အပိုင်း ၁၀၄
Viewers 34k

Chapter 104




ဟယ့်နီသားကိုတစ်လှည့် ခင်ပွန်းကို တစ်လှည့်ကြည့်ရင်း ဆောက်တည်ရာမရ ဖြစ်နေမိသည်။ ဘယ်လိုလုပ်ပြီး ကျိယွီရှောင်က လင်းဖေးရဲ့ ဦးလေးဖြစ်နေရတာလဲ … သူမ သာဒါကိုသိရင် အဲဒီ့လိုတွေ ပြောခဲ့ပါ့မလား … 


သူမ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ 


ဟယ့်နီမနေ့က အဖြစ်အပျက်ကို စဉ်းစားနေမိသဖြင့် တစ်ညလုံး အိပ်မပျော်ခဲ့ချေ။ 

 

သူမ အိပ်ပျော်သွားပြီး ခဏအကြာတွင် ကျန်းချင်းက လာနှိုးကာ သူမနှင့် ကျန်းရှောင်စုန့်အား လင်းဖေးကို သွားတောင်းပန်ရန် တိုက်တွန်း၏။ 


“ငါမင်းကို လိုက်ပို့ပေးမယ် … ” သူက အေးစက်စက် ပြောလိုက်သည်။ 


ကျန်းရှောင်စုန့် ငိုယိုကာ မသွားလိုကြောင်း ပြော၏။ ကျန်းချင်းက သူ့တင်ပါးကို ခပ်နာနာလေး ရိုက်လိုက်သည်။


 “သွားမှာလား … မသွားဘူးလား … ”


မူလက ခေါင်းမာနေခဲ့သည့် ကျန်းရှောင်စုန့်သည် အရိုက်ခံရချိန်တွင် အသိတရားရသွားကာ ရုန်းကန်နေခြင်းကို ရပ်လိုက်သည်။ “သွားမယ် … သွားမယ် … ”


ထိုအခါမှသာ ကျန်းချင်းက သူ့ကို လွှတ်ပေးလိုက်သည်။ 


ဟယ့်နီသူမ၏ ငိုယိုနေသောသားကို ချော့မြှူလိုက်ပြီး နာနာခံခံနေရန် နှစ်သိမ့်လိုက်သည်။ သူက လင်းဖေးအား တောင်းပန်ရန် လိုအပ်၏။ 


ကျန်းရှောင်စုန့် ပို၍ပင် အလိုမကျ ဖြစ်လာရသည်။ လင်းဖေးက သူ့အား ရိုက်နှက်ခဲ့သူဖြစ်သည်။ အဘယ့်ကြောင့် သူ့ဘက်မှ တောင်းပန်ရမည်နည်း။


သူက ကျိယွီရှောင်၏ ဗီလာသို့ သွားရာလမ်းတစ်လျှောက်လုံး ငိုယိုနေခဲ့၏။ 


ထို့နောက် သူထိတ်လန့်သွားခဲ့သည်။ 


မျက်စိရှေ့ရှိ ဗီလာက သူတို့နေသည့် ဗီလာထက် ပို၍ကြီးမား၏။ 


တကယ်ပဲ လင်းဖေးက ဒီလို ဗီလာမှာနေတာလား … သူက ဆင်းရဲတယ်မဟုတ်ဘူးလား … 


ကျန်းရှောင်စုန့် မည်သည်ကိုမှ နားမလည်နိုင်တော့ပေ။ 


ကျန်းချင်း တံခါးဘဲလ်ကို တီးလိုက်ပြီး ကျိယွီရှောင်အား သူ၏ ရောက်ရှိလာမှုကို အကြောင်းကြားလိုက်၏။


ကျိယွီရှောင် ကန့်လန့်ကာကို ဖွင့်ကြည့်လိုက်ချိန်တွင် ပုံရိပ်သုံးခုအား တွေ့လိုက်ရသည်။


နာရီက နှစ်နာရီပင် ထိုးနေလေပြီ..။ 


“ခင်ဗျားရဲ့ဇနီးက ကျုပ်ကလေးကို တစ်နေ့ခင်းလုံး မတ်တပ်ရပ်နေရအောင် လုပ်ခဲ့တယ် … သူတို့သားအမိလည်း မတ်တပ်ရပ်နေတာ ဖြစ်သင့်တယ် မဟုတ်လား … ”


ကျန်းချင်းအား ဟယ့်နီက မနေက အားလုံးရှင်းပြခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူက ကောင်းကောင်း တလေးတစားပြန်ဖြေလိုက်သည်။ “ဒါက အဆင်ပြေပါတယ် …” 


ကျိယွီရှောင် အေးစက်စက် နှာခေါင်းရှံ့လိုက်ရင်း သရော်လိုက်သည်။ “အဆင်ပြေတယ် ဟုတ်လား … ငါတို့ဖေးဖေးက ကျောင်းအုပ်ကြီး ရုံးခန်းရှေ့မှာ မတ်တပ်ရပ်ခဲ့ရတာလေ … သူတို့က ကျုပ်အိမ်တံခါးရှေ့မှာတင် မတ်တပ်ရပ်ရတာ မဟုတ်လား … ဒီနှစ်ခုက ဘယ်လိုလုပ်ပြီး တူနိုင်မှာတဲ့လဲ … ”


ကျိယွီရှောင် ထိုမျှအထိ ပြဿနာရှာလိမ့်မည်ဟု ကျန်းချင်း မျှော်လင့်မထားခဲ့ချေ။ သူက ကျိမိသားစု၏ ကောလဟာလများကို တိတ်တဆိတ် တွေးလိုက်မိသည်။ ကျိမိသားစု၏ ဒုတိယသားသည် မသန်စွမ်းဖြစ်ပြီးကတည်းက အလွန်စိတ်တိုလွယ်ကြောင်း ကြားသိခဲ့ရ၏။


ထိုသို့သော လူမျိုးကို သွားမရှုပ်သင့်ချေ။ 


“ရှောင်စုန့် မနက်ဖြန် ကျောင်းသွားတဲ့အခါ ကျွန်တော် လိုက်သွားလိုက်ပါ့မယ် … သူက လင်းဖေးနဲ့ တခြားအတန်းဖော်တွေကို အနိုင်ကျင့်ခဲ့တာကြောင့် အပြစ်ပေးခံရသင့်ကြောင်း ကျောင်းအုပ်နဲ့တွေ့ပြီး ပြောလိုက်ပါ့မယ် ….”


ကျိယွီရှောင် ကျေနပ်သွား၏။ “ဒီလိုမှပေါ့ … ”’


“ဟုတ်ကဲ့ … ” ကျန်းချင်း ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ 


သူ့စကားများကြောင့် ဟယ့်နီက မယုံနိုင်သလို ငေးကြည့်လိုက်မိ၏။ 


ကျန်းချင်း ဖုန်းချပြီးသည့်နောက် ကျန်းရှောင်စုန့်အား ပြောလိုက်သည်။ 


ကျန်းရှောင်စုန့် ခေါင်းယမ်းလိုက်သည်။ “သား မလုပ်ချင်ဘူး ...”


“မလုပ်ချင်ရင် ငါကိုယ်တိုင် မင်းကိုလိုက်ပို့ပြီး အပြစ်ပေးခံရအောင် လုပ်မယ် … ”

ကျန်းရှောင်စုန့် ထပ်မံ၍ ငိုချင်လာ၏။ 


သူက လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ဖခင်၏ တားမြစ်ခြင်းခံလိုက်ရသည်။ “ငြိမ်ငြိမ်နေစမ်း ...”


“ရှောင်စုန့် မနက်ဖြန် အပြစ်ပေးခံရမှာပဲလေ … သူဒီမှာ ရှိနေဖို့ လိုသေးလို့လား … ”


ကျန်းချင်း သက်ပြင်းချလိုက်၏။ ပိတ်ထားသော တံခါးကို ကြည့်ကာ သူက ပြောလိုက်သည်။ 


“ဒီတိုင်းနေစမ်းပါ … ”


“မင်းတို့ ဒီမှာစောင့်မနေရင် သူက တံခါးဖွင့်ပေးမှာ မဟုတ်ဘူး … အဲဒါဆို ဘယ်လိုတောင်းပန်မလဲ … ”


သူတို့က ဆက်လက်၍ မတ်တပ်ရပ်နေကြ၏။ 


နွေဦး၏ လေပြေက သစ်ရွက်ခြောက်များပေါ်မှ ရှပ်ပြေးလာ၏။ ထိုလေပြေက လတ်တလော ငိုထားသည့် ကျန်းရှောင်စုန့်၏ မျက်နှာနှင့် ဟယ့်နီ၏ ရှက်ရွံ့နေသော မျက်နှာပေါ်သို့ ဖြတ်တိုက်သွားသည်။  


ကျိယွီရှောင်၏ တံခါးဝတွင်ရပ်နေရင်း အချိန်မှာ နှေးလွန်းသည်ဟု ဟယ့်နီတွေးနေမိလေသည်။


.......


အလုပ်ပြီးသွားပြီးနောက် ကျိယွီရှောင် နာရီကို ကြည့်လိုက်သောအခါ အပြစ်ပေးချိန် ပြည့်လုနီးပြီဖြစ်သည်။


သူ ကျန်းချင်းကို ဖုန်းခေါ်လိုက်၏။


တစ်ဖက်မှ ကျန်းချင်းက ဖုန်းကို လျင်မြန်စွာ ကိုင်လိုက်ပြီး လေးစားစွာ ပြန်ဖြေလိုက်သည်။


"ဥက္ကဋ္ဌ ကျိ..."


"ခင်ဗျားရဲ့မိန်းမကို ဖုန်းပေးလိုက်..."


ကျန်းချင်းက ဟယ့်နီကို ဖုန်းပေးလိုက်သည်။


ဟယ့်နီက မတ်မတ်ပင် မရပ်နိုင်တော့ချေ။ သူက ဖုန်းကို တုန်ရီစွာ လှမ်းယူလိုက်ပြီး ဖုန်းထဲမှ နွေးထွေးအေးချမ်းသော အမျိုးသားတစ်ယောက်၏အသံကို ကြားလိုက်ရသည်။


သို့သော် ထိုအမျိုးသား၏စကားလုံးများက နူးညံ့မနေပေ။


"မနေ့က ခင်ဗျား ဘာပြောခဲ့လဲ…သုံးသပ်စာ ရေးမယ်ဆို…"


ဟယ့်နီ လျင်မြန်စွာ ပြောလိုက်သည်။


"ကျွန်မ တောင်းပန်ပါတယ်…ကျွန်မ မှားသွားပါတယ်…သူက ဥက္ကဋ္ဌကျိရဲ့ကလေးမှန်း မသိခဲ့လို့ပါ…"


"မဟုတ်ဘူး…မဟုတ်ဘူး…"


ကျိယွီရှောင်က စကားဖြတ်ပြောလိုက်သည်။


"ခင်ဗျား မမှားဘူး…အမှားတစ်ခုခုလုပ်မိရင် သုံးသပ်စာရေးသင့်တယ်…အဲ့ဒါကို ခင်ဗျားနားလည်လား…"


ဟယ့်နီက ယင်းကို နားမလည်ခဲ့ပေ။


ဟယ့်နီက တစ်ခဏခန့် တိတ်ဆိတ်သွားပြီး မျက်နှာပျက်သွားကာ ပြောလိုက်သည်။


"ကျွန်မ အခုရေးလိုက်ပါမယ်…"


"ခင်ဗျားပဲ ရေးမှာလား…"


ဟယ့်နီ၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာလေသည်။


"ရှောင်စုန့်ကိုလည်း ရေးခိုင်းလိုက်ပါမယ်…"


ကျိယွီရှောင်က ဟယ့်နီ၏ဆို့နင့်နေသည့်အသံကို ပျက်ရယ်ပြုလိုက်သည်။


"ခင်ဗျား ဘာလို့ ငိုနေတာလဲ….ခင်ဗျားက ရှောင်စုန့်ရဲ့မိဘဖြစ်လို့ သူ့အတွက် စိတ်ဆင်းရဲနေတာလား…ခင်ဗျားက လင်းဖေးရဲ့မိဘတွေက ကျောက်တုံးနဲ့လုပ်ထားလို့ မနာကျင်ဘူးလို့ ထင်နေတာလား…အဆင်မပြေရင် ဘာလို့ စာလုံးရေ၁၅၀၀မရေးတာလဲ…ခင်ဗျားရဲ့ နာကျင်မှုတွေကို ပြောပြလေ…"


ဟယ့်နီ ဘာမှပြန်မပြောခဲ့ပေ။ သူ ဘာ‌မှ ပြန်မပြောနိုင်သောကြောင့်ဖြစ်၏။


သူက လင်းဖေးရဲ့မိဘတွေ စိတ်ဆင်းရဲသွားမှာ၊ နာကျင်သွားမှာကို မသိခဲ့လို့ မဟုတ်ဘူး…သူသိခဲ့ပေမဲ့ ဂရုမစိုက်ခဲ့တာ…သူက လင်းဖေးရော၊ လင်းဖေးမိဘတွေ ခံစားရမှာကိုရော ဂရုမစိုက်ခဲ့ဘူး…သူက တခြားလူတွေကို ဘယ်တော့မှ ဂရုစိုက်ခဲ့တာမဟုတ်ဘူး…တခြားလူတွေက သူ့ကို ဂရုစိုက်မယ်လို့လည်း မထင်ထားခဲ့ဘူး…


ကျန်ချင်း၏ကားထဲတွင် စာရွက်နှင့်ဘောပင် မရှိသည့်အတွက် ကျိယွီရှောင်က အန်တီကျန်းကို ကြင်နာစွာ ခေါ်လိုက်ပြီး စာရွက်နှင့်ဘောပင်အချို့ကို ကျန်းချင်းတို့ထံ ပို့ခိုင်းလိုက်သည်။ 


ထို့နောက် သူ လင်းဖေးအခန်းထဲ သွားလိုက်၏။


လင်းဖေးက စာအုပ်ဖတ်နေဆဲဖြစ်ပြီး တံခါးအပြင်တွင် ဘာဖြစ်နေလဲ မသိခဲ့ပေ။ ထို့ကြောင့် ကျိယွီရှောင်က အခန်းထဲ ၀င်လာသောအခါ သံသယရှိစွာ မော့ကြည့်လိုက်၏။


ကျိယွီရှောင်က ပြုံးလိုက်ပြီး ဝှီးချဲလ်ကို လင်းဖေးဆီ တွန်းလိုက်ကာ လက်မြှောက်လိုက်၍ လင်းဖေး၏ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။


"ကျန်းရှောင်စုန့်နဲ့သူ့အမေ ဒီရောက်နေတယ်…သူတို့က သားကို တောင်းပန်ဖို့ လာကြတာ…အခု တံခါးအပြင်မှာ ရှိနေတယ်…"


"ဟုတ်…"


လင်းဖေး တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။


"အဲ့တော့ ရှုရှု သူတို့ကို တက်လာခိုင်းရမှာလား…ရှုရှုနဲ့အတူ အောက်ဆင်းမှာလား…"


လင်းဖေး ရှုပ်ထွေးသွားသည်။


"ဘာလို့လဲ…"


"အဲ့လိုမလုပ်ရင် သူတို့ သားကို ဘယ်လိုလုပ် တောင်းပန်လို့ရမှာလဲ…"


"သူတို့က လာတောင်းပန်နေလို့ ကျွန်တော်က သူတို့ကို သွားတွေ့ပြီး တောင်းပန်စကားကို နားထောင်ရမှာလား…ကျွန်တော် သူတို့ကို သွားမတွေ့လို့ မရဘူးလား…"


သူက ကျန်းရှောင်စုန့်နှင့်သူ့အမေ အဘယ့်ကြောင့် သူ့ကို ရုတ်တရက် လာတောင်းပန်နေမှန်း မသိခဲ့သော်လည်း သူ သူတို့၏တောင်းပန်စကားကို နားထောင်ရန် မလိုအပ်ပေ။ သူတို့ကိုလည်း သွားမတွေ့ချင်ပေ။ ၎င်းတို့က အချိန်ဖြုန်းရာရောက်ပြီး သူ စာအုပ်သာ ဖတ်နေချင်လေသည်။


ကျိယွီရှောင် အံ့ဩသွားသည်။


"သူတို့ တောင်းပန်တာကို မလိုချင်ဘူးလား…"


"အဲ့ဒါက ဘာမှမှ မဟုတ်တာ…ကျွန်တော် မလိုချင်ပါဘူး…"


သူက လမ်း‌ဘေးရှိ ကျောက်တုံးများ၊ လမ်းသွားလမ်းလာများကို ဂရုမစိုက်သကဲ့သို့ ကျန်းရှောင်စုန့်ကို ဂရုမစိုက်ချေ။ ကျန်းရှောင်စုန့်နှင့်သူ့အမေအတွက် ခံစားချက်မရှိသောကြောင့် သူ သူတို့ကို ဂရုမစိုက်‌ပေ။


"ကျွန်တော် သူတို့ကို မတွေ့လို့ရမလား…"


လင်းဖေးက တည်ငြိမ်သောမျက်နှာဖြင့် မေးလိုက်သည်။


ထိုစကားကို ကြားသောအခါ ကျိယွီရှောင်က သူ့ရှေ့မှ ကလေးကို ဂရုတစိုက် စစ်ဆေးလိုက်သည်။


ပထမဆုံးအကြိမ် သူ လင်းဖေးကို ကောင်းကောင်းနားမလည်ခဲ့ကြောင်း သဘောပေါက်သွားသည်။


"သား စိတ်မတိုဘူးလား…သူက သားကို ဆဲဆိုပြီး သားအမေဖုန်းကိုလည်း ကြမ်းပြင်ပေါ် ပစ်ပေါက်ခဲ့တာလေ…"


"ကျွန်တော် သူ့ကို ရိုက်ခဲ့တယ်…သူ့မျက်နှာကို အရှိန်ပြင်းပြင်း ရိုက်လိုက်လို့ သူ တော်တော်ငိုသွားတယ်…ကျွန်တော် လက်စားချေပြီးပြီ…"


"အဲ့ဒါကြောင့် သူတို့ သားကို တောင်းပန်စရာ မလိုဘူးလို့ ပြောချင်တာလား…"


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။ ဤကား သူ ပထမဆုံးအကြိမ် ရန်ဖြစ်ခြင်း မဟုတ်ပေ။ သူ့ကို တခြားလူများက ရန်လာစတိုင်း သူ ပြန်တိုက်‌လေ့ရှိသည်။ သူ ငယ်စဉ်ကတည်းက သူ့တွင် အဖေနှင့်အစ်ကို မရှိခဲ့‌သောကြောင့် ကိုယ့်ကိုကိုယ် အားကိုးခဲ့ရသည်။


တောင်းပန်တာက ဘာလဲ…


သူက သူတို့စကားကို နားထောင်ပြီး အချိန်မဖြုန်းချင်ပေ။ လိုလည်း မလိုအပ်ပေ။ သူ့အား ရန်လာစသူတိုင်းကို မျက်ရည်ကျအောင် ရိုက်ခဲ့ခြင်းဖြစ်သည့်အတွက် သူ့ကို ဘယ်သောအခါမှ ထပ်လာစရဲမည်မဟုတ်ပေ။


"ကျွန်တော် စာအုပ်ဖတ်ချင်တယ်…ကျွန်တော် သူတို့နဲ့အချိန်မဖြုန်းချင်ဘူး…"


"ကောင်းပြီ…"


ကျိယွီရှောင် ရယ်မောလိုက်သည်။


ထိုအခိုက်အတန့်တွင် လင်းလော့ချင်းပြောသည့် 'တချို့လူတွေက မွေးကတည်းက သန်မာလာကြတာလေ…မင်းနဲ့လင်းဖေးလို့ပဲ'ဟူသောစကား၏အဓိပ္ပာယ်ကို နားလည်သွားလေသည်။ သူက လင်းဖေးကို ကလေးတစ်ယောက်ဟုသာ တွေးခဲ့သည်။ လင်းဖေးက ဉာဏ်ကောင်းပြီး အရွယ်နှင့်မလိုက်အောင် ထက်မြက်တည်ငြိမ်သော်လည်း မွေးရာပါသတ္တိရှိသန်မာသူ မဟုတ်ဟု ထင်ခဲ့သည်။


သို့သော် ယခု သူ နားလည်သွားလေသည်။ လင်းဖေးက ကလေးဟုတ်မဟုတ်နှင့် မသက်ဆိုင်ပေ။ သူ့အသက် မည်မျှပင် ရှိစေကာမူ သူ့နှလုံးသားက လူအများစုထက် သန်မာနေပြီဖြစ်သည်။


လင်းဖေးတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိ၏။ သူက ကမ္ဘာကြီး၏အနှောင့်အယှက်များကိုဘေးမှ ဖုန်မှုန့်များသဖွယ် ဂရုမစိုက်ခဲ့ပေ။ လင်းဖေး၏ကမ္ဘာက ဖြူစင်ပြီး ရှင်းလင်းလေသည်။


ကျိယွီရှောင်က လင်းဖေး၏ကမ္ဘာကို မနှောင့်ယှက်တော့ပေ။ 


"ဒါဆို ရှုရှု အခု သူတို့ကို ထွက်သွားခိုင်းလိုက်မယ်…"


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။ သူက ကျိယွီရှောင်ကို ကျေးဇူးတင်ချင်သော်လည်း ကျိယွီရှောင်၏ စကားကို သတိရသွားပြီး ပြုံးရုံပြုံးပြလိုက်လေသည်။


ကျိယွီရှောင်က လင်းဖေး၏အပြုံးကို မြင်သောအခါ ကူရာမဲ့စွာ ပြုံးလိုက်ပြီး လင်းဖေး၏ခေါင်းကို ထပ်မံပွတ်သပ်လိုက်သည်။


ထို့နောက် သူ ဝှီးချဲလ်ကို တွန်းကာ လင်းဖေး၏အခန်းထဲမှ ထွက်သွားလိုက်ပြီး အောက်ဆင်းသွားလိုက်သည်။ သူက ဆိုဖာပေါ်တွင် ထိုင်ကာ သူ့ထံ ပို့လာသော စာများကို ကိုင်တွယ်နေပြီး ကျန်းရှောင်စုန့်နှင့်ဟယ့်နီ၏သုံးသပ်စာများကို စောင့်နေလေသည်။


မိနစ်၄၀လောက်အကြာတွင် ဟယ့်နီက သူ့ကိုဖုန်းဆက်လာပြီး သုံးသပ်စာရေးပြီးကြောင်း ပြောလာလေသည်။


ကျိယွီရှောင်က စာများကိုသာ ဆက်လက်ကိုင်တွယ်နေပြီး အန်တီကျန်းအား သူ အလုပ် မပြီးမီအချိန်ထိ တံခါးမဖွင့်ခိုင်းခဲ့ပေ။


ကျိလဲ့ယွီ ကားပေါ်မှ ဆင်းလိုက်ပြီး အိမ်ထဲ၀င်လိုက်သောအခါ အိမ်ထဲတွင် ထူးဆန်းသည့်လူများကို တွေ့လိုက်ရလေသည်။


'သူတို့က ဘယ်သူတွေလဲ…'ကျိလဲ့ယွီ အံ့ဩသွားသည်။


ဟယ့်နီနှင့်ကျန်းရှောင်စုန့်က ကျိယွီရှောင်ရှေ့တွင် ရပ်နေကြလေသည်။ တံခါးဖွင့်သံကြားသောအခါ ဟယ့်နီက လှည့်မကြည့်ရဲသော်လည်း ကျန်းရှောင်စုန့်က ကလေးဖြစ်သည့်အတွက် ကိုယ့်စိတ်ကိုမထိန်းနိုင်စွာ အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထိုအခါ တံခါးပေါက်ရှိ ခုံတန်းလေးပေါ် ထိုင်ကာ ဖိနပ်လဲနေသော ကျိလဲ့ယွီကို တွေ့လိုက်ရသည်။


ကျိလဲ့ယွီက လှပပြီး သူ့ပယင်းရောင်မျက်လုံးများဖြင့် ကျန်းရှောင်စုန့်ကို စိုက်ကြည့်နေလေသည်။ 


ကျန်းရှောင်စုန့်က တစ်ဖက်လူကို မြင်သောအခါ အံ့ဩသွားသည်။


လင်းဖေးရဲ့မိသားစုမှာ ချစ်စရာကောင်းတဲ့ညီလေးရှိတာလား…


ဟယ့်နီက သူ့သားအကြည့်ကို သတိထားမိသွားပြီး လျင်မြန်စွာ ခေါင်းပြန်လှည့်ခိုင်းလိုက်သည်။ 


ထို့နောက် မျက်နှာထက်တွင် ရှက်ရွံ့နေသော အပြုံးတစ်ပွင့် ပေါ်လာ၏။


"ဥက္ကဋ္ဌကျိ ဘာလို့ လင်းဖေးကို မတွေ့ရသေးတာလဲ…"


ကျိလဲ့ယွီ ယင်းကို ကြားသောအခါ မတ်တပ်ထရပ်လိုက်လေသည်။


သူတို့က လင်းဖေးကို တွေ့ဖို့ လာတာလား…


ဘာလို့လဲ…


လင်းဖေးက သူတို့နဲ့ ဘာဆိုင်လို့လဲ…


သူ ‌ကျန်းရှောင်စုန့်ကို ထပ်မံကြည့်လိုက်ပြီး ကျောပိုးအိတ်လွယ်ကာ ဆိုဖာဆီ လျှောက်သွားလိုက်သည်။


“ဒယ်ဒီ…” 


သူ ကျိယွီရှောင်ကို ပျော်ရွှင်စွာ လှမ်းခေါ်လိုက်ပြီး သူ့ကျောပိုးအိတ်ကို ကျိယွီရှောင်ထိုင်နေသည့် ဆိုဖာပေါ်တွင် တင်လိုက်သည်။


ကျိယွီရှောင်က သူ အခြားလူများအား သင်ခန်းစာပေးနေသည်ကို ကျိလဲ့ယွီအား မမြင်စေချင်သည့်အတွက် နူးညံ့စွာ ပြောလိုက်သည်။


"ပြန်လာပြီလား…သားအစ်ကိုက အပေါ်မှာ…သူ့ဆီ သွားလေ…"


"သား အသီးစားချင်လို့…အသီးတွေကို အရင် သွားရေဆေးလိုက်ဦးမယ်…"


ထို့နောက် ကျိလဲ့ယွီက ပြုံးကာ မီးဖိုချောင်ထဲသို့ ပြေးသွားလိုက်သည်။


ကျိယွီရှောင် မူလက ကျိလဲ့ယွီကို အာရုံပြောင်းစေချင်သော်လည်း ကျိလဲ့ယွီက ထွက်သွားသောအခါ ဘာမှမပြောတော့ပေ။


ကျိလဲ့ယွီ မီးဖိုချောင်ထဲ ၀င်သွားသည်ကို ကြည့်လိုက်ပြီး မကြားနိုင်ကြောင်း သေချာသွားသည့်အခါကျိယွီရှောင်က သူ့အာရုံကို ဟယ့်နီနှင့်ကျန်းရှောင်စုန့်ထံသို့ ပြန်ပြောင်းလိုက်သည်။


ဟယ့်နီက ကျိယွီရှောင် သူ့ကို ကြည့်နေသောအခါ စိတ်မသက်မသာဖြစ်သွားပြီး ခေါင်းငုံ့လိုက်သည်။


သူက ဥက္ကဋ္ဌကျိကို သူ့ခင်ပွန်းနှင့် အသက်တူတူလောက်ဖြစ်မည်ဟု ထင်ထားသော်လည်း ဥက္ကဋ္ဌကျိက ဤမျှ ငယ်ရွယ်ချောမောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ဆိုဖာနောက်ကို ကျက်သရေရှိစွာ မှီနေလေသည်။ ဥက္ကဋ္ဌကျိက သူ့ထက်ပင် ငယ်ရွယ်ပုံရ၏။


သို့သော် သူက တစ်ဖက်လူရှေ့တွင် ကူရာမဲ့စွာ ဦးညွှတ်ကာ ရပ်နေရလေသည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှ ရှက်ရွံ့မှုက ပိုမိုတိုးလာခဲ့သည်။


"ဘယ်မှာလဲ…"


ကျိယွီရှောင် လက်လှမ်းလိုက်သည်။


ဟယ့်နီက လက်ထဲတွင် ကိုင်ထားသော သုံးသပ်စာများကို အမြန်လှမ်းပေးလိုက်သည်။


သူတို့နှစ်ယောက်ကြားတွင် စားပွဲခုံတစ်လုံးရှိပြီး ကျိယွီရှောင်က ရှေ့မတိုးလာသည့်အခါ သူကသာ ရှေ့တိုးရန် ပေးလိုက်ရလေသည်။


တစ်ဖက်လူ၏အမူအရာက အစအဆုံး ပြောင်းလဲမသွားခဲ့ပေ။


အရှက်တရားကြောင်း ဟယ့်နီက ခေါင်းကို ထပ်မံငုံ့လိုက်ပြီး သူ့သိက္ခာများ မရှိတော့ဟု ခံစား‌နေရလေသည်။


“မင်းဟာပေး...”


ကျိယွီရှောင်က ကျန်းရှောင်စုန့်ကို ပြောလိုက်သည်။


ကျန်းရှောင်စုန့်က အမြန်လှမ်းပေးလိုက်သော်လည်း လက်မောင်းတိုလေးများက ကျိယွီရှောင်ထံ မရောက်နိုင်ပေ။ သူက တစ်ဖက်ခြမ်းသို့ လျှောက်သွားချင်သော်လည်း ကျိယွီရှောင်က သူ့ကို တားလိုက်လေသည်။


"အဲ့မှာ ရပ်နေ…"


ထိုအခါ ဟယ့်နီက သူ့သားလက်ထဲမှ သုံးသပ်စာကို ယူလိုက်ကာ မျက်နှာပျက်စွာ လွှဲပေးလိုက်သည်။


ကျိလဲ့ယွီက ရေခဲသေတ္တာထဲမှ ချယ်ရီခရမ်းချဉ်သီးများကို ထုတ်လိုက်ပြီး ဆေးကြောရန် ပြင်စဉ် မီးဖိုချောင်ထဲတွင် ဟင်းချက်နေသည့်အန်တီကျန်းက လှမ်းယူလိုက်လေသည်။


"အန်တီလုပ်လိုက်မယ်…သားက ရပ်စောင့်နေလိုက်…"


ကျိလဲ့ယွီက အပြစ်ကင်းစင်စွာ မေးလိုက်၏။


"အန်တီ အပြင်က သုံးယောက်က ဘယ်သူတွေလဲသိလား…"


"မသိဘူး…ဒါပေမဲ့ သူတို့တွေက လင်းဖေးကို တောင်းပန်ဖို့ လာကြပုံပဲ…"


"ကို

ကို့ကို တောင်းပန်ဖို့လား…ဘာလို့ ကိုကို့ကို လာတောင်းပန်ကြတာလဲ…သူတို့က ကိုကို့ကိုအနိုင်ကျင့်ခဲ့တာလား…"


အန်တီကျန်းက ခေါင်းခါလိုက်ပြီး ချယ်ရီခရမ်းချဉ်သီးများကို ရေဆေးလိုက်သည်။ 


"အန်တီသေချာ မသိပေမဲ့ သူတို့မှားတာ သေချာတယ်…မဟုတ်ရင် သားဒယ်ဒီက သူတို့ကို အပြင်မှာ ရပ်ခိုင်းပြီး အပြစ်ပေးမှာ မဟုတ်ဘူး…"