုဒီမှာရှိတယ်လေ … ကလေးတွေ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာဖို့က မိဘတိုင်းရဲ့တာဝန်ပဲ … အကယ်၍ သားက သားမမှားတဲ့ ကိစ္စကို တောင်းပန်လိုက်ရတယ်ဆိုရင် ရှုရှုရဲ့အုပ်ထိန်းမှုက ညံ့ဖျင်းတယ်ဆိုတဲ့ သဘောပဲ … ရှုရှုက ကလေးကို မတရားခံရအောင် လုပ်မိခဲ့တာပဲ … ဒါက သားအမှားမဟုတ်ပဲ ရှုရှုရဲ့အမှားဖြစ်သွားပြီ … ”
လင်းဖေး ခေါင်းယမ်းလိုက်သည်။ “ကျွန်တော် ကျောင်းတက်မှဖြစ်မှာ … ”
“ရှုရှုသိပါတယ် ... ” လင်းလော့ချင်း လင်းဖေး၏ လက်ကလေးကို ဖျစ်ညှစ်လိုက်သည်။ “ဒါပေမယ့် ဖေးဖေးရယ် …ဒီကျောင်းတစ်ကျောင်းပဲ ရှိတာမှမဟုတ်တာ … သားဒီကျောင်းက ထွက်လိုက်ရင် ပိုကောင်းတဲ့ ကျောင်းကို သွားနိုင်တာပဲလေ ...”
“သားမေမေက သားအတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးချင်တာကြောင့် ဒီကျောင်းကိုပို့ပေးခဲ့တာ … ပိုက်ဆံပါချေးပြီးတော့ပေါ့ … ဒါပေမယ့် အကောင်းဆုံးဖြစ်တိုင်း သားအတွက် အသင့်လျော်ဆုံးကျောင်း မဖြစ်နိုင်ဘူးလေ … သားကို ရှုရှုက သားနဲပိုပြီးကိုက်ညီတဲ့ကျောင်းကို တက်စေချင်တယ် … ဘာလို့ဆို ရှုရှုလည်း သားကိုချစ်တယ်လေ …”
လင်းဖေး နားမလည်ဟန်ဖြင့် ဦးလေးဖြစ်သူအား ငေးကြည့်နေမိ၏။
“ဖေးဖေး … သားက ဒီကျောင်းမှာရှိတဲ့ ကလေးအားလုံးထက် ပိုတော်တယ် … သားက နဂါးပဲ … ငါးတွေက ရေကန်ထဲမှာပဲ ရေကူးကျန်ခဲ့ရပေမယ့် နဂါးတွေ အရွယ်ရောက်လာတဲ့အခါ ကောင်းကင်မှာပျံနိုင်တယ်လေ … သားအခု ငယ်သေးတာကြောင့် ရေကန်ထဲမှာပဲ ရှိနေသေးပေမယ့် သားက ရွယ်တူကလေးတွေ အားလုံးထက် ပိုတော်နေပြီ …”
“ဒီနေရာက သားကို ဘာအကူအညီမှ ပေးနိုင်မှာ မဟုတ်တဲ့အပြင် သားရဲ့ အလားအလာတွေကို ချုပ်ထားသလိုတောင် ဖြစ်နေဦးမှာ … သားက တော်တယ် … စည်းကမ်းရှိတယ် … သင်ယူလိုစိတ် ပြင်းပျတယ် … အမှီအခိုကင်းပြီး ကိုယ်ပိုင်အမြင်ရှိတယ် … သားဘယ်ကျောင်းကို တက်တက် ဆရာတွေအားလုံးက သားကို သဘောကျကြမှာပဲ … တခြားကျောင်းသားတွေက သားကို လေးစားကြမှာပဲ … သားမိသားစုရဲ့ အင်အားကို ထုတ်ပြစရာတောင်မလိုဘူး … မရေမတွက်နိုင်တဲ့လူတွေက သားကို သဘောကျကြမှာ … ”
“လင်းဖေး … သားဘဝက ဒီမှာမဟုတ်ဘူး … ရှုရှုက သားရဲ့ဦးလေးဆိုပေမယ့် သားရဲ့ အဓိကအင်အားက ရှုရှုမဟုတ်ဘူး … သားရဲ့ ဉာဏ်ပညာ၊ လေ့လာမှု၊ အသိပညာ ဒါတွေကသာ သားရဲ့ခွန်အားတွေပဲ … သားမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်စွမ်းရှိတယ် … ကျန်းရှောင်စုန့်က သူ့မိဘပိုက်ဆံကိုပဲ အားကိုးနေတာ … သားမှာလည်း သေချာပေါက် ပိုက်ဆံရှိတာပဲ မဟုတ်လား … ဒါပေမယ့် သားရဲ့အရည်အချင်းနဲ့ သားမိသားစုနောက်ခံကို အားကိုးနေစရာကို မလိုတာလေ … ဒါ့ကြောင့် သားကိုယ်သား အဆင့်နှိမ့်ပြီး သူတို့နဲ့အတူ ကျောင်းတက်နေစရာမလိုဘူး … သားအတွက် ပိုပြီးကိုက်ညီမယ့် ကျောင်းကိုပြောင်းရမယ် …”
“အဲဒီ့နေရာမှာ သားရဲ့ရှုရှုကြောင့်မဟုတ်ပဲ သားကိုယ်တိုင်ကြောင့် လူတွေက သားကိုလေးစားကြလိမ့်မယ် … အဲဒီ့လိုကျောင်းမျိုးကသာ သားတက်သင့်တဲ့ ကျောင်းပဲ … သား ကောင်းကောင်းမွန်မွန် ကြီးပြင်းနိုင်ပြီး ဘယ်သူ့ကိုမှ တောင်းပန်ဖို့ ဖိအားပေးမခံရတဲ့ နေရာမျိုးပေါ့ … …”
လင်းဖေး ထိုစကားများကို နားထောင်ရင်း နှလုံးသားလှုပ်ရှားသွား၏။
သူက မည်သည့်စကားမှ မဆိုနိုင်ပဲ လင်းလော့ချင်းကို ငေးကြည့်နေမိသည်။
သူ ငယ်စဉ်ကတည်းက ချီးကျူးစကားများစွာ ကြားခဲ့ရ၏။ သို့သော် လင်းလော့ချင်းကဲ့သို့ သူအား နဂါးနှင့်ခိုင်းနှိုင်းကာ ချီးကျူးပြောဆိုသူ မရှိခဲ့ဖူးချေ။ သူက သူ့ကိုယ်သူ အားကိုးနိုင်ပြီး အခြားလူများအား မလိုအပ်ဟု လင်းလော့ချင်းက ချီးကျူးခဲ့သည်။ .
အားလုံးက သူ့အား အတန်းဖော်များနှင့် သင့်မြတ်စွာ မနေရသည့် အကြောင်းရင်းကို မေးခွန်းထုတ်ခဲ့ကြသည်။ လင်းလော့ချင်း တစ်ဦးထဲသာလျှင် သူ့က သူတို့နှင့် သင့်မြတ်စွာ နေထိုင်ရန် မလိုအပ်ကြောင်းနှင့် သူ့အတွက် အသင့်တော်ဆုံးနေရာကိုသာ သွားရောက်ရမည်ဖြစ်ကြောင်း ဆိုခဲ့၏။
-သား ကောင်းကောင်းမွန်မွန် ကြီးပြင်းနိုင်ပြီး ဘယ်သူ့ကိုမှ တောင်းပန်ဖို့ ဖိအားပေးမခံရတဲ့ နေရာမျိုးပေါ့ …
လင်းဖေး အဆက်မပြတ် ခေါင်းညှိတ်နေမိ၏။
သူ ကြီးပြင်းလာချင်သည်။ ကိုယ်ပိုင် အတောင်များနှင့် အရွယ်ရောက်လာချင်၏။ တစ်ရက်ကျလျှင် သူသည် လင်းလော့ချင်း အားကိုးနိုင်မည့် လူတစ်ဦးဖြစ်လာရမည်။
သူက သူ့ကိုယ်သူ အားကိုးနိုင်ရာ လင်းလော့ချင်း၏ အားကိုးရာလည်း ဖြစ်လာနိုင်မည်သာ။
လင်းလော့ချင်းက သူ့အား မမှီခိုစေကာမူ အနာဂတ်တွင် လင်းလော့ချင်း မှီခိုနိုင်မည့် လူတစ်ဦး ဖြစ်လာစေရန် လင်းဖေး မျှော်လင့်မိဆဲပင်။
“ကောင်းပါပြီ … ” သူက တည်ငြိမ်စွာ ခပ်တိုးတိုး ပြန်ဖြေလိုက်၏။
သူ လင်းလော့ချင်းကို ကြည့်လိုက်သည်။
သူက နဂါးတစ်ကောင် ဖြစ်လာစေရမည်။ မြေပေါ်တွင် ဟိန်းဟောက်နေသည့် ကျားမဟုတ်ပဲ ကောင်းကင်တွင် ဟစ်ကြွေးမည့် နဂါးဖြစ်လာစေရမည်။
အတိတ်က လင်းဖေးသည် သူ၏ ပင်ကိုယ်စရိုက်ကြောင့် အခြားလူများက မနှစ်သက်ခြင်း ဖြစ်မည်ဟု ယူဆခဲ့၏။ ယခုမူ လင်းလော့ချင်းကဲ့သို့ သူ့အား အရှိအတိုင်း လက်ခံပေးနိုင်သူများ ရှိမည်ဟု လင်းဖေး ယုံကြည်ချက်ရှိလာလေပြီ။
သူက လင်းလော့ချင်းအား ထောက်ပံ့နိုင်ရန်သာ ပိုက်ဆံရှာမည်မဟုတ်တော့။ လင်းလော့ချင်း၏ မှီခိုအားထားရာ ဖြစ်လာပြီး မည်သူ့ကိုမှ ခေါင်းငုံ့ရန် မလိုအပ်စေသည်အထိ သူကြိုးစားမည်ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူက လင်းလော့ချင်းအား မလိုအပ်ပဲ တောင်းပန်ရန် မလိုအပ်ကြောင်း၊ သူ၏ ရှုရှုက မတောင်းပန်သင့်သည့် ကိစ္စများကြောင့် တောင်းပန်ခဲ့ရလျှင် သူတာဝန်မဲ့ခြင်းသာ ဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။
လင်းလော့ချင်း ရယ်မောကာ လင်းဖေးအား ပွေ့ချီလျှက် နမ်းလိုက်၏။ “ဒီလိုမှပေါ့ ဖေးဖေးရဲ့ … ကြည့်စမ်း … ကောင်းကင်က အကျယ်ကြီးပဲ တွေ့လား … ”
လင်းဖေး ကောင်းကင်ကို ငေးကြည့်လိုက်သည်။ အပြာရောင်ကောင်းကင်က ရေကဲ့သို့ ကြည့်လင်နေကာ အဆုံးမရှိချေ။
၎င်းက သူ၏ အနာဂတ်ဖြစ်ပြီး အဆုံးမရှိသော ခြေကုပ်ယူရာဖြစ်သည်။
ယနေ့တွင် လင်းလော့ချင်းက ပိုးအိမ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ လင်းဖေးသည် ပိုးအိမ်ကို ဖောက်ထွက်ကာ လိပ်ပြာတစ်ကောင်အဖြစ် အရွယ်ရောက်လာရန် စိတ်အား ထက်သန်လျှက်ရှိ၏။
လင်းလော့ချင်း လင်းဖေးအား အတန်းတွင်းသို့ ချီသွားပြီး ကျောင်းလွယ်အိတ်ကိုယူလိုက်၏။
စာသင်ခန်းထဲတွင် ကျောင်းသား များများစားစား မရှိတော့ချေ။ သန့်ရှင်းရေးတာဝန်ကျသော ကျောင်းသားများသည်လည်း လင်းဖေးအား စကားဆိုမလာကြ။
သူတို့က လင်းဖေး၏ ဘဝထဲတွင် နောက်ထပ် တွေ့ရတော့မည် မဟုတ်သော ဖြတ်သွားဖြတ်လာများသာ ဖြစ်ကြသည်။
ဆူးပင်ငယ်လေးသည် သစ်တောသို့ သွားရောက်ရန်အတွက် ကန္တာရအား စွန့်ပစ်ခဲ့၏။ သူက ကိုယ်ပိုင် ပိုင်နက်ကို တည်ဆောက်ကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သည်အထိ ထူးချွန်လာပေလိမ့်မည်။ ကျားပေါက်ကလေးအဖြစ် ပြေးလွှားဆော့ကစားတော့မည် ဖြစ်ပြီး နောက်တစ်ချိန်တွင် နဂါးတစ်ကောင် ဖြစ်လာပေလိမ့်မည်။
လင်းဖေး၏ နှလုံးသားသည် ပေါ့ပါးနေပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ သူက လင်းလော့ချင်း၏ လက်ကိုဆွဲကာ ရွက်ကြွေများပေါ်သို့ တစ်လှမ်းချင်း နင်းလျှောက်လာခဲ့သည်။
ကလေးငယ် မျက်နှာပေါ်ရှိ အပြုံးဖျော့ဖျော့ကို တွေ့လိုက်ရချိန်တွင် လင်းလော့ချင်း စိတ်သက်သာရာရသွား၏။
သူက သာမန်လူတစ်ဦး ဖြစ်ရာ သူ၏ အချစ်အမုန်းသည် လင်းဖေးထက် ပို၍သိသာထင်ရှားပြီး ပျော်ရွှင်မှုနှင့် ဒေါသတို့ကိုလည်း လင်းဖေးထက် ပို၍ခံစားတတ်၏။ သို့သော် လင်းဖေးထံမှ ပျော်ရွှင်မှုကို သူခံစားမိလိုက်သည်။ လင်းဖေးကို ကြည့်ရသည်မှာ မွေးကာစ သားပေါက်လေးနှင့်တူ၏။ ခံစားချက်များ ထုတ်မပြတတ်သေးသော်လည်း အနာဂတ်အပေါ် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။
ပျော်ရွှင်မှုက ကူးစက်တတ်သည်ဖြစ်ရာ လင်းလော့ချင်းသည်လည်း ခံစားချက်ပိုကောင်းလာသည်။
လော့ကျားက ကျောင်းဂိတ်တွင် ရောက်နေပြီး ကျိလဲ့ယွီသည်လည်း ကားပြတင်းပေါက်မှတဆင့် အပြင်သို့ ကြည့်နေ၏။
ကျိယွီရှောင် ရက်အနည်းငယ်ခန့် သူတို့အား ကျောင်းကြိုပေးခဲ့သည်။ သို့သော် သူ၏ အိပ်စက်ခြင်း ပြသနာမှာ အလွန်ပြင်းထန်လာပြီး အိပ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများသည်လည်း ပိုမိုပြင်းထန်လာ၏။ သူက လော့ကျားအား ထိုအခြေအနေကို မသိစေလိုပေ။ ထို့ကြောင့် လင်းလော့ချင်း၏ ထွက်ခွာမှုအပေါ် လင်းဖေး စိတ်မကောင်း မဖြစ်တော့ကြောင်း အတည်ပြုပြီးသည်နှင့် သူ ကျောင်းလာမကြိုတော့ချေ။
ကျိလဲ့ယွီက ထိုကိစ္စနှင့်ပတ်သတ်၍ အထွေအထူး မခံစားရချေ။ ကျိယွီရှောင် လာမကြိုသည်ကို သူ ပိုမိုလိုလား၏။
သို့သော် လင်းဖေးအား စောင့်နေချိန်တွင် လင်းလော့ချင်းကို တွေ့လိုက်ရမည်ဟု သူ မမျှော်လင့်ထားခဲ့။
ကျိလဲ့ယွီ အံ့အားသင့်သွား၏။
“ပါပါး … ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ … ”
လင်းလော့ချင်း သူ့ကို ပြုံးပြလိုက်သည်။ “ကိစ္စလေးရှိလို့လေ … ”
ကျိလဲ့ယွီက မယုံပေ။ “အလုပ်ပြီးသွားပြီလား … ”
“မပြီးသေးဘူး … ဒီတိုင်း နားရက်ရတာ … ”
“နှစ်ရက်လား … ” ကျိလဲ့ယွီ ခန့်မှန်းလိုက်သည်။
“တစ်ရက်နဲ့ နေ့တစ်ဝက်ပဲ … ဒီနေ့အပါအဝင်ပေါ့ … ”
ကျိလဲ့ယွီ “……”
လင်းလော့ချင်း အလုပ်ပြောင်းသင့်သည်ဟု ကျိလဲ့ယွီ ခံစားမိလိုက်သည်။ သူက သက်ပြင်းချလိုက်၏။ ထို့နောက် တစ်စုံတစ်ခုအား သတိရသွားသည်။
“ပါပါး နားရက်ရတာ ဒယ်ဒီသိလားဟင် … ”
“မသိလောက်ဘူးထင်တယ် ...” ဝူရှင်းယွမ် ကျိယွီရှောင်ကို မပြောသရွေ့ပေါ့။
“ဒါဆို ဒယ်ဒီအရမ်းပျော်သွားမှာပဲ … ” ကျိလဲ့ယွီ ပြုံးကာဆို၏။ “သားတို့သူ့ကို surprise လုပ်ရအောင် ...”
“အွန်း … ” လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။
သူသာ ကလေးနှစ်ဦးနှင့်အတူ ကျိယွီရှောင်ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာပါက ကျိယွီရှောင် အံ့အားသင့်သွားလိမ့်မည်။
သူအရမ်းပျော်သွားမှာ မဟုတ်လား …
လင်းဖေးက လင်းလော့ချင်းအား သိမ်မွေ့သော အကြည့်ဖြင့် ကြည့်နေ၏။ လင်းလော့ချင်း ပြန်လာပြီဆိုတော့ သူ့ကို လက်ဆောင်ပေးသင့်လား ...
လင်းဖေးက ပြတင်းပေါက်ဘောင်ပေါ်တွင် ရှိနေမည့် သူ စောင့်ရှောက်ထားသည့် လင်းလော့ချင်း၏ ဆူးပင်အိုးလေးကို တွေးမိလိုက်သည်။ ထိုခဏလေးတွင် အိမ်နှင့်နီးစပ်လာသလို သူခံစားလိုက်ရသည်။
ဒါက လင်းလော့ချင်းကို အံ့အားသင့်သွားစေမှာပဲ … သူကြိုက်ပါ့မလား …
လင်းလော့ချင်းက သူ့ကိုအရမ်းသဘောကျတယ် ဆိုတော့ သူ့လက်ဆောင်ကိုလည်း သဘောကျမှာပေါ့ … ဟုတ်တယ်မလား …
သူက အနည်းငယ်မျှော်လင့်နေမိသည်။
________________________________________
စိတ်မပူပါနဲ့ … လင်းလော့ချင်းက လင်းဖေးကို တာဝန်ယူသလို ကျိယွီရှောင် ကလည်း လက်စားချေဖို့ကို တာဝန်ယူမှာပါနော် ^^